ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.
Showing posts with label articel. Show all posts
Showing posts with label articel. Show all posts

Monday, January 31, 2011

အမုန်းပင်လယ်

ပင်လယ်ပြင်သည်အကျယ်အားဖြင့်လည်းကောင်းအနက်အားဖြင့်
လည်းကောင်းတိုင်းတာ၍မရကောင်းချေ၊ ထို့ကြောင့်
ပင်လယ်ခရီးသွားရခြင်းကို ကမ်းမမြင် လမ်းမမြင်ဟု ပြောကြ၏။
ပင်လယ်သည် အဲဒီလောက်ထိ ကျယ်ပြန့်၍ အဲဒီလောက်ထိ နက်ရှိုင်း၏၊ အဲဒီလောက်ဟုဆိုခြင်းသည် အတိုင်းအတာကို ပြသည်မဟုတ်၊ တိုင်းတာ၍မရနိုင်သည်ကိုဆိုခြင်းဖြစ်ပါ၏။သူ၏အမုန်းတရားသည်လည်း

ပင်လယ်ပြင်ကဲ့သို့တိုင်းတာ၍မရနိုင်လောက်အောင်နက်ရှိုင်းကျယ်ပြန့်
လှပါ၏။သေရိဝရွဲကုန်သည်နှင့်လောလရွဲကုန်သည်တို့သည်တမြေထဲနေ
တစ်ရေထဲသောက်သူများဖြစ်ကြ၏၊“ဥစ္စာလိုရင် ကုန်သည်လုပ်” 
ဆိုသည့်အတိုင်းသူတို့သည် ရွဲများကို နယ့်အနှံ့လှည့်လည်၍ရောင်းရင်း စီးပွါးရှာကာဘ၀ကိုရည်တည်နေသူများဖြစ်ကြ၏။ဘ၀ချင်းတူသော်လည်း
စိတ်ထားချင်းတော့ မတူညီကြ၊ သေရိဝရွဲကုန်သည်သည် စိတ်ထား
ကောင်း၏၊ပစ္စည်းမှန်ဈေးမှန်၍သမာဓိအခံရှိသူဖြစ်၏။လောလ
ရွဲကုန်သည်သည်ကားစိတ်ထားကောက်၏၊ပစ္စည်းမမှန်ဈေးမမှန်
သမာဓိအခံလည်းမရှိပေ။ သူတို့နှစ်ဦးသည်စိတ်ထားချင်းအသွင်မတူ
သော်လည်းကုန်ရောင်းခရီးသွားချင်းတော့တူနေကြ၏၊သွားရင်းသွားရင်း
ဖြင့်နီလ၀ါဟမြစ်”ကို ဖြတ်ကျော်၍ အရိဋ္ဌပူရ မြို့တော်သို့ပင်ရောက်လာခဲ့
ကြပေပြီ၊အရိဋ္ဌပူရ မြို့တော်သည်လည်း လူကုန်တန်ပေါ၍ကြွယ်ဝသူ
များသောမြို့တစ်မြို့ဖြစ်၏၊ သူတို့သည်ပါလာသော ရွဲများကို
ရောင်းရန်အတွက်လမ်းများကိုခွဲဝေကြ၏။တစ်နေရာနှစ်ဦးပြိုင်တူ
သွားလျှင်ရောင်းကုန်တူနေ၍အဆင်မပြေလှပေ။  သို့သော်
တစ်ဦးရောင်းပြီးသောနေရာကိုကျန်တစ်ဦးကရောင်းခွင့်ရှိ၏၊ဤသည်မှာ
ရှေးခေတ်ကုန်သည်တို့၏အစဉ်အလာကျင့်ဝတ်တစ်ခုပင်ဖြစ်၏။

လောလရွဲကုန်သယ်သည် ရောင်းရင်းရောင်းရင်းဖြင့် သူဌေးကြီးကျ
(ဟိုတစ်ချိန်က အလွန်ကြွယ်ဝချမ်းသာသော်လည်းဥာတိဗျသန-
ဆွေမျိုးပျက်စီးခြင့်း၊ ဘောဂဗျသနပစ္စည်းဥစ္စာပျက်စီး ခြင်းတို့ကြောင့် အခြေမလှ အနေမကျဖြစ်နေသည့်) မြေးအဖွါးနှစ်ယောက်သာရှိသော အိမ်သို့ရောက်လာ၏၊ မြေးမလေးသည်ငယ်ရွယ်သူလေးမို့သူများနည်းတူ
လှချင်ပချင်တန်ဆာဆင်ချင်စိတ်ရှိ၏၊ဤသည်မှာလည်းအပြစ်မဆိုသာပါ
မိန်းကလေးများ၏သဘာဝပင်ဖြစ်၏၊အမျိုးသမီးများသည်တန်ဆာဆင်
ခြင်း၌ရောင့်ရဲခြင်းမရှိဟုပင် ဆိုထားပါ၏၊ ထို့ပြင် အမျိုးသမီးများနှင့် ပါတ်သက်၍ အိမ်ထောင်ရှင် အမျိုးသားများကျင့်ရမည့် ကျင့်ဝတ်ထဲတွင်
“၀တ်စားဆင်ယင်”ဟူသောကျင့်ဝတ်တစ်ခုပါရှိနေသည်ကိုတွေ့နိုင်ပါ၏။
ဤသည်မှာ အမျိုးသမီးများ၏ ဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြစ်ပါ၏။
အမျိုးသမီးငယ်လေးသည် သူ့အဖွါးကိုရွဲဝယ်ပေးဖို့ပူဆာတော့၏၊အဖွါးက
င့ါမြေးရယ် ငါ့မြေးလေးကို အရင်တုန်းကလိုဆိုရင်ဖွါးဖွါးကရွှေပေါ်မြတင်
ဆိုသလို တင့်တောင့်တင်တယ်ထားမှာပေါ့ကွယ်၊အခု အဖွါးတို့ဘ၀က
လက်လှုပ်နိုင်မှ ပါးစပ်လှုပ်ရတဲ့ဘ၀ဆိုတာ ငါ့မြေး လေးလဲအသိပဲကွယ်၊ ငါ့မြေးလေးက လိမ္မာပါတယ်ကွယ်နော်၊ ဖွါးဖွါးမှာ ပေးစရာ မရှိလို့ပါ
မြေးလေးရယ်၊အဖွါးသည်ပြောရင်းပင်မျက်ရည်လေးများဝေ့လာတော့၏။ 
(အဖွါးသည် ငယ်ရာမှ ကြီးလာသူ ဖြစ်၏၊ ဤအရွယ်သည် သူများနည်းတူ လှချင်ပချင်တန်ဆာဆင်ချင်သည့်အရွယ်မှန်းသိ၏၊သူ့မြေးလေး
ကျောင်းနေပညာသင်ရမည့်အချိန်မှာထမင်းတစ်နပ်စာအတွက်
သူများအိမ်မှာနေ့စားအလုပ်လေးလုပ်၊ရတာလေးနှင့်လောက်အောင်စား၊
ရှိတာလေး နှင့်လှအောင်ဝတ်နေရမှန်းလည်း သိပါ၏ သို့သော် ဘာများ
တတ်နိုင်ပါမည်နည်း၊မလွဲသာမတတ်သာသည့်အဆုံးဖြေစိတ်အနေနှင့်
ကံကိုပဲလှည့်ချနေမှိ၏၊ ကံဆိုးလိုက်တဲ့ င့ါမြေးလေးရယ်၊ ဤသည်မှာ
အဖွါးစိတ်ထဲမှာ တွေးနေမှိသောအတွေးလေးသာဖြစ်ပါ၏၊
ဤအတွေး ဤအဆွေးကို မြေးမလေး သိမည်မဟုတ်ပါ)။
မြေးမလေးသည် ဇွဲ့မလျှော့၊ လိုချင်သည်ကို ရအောင်လုပ်ယူတတ်သည့် စိတ်ဓါတ်ရှိ၏၊သူစဉ်းစား၏၊ဘယ်လိုဖန်ရမလဲ၊ဘယ်လိုကြံရမလဲ၊သူသည်

