ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Tuesday, November 9, 2010

ကြမ်းတမ်းခြင်းမှ..ကြင်နာခြင်း..အပိုင်း(၄)

တစ်ရွာဝင် တစ်ရွာထွက် တစ်တောဝင် တစ်တောင်တက်ဖြင့် ခရီးနှင်လာလိုက်တာ မောရပန်းရမှန်းပင် မသိလိုက်တော့
“မေးပါများစကားရ သွားပါများခရီးရောက် မအိပ်မနေ အသက်ရှည်“ဟူသော မောင်ပေါက်ကျိုင်းရာဇ၀င်ထဲက စကားသုံးခွန်းအတိုင်း..မသွားဘူးသောခရီး မရောက်ဘူးသောနယ်မြေကိုသွားရသည်မို့ တက္ကသီလာ သွားလမ်းခရီးကို မေးလဲမေးရ၏ ခရီးပေါက်ဘို့အတွက် နေအေးရင် အေးသလို ခပ်သွက်သွက်လဲ လျှောက်ရ၏ အခြေနေဘယ်လိုမသိသေးသည့် အစိမ်းသက်သက်နယ်မြေဆိုတော့ အအိပ်အနေလဲလျှော့ရ၏ စိတ်လွတ်ကိုယ်လွတ် နှစ်နှစ်ခြိုက်ခြိုက်လဲမအိပ်ရဲ အမြဲသတိထားနေရသည်..လမ်းခရီးတစ်လျှောက် ပုံစံမျိုးစုံ စရိုက်မျိုးစုံ အရွယ်မျိုးစုံ ရည်ရွယ်ချက်မျိုးစုံဖြင့် ခရီးနှင်နေကြသော ခရီးသွားဖေါ်မျိုးစုံကိုလဲ မြင်နေရ တွေ့နေရပါ၏။ တကယ်တော့ သံသရာခရီး၏ တစ်ဆစ်ချိုးဖြစ်သော ဘ၀ခရီးကိုသွားနေကြသူများဖြစ်ပေသည်(သို့သော် သူတို့အားလုံး မိမိကိုယ်ကို ခရီးသွားဟုသာ သိကြသည် သံသရာခရီးသွားနေကြသည်ကိုတော့ မသိကြရှာပေ)။ “လမ်းဆုံးလျှင် ရွာတွေ့“တဲ့ အခု လမ်းဆုံးကိုရောက်ပြီမို့ ခပ်ဝေးဝေးမှ တက္ကသီလာကို ခပ်ရေးရေးတွေ့နေရ မြင်နေရပေပြီ ပညာတော်သင် ရောက်လာကြသော မင်းညီမင်းသား သူဌေးသားနှင့် အလွှာမျိုးစုံက အရွယ်စုံ အသွင်မျိုးစုံတို့ကိုလည်း မြင်တွေ့ရတော့၏ ဘာသာစကားမျိုးစုံကိုလည်း ကြားနေရတော့၏။ ဤသည်မှာ “အဟိံသက“အတွက် အမြင်သစ် အကြားသစ် အတွေ့အကြုံသစ်တို့ကို စတင်တွေ့ရှိရခြင်းဖြစ်ပေသည်၊ ဒိသာပါမောက္ခဆရာကြီးထံ စာရင်းပေး တက္ကသိုလ်ကျောင်းသားအဖြစ် လက်ခံပြီးရင်တော့ မိမိအလိုလားဆုံးဖြစ်သော “ပညာရပ်အသစ်“တို့ကို လေ့လာသင်ယူခွင့်ရပေတော့မည်။ ဤမြေ ဤရေ ဤလူမျိုးတို့၏ ဓလေ့ထုံးစံ ယဉ်ကျေးမှု အစဉ်အလာ စသည်တို့ကိုလည်း လေ့လာဆည်းပူးခွင့် ရပေတော့မည်။ မိမိတတ်မြောက်သော ပညာရပ်ဖြင့် လူမျိုးအကျိုး နိုင်ငံအကျိုး တိုင်းပြည်အကျိုးကို သည်ပိုးဆောင်ရွက်ခွင့်ရပေတော့မည်.ဟု အတွေးပင် စောနေမိပြန်၏။ ဤသည်မှာလည်း တိုင်းပြည်နှင့် လူမျိုးအတွက် ထားရှိသော သူ၏စေတနာ“လွန်ကဲ“နေသောကြောင့်ပင်ဖြစ်၏။
 တက္ကသိုလ်ပညာရပ် သင်ကြားရာ၌“စနစ်“နှစ်မျိုးရှိ၏။ ပညာသင်ကြေး အသပြာတစ်ထောင်ပေး၍ သင်ကြားသည့်“ဆရာစားစနစ်“နှင့် ဆရာ့ဝေယျာဝစ္စ မိသားစုဝေယျားဝစ္စ အိမ်မှုကိစ္စအ၀၀ကို လုပ်ကိုင်ပေး၍ သင်ကြားသည့်“ဆရာ့အနီးနေ“စနစ်တို့ပင်ဖြစ်၏။ ယင်းနှစ်ခုတွင် အခပေး၍ သင်ယူသော တပည့်သည် ပညာသင်ချိန်ကလွဲပြီး ကျန်အချိန်များသည် ကိုယ်ပိုင်အချိန်များဖြစ်၏။ ထို့ကြောင့် အချိန်ကို စိတ်တိုင်းကျ“သုံး“နိုင်၏။ စိတ်တိုင်းကျ“ဖြုန်း“နိုင်ပြန်၏။ သုံးခြင်းသည် ပညာရေးအတွက်ဖြစ်၍ ဖြုန်းခြင်းသည် အပျော်အပါးအတွက်ဖြစ်၏။ ဆရာ့ဝေယျာဝစ္စ မိသားစုဝေယျာဝစ္စတို့ကို ဘာတစ်ခုမျှ လုပ်ပေးစရာမလိုပေ၊ ဒုတိယနည်းစနစ်သည် ဆရာ့ဝေယျာဝစ္စ မိသားစု ဝေယျာဝစ္စ အ၀၀တို့ကို လုပ်ကိုင်ပေးရသည်ဖြစ်၍ မိမိအတွက် အားလပ်ချိန်မရပေမည့် ဆရာနှင့်ပို၍ ရင်းနှီးခွင့်ရ၏။ အကျွမ်းဝင်ခွင့်ရ၏။ ဆရာ့မိသားစုနှင့်လည်း ရင်းနှီးခွင့်ရ၏။ ယင်းတပည့်မျိုးကို ရှေးခေတ်က “ဓမ္မန္တေ ၀ါသီ“ဟုခေါ်လေ့ရှိ၏။ “အတွင်းနေတပည့်“ဟုခေါ်၏။ (ပညာသင်ခ တစ်ထောင်ဆို၍ ခုခေတ်အနေ မြန်မာငွေဖြင့် ရယ်စရာဖြစ်ပေလိမ့်မည်၊ သိုသော် သူ့ခေတ် သူ့ခါ ငွေတစ်ထောင်သည် တန်ဘိုးကြီးလှ၏၊ ရှေးခေတ် တစ်ထောင်မဆိုထားဘိ ခုခေတ်ဒေါ်လာတစ်ထောင်နှင့် မြန်မာငွေတစ်ထောင်ပင် နှိုင်းယှဉ်ကြည့်စေချင်ပါ၏) ယင်းတပည့်နှစ်မျိုးတွင်“အဟိံသက“သည် ဒုတိယတပည့်အဖြစ်ဖြင့် ပညာသင်ယူ၏။ သင်ယူသောအခါ၌လည်း“ များများသင် မြန်မြန်သင် မမေ့အောင်မှတ်“ဟူသော သမားတော် သမားအကျော် ဆရာကြီးဇီဝက၏“မသုံးလုံး“ သင်နည်းစနစ်ကို ကျင့်သုံး၏။ “အဟိံသက“သည်ကြွယ်ဝ ချမ်းသာသော မင်းတိုင်ပင် အမတ်ကြိး၏ သားဖြစ်၍ ပစ္စည်းဥစ္စာအားဖြင့် ကြွယ်ဝချမ်းသာမည်မှာ “မြေကြီးလက်ခပ်“မလွဲပေ၊ သို့သော် ဆရာ့မိသားစုနှင့် ရင်းနှီးခွင့်ရရန် “ပညာစုံ ပညာကုန်“ရရန်အတွက် ဒုတိယနည်းစနစ်ကို ရွေးချယ်ခြင်း ဖြစ်တန်ရာ၏။ ဤသည်မှာလဲ “လာဘ်“ကြိုမြင်သော ပညာတတ် သူ့မိဘတို့၏ အစီအမံပင်ဖြစ်နိုင်ရာ၏။ “အဟိံသက“သည် “ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီးလုပ်ကျွေး သင်တွေးအံရွတ် “ဟူသော တပည့်ဝတ္တရား ငါးပါးနှင့်လည်း ပြည့်စုံ၏။ ဆရာနှင့်ဆရာကတော်တို့၏ အရိပ်အကဲကိုလည်း သိတတ်၏။ လုပ်စရာရှိတာကိုလည်း အခိုင်းစောင့်မနေ အလိုက်သိစွာလုပ်၏။ လုပ်စရာများပြီးဆုံးရင်လဲ “ဘာများလုပ်စရာရှိပါသေးလဲ“ဟုမေးတတ်၏ ။ နှုတ်ချို၏။ အပြောကောင်း၏။ သူ့အပြော သူ့စကားသည် နားဝင်ချိုပြီး ချစ်စရာကောင်း၏။ “နှုတ်ချို လျှိုတစ်ပါး“အဆိုကို သူကျင့်သုံး၏။ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ဖေါ်ဖေါ်ရွေရွေနေတတ်၏။ သူသည်“ရိုးရိုးကျင့်၍ မြင့်မြင့်ကြံသူ“ဖြစ်၏။ “အနေရိုး၍ အသိဆန်းသူ“တစ်ယောက်လည်းဖြစ်၏။ ဤသို့ဖြင့် “အဟိံသက“သည် ဆရာ ဆရာကတော်နှင့် တစ်မိသားစုလုံး၏ အရေးပေးခြင်းကို ခံရတော့၏။ တပည့်ထဲတွင် “TOP TEN“၀င် “တော်ဝင်“တပည့် တစ်ယောက်အဖြစ် ထင်ရှားလာလေတော့သည်။ 
ဤသည်ကို “ချမ်းသာမြင်ပျင်း ဆင်းရဲအားရ ကြွယ်ဝမနာလို ကိုယ့်ထက်သာမကြိုက်သော“ကျန်တပည့်အများစုက မကျေနပ်။ တပည့်ဝတ်တရား ကျေပွန်သည်ကိုပင် ဆရာကို“ဖေါ်လန်ဖား“သည်ဟု အမြင်စောင်း၏ှရှုတ်ချ၏။ သူရောက်လာသည့် အချိန်မှစ၍ ဆရာတို့မိသားစုသည် သူ့ကိုပင် အရေးပေးနေလွန်း၏။ ကျန်တပည့်များကိုတော့ “ဖုတ်လေသည့် ငပိ ရှိတယ်တောင် မထင်တော့“ဟု  “လွဲမှားစွာ“ ကောက်ချက်ချ၏  (ဆက်ရန်)
                                                                      ကောင်းသစ်

Sunday, November 7, 2010

ကြမ်းတမ်းခြင်းမှ ကြင်နာခြင်း အပိုင်း(၃)

        

အဟိ.ံသကသည်ဤမြေကိုချစ်၏ဤရေကိုချစ်၏
မိဘညီအစ်ကိုမောင်နှမအသိုင်းအ၀ိုင်းတွေကိုချစ်၏မိတ်ဆွေ
အပေါင်းအသင်းတွေကိုချစ်၏၊ထို့ပြင် တိုင်းပြည်ကိုလည်း အလွန်ပင် ချစ်ပါ၏၊သို့သော်အခိုက်အတန့်အားဖြင့်မခွဲချင်လည်းခွဲရပေအုံးမည်၊ မိဘညီအကိုမောင်နှမမိတ်ဆွေသူငယ်ချင်းတွေနဲ့ခွဲခွါရမှာဆိုတော့
ရင်ထဲမှာ“ဟာသလိုလို”တစ်ခုခု“ဆာသလိုလို”ပြောမပြတတ်သော
“ဝေဒနာ” တစ်မျိုး ခံစားရပြန်၏ဒါတွေ တွေးပြီး ဆွေးနေလို့ မပြီးသေး၊ဘ၀ရှေ့ရေး ရှိသေးသည်မဟုတ်ပါလား၊“ပညာရဲရင့် ပွဲလယ်တင့်”တဲ့၊ခေတ်အဆက်ဆက်ကို သုံးသပ်ပြီး ပညာရှင်တွေ သုံးကြတဲ့“ဆုံးမ”စကားမှန်၏၊တိုင်းပြည်တိုးတက်အောင်
ပညာရှင်တွေသာ ဦးဆောင်နိုင်ကြသည်၊ဦးဆောင်ခဲ့ကြသည် မဟုတ်ပါလား။ပညာရှင်တွေကိုပညာရှိအဆက်ဆက်က
“ပြည့်မျက်လုံး”ဟုတင်စားခေါ်ဝေါခဲ့ကြပါသည်။
ပြည့်မျက်လုံးများသည်အမြင်စူးရှဘို့လို၏ ထက်မြက်ဘို့လို၏ ကြည်လင် ပြတ်သားဘို့လို၏အမြင်မှန်ဘို့ အမှန်မြင်ဘို့လည်း လို၏၊ ရှေ့ရေးအထိကြိုတင်မျှော်“မြင်”ဘို့လည်းအထူးပင်လိုအပ်ပါ၏။
(မျက်မှန်တပ်လျှင်အရောင်ကိုပြောင်းလွဲမြင်စေ၏မျက်ဝတ် မျက်ချေးများလျှင် အမြင်မှုန်ဝါးတတ်၏ - ထို့အတူ အကြောင်းတစ်ခုခုကြောင့် ဘ၀င်မြင့်“ ဘ၀မေ့ ”ရောဂါ စွဲကပ်လာလျှင် လောကကို တစ်မျိုးမြင်တတ်၏အမြင်စောင်း၏၊ လောဘ ဒေါသ အာဃာတ အတ္တ မာန လွန်ကဲလာလျှင်လည်း လောကအပေါ် အမှန်အတိုင်းမမြင် အမြင်မှုံဝါးသွားတတ်ပြန်၏ ၊သူ့ဘက် ကိုယ့်ဘက် မျှမျှတတ မမြင်တတ်တော့၊ ထိုအခါ “သူနှင့်လောက”သဟဇာတ မဖြစ်တော့ အချိတ်အဆက် မမိတော့၊ ထိုသို့ဖြစ်လျှင် ငြိမ်းချမ်းသော ညီညွတ်သော စည်းလုံးသော လောကကို အဘယ်သို့ တည်ဆောက်နိုင်ပါတော့အံ့နည်း)
မျက်မမြင်အတွက် ကမ္ဘာလောကကြီးသည်“မှောင်”နေ၏၊ ပညာမဲ့သူအတွက် အရာအားလုံးသည် မှောင်နေမည်သာတည်း။
“အမှောင်လောက”သည် ကြောက်စရာကောင်း၏၊ ထို့ထက် 
“အမှောင်လူသား”သည်ပို၍ သာ၍ ကြောက်စရာကောင်းတော့၏။