အိမ်တွင်းမှုလည်း စေ့စပ်သေချာသူလေး ဖြစ်သည့်အပြင်  ဘယ်နား
ဘာရှိသည်ကိုလည်း မှတ်မိသူဖြစ်၏၊ ထို့ကြောင့် ရွဲကို ငွေမရှိလျှင်
ဘာနှင့်ဝယ်ယူရမလဲ စဉ်းစားကြည့်သောအခါအိုးကြိုအိုးကြား၌ မသုံးပဲ
ပစ်ထားသည့် ခွက်တခွက်ကိုအမှတ်ရလာ၏၊သူ၏မျက်လုံးသည်
အရောင်တောက်လာ၏၊ ဖွါးဖွါး မြေးတို့အိမ်မှာအသုံးမပြုတဲ့ ခွက်တစ်ခု
ရှိတယ်လေ၊ အဲဒီခွက်လေးနှင့်ရွဲလဲရင်ရချင်ရမှာ။ဖွါးဖွါးဝယ်ပေးပါနော်၊
အေးလေ ငါ့မြေးကဒီလောက်လိုချင်နေမှာတော့ ရွဲကုန်သည်လေးကို ဖွါးဖွါးခေါ်ကြည့်အုံးမယ်လေ။အဖွါးကြီးသည် အိမ်ပေါက်ရောက်နေသည့်
ရွဲကုန်သည်လေးကို ခေါ်ပြီး နေရာထိုင်ခင်းပေးကာလူလေးရဲ့ဟော့ဒီက
မင့်နှမလေးက(ယဉ်ကျေးသူတို့အသုံးအနှုံးဖြစ်၏)ရွဲလိုချင်လို့ပူဆာနေလို့
ပါကွယ်၊ အဖွါးတို့လည်း ဆင်းရဲလွန်းတော့ငွေကြေးမတတ်နိုင်လို့ပါ၊
ဟောဒီက ခွက်လေးယူပြီး ရွဲလေးနဲနဲပါးပါးပေးခဲ့ပါလားကွယ်။
 (အဖွါးကြီးသည် ဆင်းရဲသော်လည်း တစ်ချိန်က ကြွယ်ဝချမ်းသာသည့် လူကုန်တန်ဖြစ်ခဲ့သူမို့အပြောလည်းချိုသာလှ၏)။လောလရွဲကုန်သယ်
သည်ခွက်ကို သေသေချာကြည့်၏၊ခွက်လေးသည် မသုံးတာကြာ၍
ဖုန်များပေကပ်ကာကြာတော့ညစ်ပါတ်နေတော့၏၊ခွက်ကို အပ်ဖြင့် ခြစ်
ကြည့်သောအခါအရေးအကြောင်းများထင်လာ၏၊အော်ရွှေခွက်ပါတကား
(အရင် သူဌေးကြီး ရေချိုးရာ၌ အသုံးပြုသော ရွှေခွက်ဖြစ်၏၊သို့သော်
ရိုးလွန်းသောမြေးအဖွါးနှစ်ဦးသည် ရွှေခွက်မှန်း မသိကြ။)
လောလ ရွဲကုန်သယ်သည် ခွက်ကို ကိုင်ရင်း စဉ်းစားနေ၏၊  အင်းသူတို့
မြေးအဖွါးရွှေခွက်မှန်းမသိကြဘူး၊ငါဒီရွှေခွက်ကိုအလကားရအောင် 
ကြံမှပဲဟု စဉ်းစားနေ၏၊ထို့နောက်တော့ အမယ်ကြီးတို့ ခွက်ဟာဘာမှ
တန်ဖိုးမရှိ၊တစ်ပဲမပြောနှင့်ပဲဝက်တောင်မတန်တဲ့ခွက်အိုကြီးပဲ၊ဒါကြောင့်
ရွဲတစ်လုံးမှမပေးနိုင်ပါဟု ဆိုကာ ခွက်ကို လွှင့်ပစ်၍ ထွက်ခွါသွားလေ၏၊
(သူသည်ခွက်ကိုတန်ဘိုးမရှိဟုထင်အောင်ဟန်ဆောင်ပြုလုပ်ခြင်းဖြစ်၏၊ 
ရိုးသားလွန်းသောမြေးအဖွါးနှစ်ဦးသည်ရွဲလေးတစ်လုံးနှစ်လုံးပေး၍
ခွက်ကိုယူသွားလျှင်လဲပေးလိုက်ကြမည်သာဖြစ်ပါ၏၊ယခုတော့
သူ့လောဘကမသိနားမလည်သူကို အချဉ်ဖမ်း ချင်လွန်းအားကြီးနေ၍ 
 ရွဲတစ်လုံးမျှမပေးပဲ ခွက်ကိုလွှင့်ပစ်ကာထွက်ခွါသွားခြင်းဖြစ်၏)
မြေးအဖွါးနှစ်ဦးသည် ဇီးရွက်ခန့်ငယ်သောမျက်နှာလေးများဖြင့်