ထို့ကြောင့် မိဘများသည် သားလေးကို အမှောင်လူသား ဖြစ်သွားမှာကြောက်၏ လောက၏လက်ညှိုးထိုး အပြောခံရမှာကို ကြောက်၏အထူးအားဖြင့်ပညာမဲ့သား(မဆင်မခြင်ပြုမှားခြင်း) 
ကြောင့် လောကကြီး ဆင်းရဲဒုက္ခ ရောက် သွားမှာကို အကြောက်ဆုံးဖြစ်၏၊ ထို့ပြင် မိဘ၀တ္တရား အနေအားဖြင့် “ မကောင်း မြစ်ထာ ကောင်းရာညွှန်လတ် အတတ်သင်စေ ပေးဝေနှီးရင်း ထိမ်းမြားခြင်းလျှင် ၀တ်ငါးအင် ဖခင်မယ်တို့တာ 
ဟူသော ကျင့်ဝတ်တရားကလည်း ရှိနေပြန်၏ သွားခါနီး အပေါင်းအသင်းမမှားဘို့ ကောင်းကောင်းနေဘို့ ဆရာ့အပေါ် ၀တ္တရားကျေဘို့ ပညာကို ကြိုးစားပြီး သင်ယူဘို့ကိုလည်း အထပ်ထပ် မှားကြားရပြန်၏ သားပညာတော်သင် သွားခြင်းသည် သားအတွက် မိဘအတွက်မိတ်ဆွေအသိုင်း အ၀ိုင်းအတွက်သာမက၊ လူမျိုးအတွက် တိုင်းပြည်အတွက် နိုင်ငံအတွက်
ဖြစ်သည်ကိုလည်း သားလေးနားလည်အောင် မိဘတို့က ပြောပြရပြန်၏။ကျန်းမာရေးကအစအစစအရာရာ
သတိဝိရီယရှိဘို့လည်း“ခရားရေလွှတ်”သလို တတွတ်တွတ် မှာရပြန်၏။အဟိံသက သည်၊ မိဘတွေကို ရှိခိုး၏ကန်တော့၏၊ ညီအကို မောင်နှမတွေကို နှုတ်ဆက်၏။သူငယ်ချင်းတွေကို နှုတ်ဆက်၏၊ ထို့နောက်တော့ မိဘတွေအသင့်ပြင် ပေးထားသော
( လမ်းစာရိက္ခာ အ၀တ်အစားအပြည့်စုံ)ကျောပိုးအိပ်ကိုလွယ်ကာ အားလုံးကို လက်ပြနှုတ်ဆက်ရင်း
 ပညာတတ်ကြီး ဖြစ်လို့ အမိမြေ အမိပြေကို ပြန်လာတဲ့အခါ အောင်သပြေပန်းနှင့် လက်ကမ်း ကြိုကြဘို့ မှာကြားရင်း တရွေ့ရွေ့သော ခြေလှမ်းတို့ဖြင့် (ထိုစဉ်က အဆင့်မြင့် ပညာရေး သင်ကြားပို့ချပေးရာ၌ နာမည်ရ)တက္ကသီလာ ဒိသာပါမောက္ခ ဆရာကြီး ရှိရာသို့ ဦးတည်၍ လျှောက်လှမ်းနေမိတော့သည် ။
ငါ၏ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းသည်......
 ငါ့အတွက် မိဘအတွက် မိတ်ဆွေအသိုင်းအ၀ိုင်းအတွက်သာမက “ ငါ့မြေ ငါ့ပြေ ငါ့တိုင်းပြည် ငါ့လူမျိုးအားလုံးအတွက် ” ဖြစ်စေရမယ်လို့ စိတ်ထဲမှာ သန္နိဋ္ဌာန်ချရင်း . ( ဆက်ရန် )
                                    ကောင်းသစ်