ကျန်ရစ်ခဲ့ကြ၏၊ထို့အပြင် မျက်ရည်စက်လေးများလည်း စီးကျနေကြ၏၊
ဆင်းရဲလွန်း၍ကျသော ဒုက္ခမျက်ရည်စက်များပေ တကား။

လောလရွဲကုန်သည်ထွက်သွားပြီးနောက်မကြာခင်မှာပင်သေရိဝ

ရွဲကုန်သယ်သည်မြေးအဖွါးအိမ်ပေါက်နားသို့ ရောက်လာ၏၊၊
“ရွဲကုန်သယ် လာပြီဗျ ခင်နှမတို့ ဆင်ကြစေဖွယ်၊ အဆင်လှလို့  ဈေးကချိုတယ်၊ အပိုပါရသေး” ရွဲများဝယ်ကြအုံးမလာဗျာ၊ ရွဲရွဲ၊ လှမှလှ သန့်မှသန့် အညံ့ဆိုလို့တစ်လုံးမှမပါပါ၊ တစ်ကုံးမှမပါပါခင်ဗျာ၊ပစ္စည်းမှန် ဈေးမှန်၊အရိဋ္ဌရွှေမြို့သူလေးများအတွက်လှစေချင်လွန်းတဲ့စေတနာအမှန်
နှင့်လာရောင်းပေးတာပါခင်ဗျာ၊ မြေးမလေးသည် အသံကြားရာသို့ မျှော်လင့်ချက်လေးဖြင့်လှမ်းကြည့်နေ၏၊အင်းဒီအကိုလေးကရုပ်လေးက
လည်းခပ်သန့်သန့်ပဲ။အသံလေးကလည်းသနားတတ်တဲ့အသံလေး
ပါတယ်၊သဘောကောင်းမည့်ပုံပဲ၊ဖွါးဖွါးနောက်ထပ်ရွဲကုန်သည်
တစ်ယောက်လာပြန်ပြီဖွါးဖွါးရဲ့။ဝယ်ပေးပါအုံးနော်ဖွါးဖွါး၊မြေးမလေးသည်
အဖွါးနားသွားကိုလက်လေးကိုဆုပ်ကိုင်ရင်းပူဆာနေတော့၏၊ အင်း
ငါ့မြေးကလဲအမှတ်မရှိပဲကိုးကွဲ့၊ခုနင်က ရွဲကုန်သယ် ပြောသွားတာ
ငါ့မြေးကိုယ်တိုင်ကြားလိုက်တယ်မဟုတ်လား၊ပဲဝက်တောင်မတန်ဘူးတဲ့၊
ပြောပြောဆိုဆိုခွက်ကိုလွှင့်ပစ်သွားတာလေ။ အဖွါးတို့ကသာ အိမ်က
ပစ္စည်းလေးဆိုပြီးသံယောဇဉ်တပ်နေတာ၊ဟိုကဖြင့်ဂရုတောင်မစိုက်ဘူး၊
ခု ငါ့မြေးက ဘာနှင့်များ ၀ယ်ချင်သေးတာလဲကွယ်။ ဖွါးဖွါးကလည်း လူချင်းတူပေမဲ့ အသက်ရှုချင်း မတူဘူးတဲ့၊ ခုနင်က ရွဲကုန်သည်က ရုပ်ကလည်း ခပ်ဂျစ်ဂျစ်ပုံစံ၊ အပြောအဆိုကလဲကြည့်လေ ဖွါးဖွါးကိုများ
ပြောသွားလိုက်တာ၊အမယ် ကြီးတဲ့၊ ဟွန်းဆင်းရဲတော့နှိမ်ချင်ကြတာလေ
ပြောတာဆိုတာကအစ။အခုရောင်းတဲ့အကိုကြီးကရုပ်လေးကသန့်သန့်
လေး သဘောကောင်းမည့်ပုံရှိတယ်ဖွါးဖွါးရယ်နော် ၀ယ်ပေးပါနော် ဖွါးဖွါး၊
အေးအေးငါ့မြေးကဒီလောက်ပူဆာနေမှာတော့ငါ့မြေးစိတ်ချမ်းသာအောင်
အဖွါးခေါ်ကြည့်ပါအုံးမယ်ကွယ်။ ဟေ့လူလေးလာပါအုံးကွယ်၊ ဒီက
မောင့်နှမလေးကရွဲလိုချင်လို့တဲ့ကွယ်၊အဖွါးတို့ကလည်းဆင်းရဲလွန်းတော့
ငွေကြေးတော့မရှိဘူးကွယ်၊ဒီခွက်လေးပဲရှိတာ။အဲဒါလူလေးက ဒီက
နှမလေးစိတ်ချမ်းသာအောင်ရွဲနဲနဲလောက် ပေးခဲ့ပါလားကွယ်။...အော်
ဟုတ်ကဲ့ပါ ဖွါးဖွါး၊သေရိဝရွဲကုန်သယ်သည် အဖွါးပေးသောခွက်ကို ကြည့်လိုက်၏၊အင်း..ရွှေခွက်နှင့်တူလိုက်တာ၊သေချာအောင်အပ်သွားဖြင့်
ခွက်ကိုခြစ်ကြည့်၏၊တောက်ပသောရွှေရောင် အစင်းကြောင်းလေးများ
ထင်လာ၏၊ဖွါးဖွါး ဖွါးဖွါးတိုခွက်က ရွှေခွက်ကြီး ဖွါးဖွါးရဲ့။ခေတ်ကာလ ပေါက်ဈေးအရအနည်းဆုံးဈေးကိုတစ်သိန်းလောက်တန်တယ် ဖွါးဖွါးရဲ့၊
ကျနော့မှာ အဲဒီလောက်ထိ မပါပါဘူးအဖွါးရယ်။ပြောပြောဆို ရွှေခွက်ကို
တရိုတသေ ပြန်ပေးလိုက်၏၊လူလေးဘုန်းကံကြောင့်တစ်သိန်းတန်
ရွှေခွက်ဖြစ်သွားတယ်ထင်ပါတယ်ကွယ်၊စောစောကလာတဲ့ရွဲကုန်သယ်
ပြောသွားတာကတော့ ပဲဝက်တောင် မတန်ဘူးတဲ့၊  အဲဒီတော့
လူလေးထိုက်လို့လူလေးရတယ်လို့ သဘောထား၊ဟောဒီကဖွါးဖွါးရဲ့မြေး။
မောင့်နှမလေးကိုသာ ရွဲလေးနဲနဲပါးပါး ပေးခဲ့ပါကွယ်၊ဒါဆိုဒီလိုလုပ်ပါလား
ဖွါးဖွါးရယ်၊ ကျနော် ရွဲရောင်းလို့ ရတဲ့ အသပြာငါးရာရယ်။ဟောဒီအသပြာ
ငါးရာတန်တဲ့ရွဲတွေရယ်အားလုံးကိုယူလိုက်ပါ။ကျနော့အတွက်တော့
အပြန်စရိတ်စခအဖြစ်ငွေအသပြာရှစ်ကျပ်ရယ်၊ရွဲထည့်တဲ့ဒီအိပ်လေးရယ်
ဒီက ချိန်ခွင်လေးရယ် အဲဒါလေးတော့ ဖွါးဖွါးပြန်ပေးပါနော်၊ရောင်းသူလဲ ကျေနပ်နေ၏၊၀ယ်သူလည်းကျေနပ်၏၊နှစ်ဦးနှစ်ဖက် ကျေနပ်၍
စိတ်ချမ်းသာ စရာကောင်းလှ၏။မြေးမလေး မျက်နှာလေးသည်
သော်တာလ၀န်းကဲ့သို့တပြုံးပြုံးနှင့်သေရိဝရွဲကုန်သည်ကိုကျေးဇူးတင်
မဆုံးဖြစ်နေတော့၏။သေရိဝ ရွဲကုန်သယ်သည် နီလ၀ါဟမြစ်သို့
တန်းသွား၏၊ မြစ်ဆိပ်၌ အသင့်ရှိနေသောလှေကိုအသပြာရှစ်ကျပ်ပေး၍ 
(အော်ဒါငှားကာ)တစ်ဖက်ကမ်းသို့ ကူးသွားတော့၏။