ကြမ်းတမ်းခြင်းမှ ကြင်နာခြင်း (၂)

                                              

စက္ကန့် မိနစ် နာရီတို့သည်သာ တလှုပ်လှုပ်ရွေ့လျှားနေသည်မဟုတ်၊ နေ လ နက္ခတ် တာရာတို့သည်လည်း တဖြည်းဖြည်းရွေ့သွားနေပေ၏၊ ဤသို့နှင့် တစ်နေ၀င် တစ်နေထွက်၊ ရက်မှသည် လ၊ လမှသည်နှစ်၊နွေ မိုး ဆောင်း ဥတု ရာသီတွေပင် အလီလီပြောင်းခဲ့ပေပြီ၊“အဟိံသက” 
သည်လည်း လူလားမြောက်၍ အားကေင်းမောင်းသန် အရွယ်သို့ပင် ရောက်ခဲ့ပေပြီ။ခွန်အားနှင့်ပတ်သက်လာလျှင်..ယှဉ်နိုင်သူ..
ယှဉ်ပြိုင်သူပင်မရှိ ဆင်ပြောင်ခုနှစ်စီးအားမာန်နှင့်ညီမျှသော ခွန့်အားကို ပိုင်ဆိုင်သူအဖြစ်ထင်ရှား၏၊ ကျော်ကြား၏လူသိများ၏၊ ခွန်အားခြင်း မည်သူမျှမစမ်းရဲ၊ သို့သော် သူသည် စိတ်ထားကောင်း၏ ဖေါ်ရွေ၏ ကူညီတတ်၏၊ဗလအားကိုးပြီး သူတစ်ပါးကိုအနိုင်ကျင့်ခြင်း လုံးဝမရှိ၊ ဤသည်မှာသူ၏(လောဘ ဒေါသ မောဟ အတ္တ မာန အရောင်ချယ်မခံရသေးသော)မွေးရာပါ စိတ်ဓါတ်ဖြစ်၏ အကျိုးတရားတိုင်းသည် အကြောင်းတရားနှင့်ကင်းရိုးထုံးစံမရှိ၊ အရာဝတ္ထုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာရှိ၏၊ ဤသည်မှာ မည်သူမျှ ငြင်းချက်မထုတ်နိုင်သော လောကနိယာမ သဘာဝ
အမှန်တရားပင်ဖြစ်၏။ မှန်၏၊ အဟိံသက- ယင်းသို့
ခွန်အားကောင်းခြင်းသည် အကြောင်းမဲ့မဟုတ်၊ နှောင်းအတိတ်က ကြောင်းအရိပ်ရှိခဲ့သောကြောင့်ဖြစ်၏၊(လောက၌ သမ္မာသမ္ဗုဒ္ဓ
ဘုရားပွင့်ချိန် ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့ ပွင့်ထွန်းရိုးထုံးစံမရှိချေ) ခေတ်အခြေအနေအားဖြင့် သာသနာပအချိန်ကာလဖြစ်၏၊ သာသနာပ ကာလ၌သာ ပစ္စေကဗုဒ္ဓါအရှင်မြတ်များ ပွင့်ထွန်းပေါ်ပေါက်ရိုးဖြစ်၏၊
တစ်ဆူမက နှစ်ဆူမက ငါးရာ တစ်ထောင် ထို့ထက်အလွန်လည်း ပွင့်ထွန်းနိုင်၏ ၊ သမ္မာသမ္ဗုဒ္ဓဘုရားရှင်တို့ကဲ့သို့“တစ်ဆူတည်းသာ” ဟူသော စံနှုန်းသတ်မှတ်ချက်မရှိပေ၊ထိုခေတ် ထိုအချိန်က
အဟိံသကသည် ၊တောင်သူလယ်သမားကြီးတစ်ဦးဖြစ်၏၊ မိုးရေတို့ဖြင့် တစ်ကိုယ်လုံးစိုရွှဲသည်ဖြစ်၍ အအေးလောကဓံ၏
နှိပ်စက်ခြင်းကို ခံနေရသော ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါးသည် သူ၏လယ်တောသို့ ကြွလာ၏။ မုတ်ဆိတ်ပျားစွဲ စိုင်ကော်လို့ ချုံပေါ်ရောက်သည့် ကိန်းတော့ ဆိုက်လေပြီး၊ ငါ့ရှေ့မှာ ရွှေတောင်ကြီး ပေါက်သလို ပစ္စေကဗုဒ္ဓါအရှင်မြတ်တစ်ပါး ကြွရောက်၍ လာချေပြီ၊ လသာတုန်း ဗိုင်းငင့်၊ မိုးရွာတုန်း ရေခံဆိုသလို ရလာသည့် အခွင့်အရေး လက်နှေးလို့ မဖြစ်ဟု နှလုံးပိုက်ကာ အအေးဒါဏ်ကာကွယ်နိုင်ရန် ပစ္စေကဗုဒ္ဓါအရှင်မြတ်အား ထင်းခြောက်များကိုစုပုံကာ“မီးဖို၍အပူဓါတ်”
ပေးလှူလေသည်၊အရှင်မြတ်သည်လည်း အအေးဒါဏ်ချက်မှ လွတ်မြောက်ရသည့်အပြင် သင်္ကန်းများလည်း“စို”ရာမှ“ခြောက်သွေ့”လာပေပြီ၊ အအေးရပ်၍အနွေးဓါတ်များရပေပြီအဟိံသက
သည်လည်းလိုနေချိန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်ရ၍
ကျေနပ်ခြင်းကြည်နူးခြင်းများနှင့်အတူကြက်သီးမွေးညှင်း
ထလောက်အောင်အထိ“ပီတိ ပါမောဇ္ဇ”များ တဖွါးဖွါးဖြစ်ပွါး၍ လာပေသည်၊ထိုအချိန်မှစ၍ ဖြစ်လေရာရာ အားကောင်းခြင်း အလွန်လျှင်မြန်ခြင်းဆိုတဲ့ အကျိုးတရားသည်လည်း သူ့နောက်သို့ အရိပ်ပမာ ကပ်၍ ကပ်၍သာ ပါလာလေတော့သည်၊ ဤသည်မှာ
အဟိံသက၏ နှောင်းအတိတ်က သူပြုခဲ့သည် (ပျက်ပြယ်သွားခြင်းမရှိသော)ကြောင်းအရိပ်ပင် ဖြစ်ပေတော့သည်၊ ရှေးခေတ် ဓလေ့ထုံးစံအရမိမိတို့၏သားတော်များကိုပညာသင်ကြားရာ၌
ထင်ရှားသော အခြားနိုင်ငံသို့သာ ပညာသင်စေလွှတ်လေ့ရှိ၏ ဤသည်မှာလည်း ရည်ရွက်ချက်ရှိ၏ မိဘအားကိုးနှင့် မိုက်တွင်းနက်နေသူများ မာနကျစေရန်နှင့်(နယ်လွန်သွားလျှင် မိဘအားကိုးနှင့်မိုက်၍မရ)အပေါင်းအသင်း မိတ်ဆွေများစေရန်၊ တစ်ခြားနိုင်ငံ၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုစသည့် ဒေသန္တရ ဗဟုသုတများ ရရှိစေရန်ဖြစ်၏၊အဟိံသက သည်လည်း
အရွယ်ရောက်လာပြီး ဖြစ်၍“ပညာရေး ခေတ်မှီရမည်”ဟူသော လက်သုံးစကား အလေးထားသော ပညာရှင် သူ့မိဘတို့ကထင်ရှားသော
တက္ကသိုလ်တစ်ခုခုသို့ ပညာသင်လွှတ်ရန် စီစဉ်ရလေတော့သည်၊
                                                                              (ဆက်ရန်
                                      ကောင်းသစ်

Saturday, November 6, 2010

ကြမ်းတမ်းခြင်းမှ ကြင်နာခြင်း

                                       

အောင်ချင်သူများအတွက် အောင်ကြောင်းနည်းလမ်းများကို စဉ်းစားရင်း 
စဉ်းစားရင်း အောင်ခြင်းရှစ်ပါး အကြောင်းကို အမှတ်ရလာမိသည်။...
 အတွေးထဲမှာ ရေးရေးပေါ်လာတာက ငယ်စဉ်က သင်ယူခဲ့ရသော အတွင်းအောင်ခြင်းရှစ်ပါး အပြင်အောင်ခြင်း ရှစ်ပါးဖြစ်ပေသည်၊ အပြင်အောင်ခြင်း ရှစ်ပါးထဲ၌ ထူးထူးဆန်းဆန်း
“ကြမ်းတမ်းခြင်းမှ ကြင်နာခြင်း“အဖြစ်သို့ ရောက်ရှိသွားသော ရဟန်းတော်တစ်ပါး အကြောင်းကိုတရေးရေး မြင်ယောင်လာမိသည်။
ယင်းရဟန်းတော် မွေးဖွားစဉ်က ထူးထူးဆန်းဆန်း အတိတ်နိမိတ်များ ထင်ထင်ရှားရှားပင် ဖြစ်ပေါ်ခဲ့ပေသည်။ ညဥ့်သည် နက်သထက် နက်လာ၏၊ အမှောင်တို့သည်လည်း မှောင်သထက်မှောင်လာ၏၊  ထိုအချိန်မှာပင်သာဝတ္ထိပြည်ပုရောဟိတ်ကြီးအိမ်၌
သားကလေးတစ်ယောက် ဖွါးမြင်လာသည်၊ မွေးဖွါးသည်နှင့်
တစ်ပြိုင်နက်မှာပင် သာဝတ္ထိတစ်မြို့လုံးရှိလက်နက်များ သူ့အလိုလို အရောင်တလက်လက် ထွက်ကုန်၏၊ ကောသလဘုရင်မင်း၏ မင်္ဂလာအိပ်ရာ၌အသင့်ဆောင်ထားသော သန်လျှက်သည်လည်း အရောင်တဖျပ်ဖျပ် ထွက်လာ၏ ဘုရင်မင်းကြီးလည်း သန်လျှက်အရောင်ကြောင့်လန့်နိုးလာ၏ ဆက်အိပ်၍ပင်မရတော့ပေ၊
ပုရောဟိတ်ကြီးသည် ဗေဒင်အရာမှာ တစ်ဘက်ကမ်းခတ်တတ်သော ပုဏ္ဏားကြိးဖြစ်သောကြောင့် သားလေးမွေးဖွါးချိန် အတိတ်ထူး နိမိတ်ထူး တွေ့ရသောအခါ ဘာအဖြစ်ထူးများ လောကကြီးဖြစ်လာမှာပါလဲလို့ တွေးတော စဉ်းစားရင်း ကောင်းကင်သို့မော့ကာ နက္ခတ်ကို
ကြည့်လိုက်သောအခါစောရ နက္ခတ်နှင့်ယှဉ် နေသည်ကိုတွေ့ရ၏၊ မနက်လင်း၍ ကောသလမင်းကြီးထံ အခစားဝင်သောအခါ -“အရှင်မင်းကြီး ညက ချမ်းချမ်းသာ စက်တော်ခေါ်လို့ ရပါရဲ့လား“လို့ မေးလျှောက်ကြည့်၏ - မင်းကြီးက 
“ဘယ်ကလာအမတ်ကြီးရယ် ညမှောင်မှောင် လရောင်မဲ့တဲ့အချိန်
မင်္ဂလာသန်လျှက် အရောင်တွေထွက်လာလို့ လန့်လိုက်ပါဘိ၊ ဘယ်လိုအကျိုးတွေများ ဖြစ်လာနိုင်ချေရှိပါလဲ၊ ဟောစမ်းပါအုံး အကြံပေးပုဏ္ဏားကြီးရယ်“လို့ဘုရင်ကြီးကပြန်လည်မေးခွန်းထုတ်လေ၏၊
စိုးရိမ်တော် မမူပါနှင့်မင်းကြီး၊ ကျွန်တော်မျိုးတို့အိမ် သားရတနာတစ်ဦး
မွေးဖွါးပါတယ်၊ သားလေးရဲ့ အာနုဘော်ကြောင့် တစ်မြို့လုံးရှိလက်နက်များအရောင်ထွက်လာတာ ဖြစ်ပါတယ်၊ မင်းကြိးကဘယ်လို အကျိုးဆက်များ ဖြစ်နိုင်ချေရှိလဲ
လို့ ဆက်မေးသောအခါ လူမိုက်“စောရကြီး”ဖြစ်နိုင်ချေရှိပါတယ်၊
တစ်ယောက်ထဲမိုက်မည့်သူလား၊အဖွဲ့လိုက်မိုက်မည့်သူလားဟုမေးရာ တစ်ကိုယ်တော်လူမိုက်ဖြစ်ကြောင်းပါလို့ သံတော်ဦးတင်ပြီး (ဘုရင်ကြီးစိတ်ကို စမ်းလိုသည့်သဘောနှင့်) အရှင်မင်းကြီး ကျွန်တော်မျိုး သားတော်လေးကို“ရှင်း”လိုက်ရမလားလို့ တစ်ဆက်တည်းမေးလျှောက်ကြည့်၏၊ တစ်ကိုယ်တော် လူမိုက်ဆို ကျွေးမွေးစောင့်ရှောက်ထားလိုက်ပါဟုအမိန့်တော်ချမှတ်လိုက်လေသည်၊ (ပုဏ္ဏားကြီးပျော်လိုက်သည့်ဖြစ်ခြင်းသားလေး အသက်ရှင်ခွင့်ရလို့ပေါ့၊ သားသမီးမချစ်သော မိခင်ဘခင် အဘယ်မှာရှိပါအံ့နည်း)
နာမည်ပေး မင်္ဂလာပြုသောအခါ သားလေးကိုအဟိံသက
ဟု လူသိရှင်ကြား အမည်ပေးလိုက်လေတော့သည်။ (ဆက်ရန် )
                                                                              ကောင်းသစ်

Friday, October 29, 2010

ပန်းတိုင်ရှိရာ

ဒူးမတုန်နဲ့ကလေး
ဒီလိုထရပ်လိုက်တာကိုက
ခြေလှမ်းတွေ စလှမ်းနိုင်ဘို့အတွက်ပါပဲ ။
 ရပ်နိုင်တော့မှ.. မင်းဘ၀ရဲ့ပထမခြေလှမ်း
မင်းစလှမ်းလို့ရမှာ။

ကြောက်စိတ်မ၀င်နဲ့ ကလေး
ပထမခြေလှမ်းမှာ
ယိုင်လဲ ဒူးပြဲရင် ပြဲမယ်
နဖူးကွဲချင်လဲ ကွဲမယ်
 လဲရင်ပြန်ရပ် 
နောက်ထပ်ခြေလှမ်းတွေ စကြမယ်။

လေးဘက်တွားရင်း ကျေနပ်
ထပြီး မရပ်ပဲ နေမည့်အစား
ရပ်စမ်း လဲစမ်း ကွဲစမ်း
 ရဲရဲကလေး လှမ်း(ပြီးရင်)
ပြေးလမ်းပေါ် တက်ကြရအောင်။
                                     မောင်စိန်ဝင်း(ပုတီးကုန်း)