သေရိဝထွက်သွား၍ခဏအကြာမှာပင်လောလရွဲကုန်သယ်သည်မြေး

အဖွါးအိမ်သို့ပြန်ရောက်လာ၏၊၊အိမ်ထဲဝင်၍အမယ်ကြီးခုနင်ကခွက်စုပ်
ပေး၊ သနားလို့ ရွဲနဲနဲပေးခဲ့မယ်၊ အော် လူလေးက အဖွါးတို့ကိုသနားလို့
ဟုတ်လား၊ ဟုတ်တယ် ဒီကအချိန်သိပ်မရှိဘူး၊ရှေ့ခရီးဆက်စရာ
ရှိသေးတယ်၊ ခုနင်ကခွက်စုပ်သာ မြန်မြန်ပေး၊လူလေးကသာ ခွက်စုပ်လို့ ပြောတယ်၊နောက်မှရောက်လာတဲ့ရွဲကုန်သယ်လေးကတော့ရုပ်ကလည်း
သန့်၊ အပြောကလည်း ချို။ သဘောကလည်း အကောင်းသားကွဲ့။
လူလေးရဲ့သခင်နှင့်တူပါတယ်ကွယ်၊ သူက တစ်သိန်းတန်တယ်
ပြောပါလားကွဲ့။ အဖွါးတို့က ပေးချင်သလောက်သာ ပေးခဲ့ပါဆိုလို့ 
(ပစ္စည်းငွေ စုစုပေါင်းတန်ဘိုး) တစ်ထောင်ပေးပြီး ယူသွားလေရဲ့ကွယ်၊။ ဖွါးဖွါးတို့ကလည်းလောဘ မကြီးပါဘူး၊ သူထိုက်လို့ သူရတာကိုးကွယ့်။
လောရွဲကုန်သယ်သည် စကားကိုပင် ကုန်အောင် နားမထောင်နိုင်တော့၊ တစ်သိန်းတန်ရွေခွက်သူလက်လွတ်ဆုံးရှုံးလိုက်ရပြီးလို့သိလိုက်သည်နှင့်
တစ်ပြိုင်နက် စိတ်မထိမ်းနိုင်တော့။သတိလက်လွတ် ဖြစ်သွားတော့၏၊
ရောင်းရသမျှငွေ၊ ကျန်သမျှ ပုလဲအားလုံးကိုဖျန့်ကျဲပစ်လိုက်တော့၏။
ပုံမှန်စိတ်မဟုတ်တော့၊အ၀တ်အစားများပင်မကပ်တော့။ချိန်ဝင်ရိုးလေး
ကို ဒုတ်လက်နက်သဖွယ်ပြုပြီး သေရိဝသွားရာ မြစ်ဆိပ်သို့ အပြေး
လိုက်လေတော့၏။လောလရွဲကုန်သယ် မြစ်ဆိပ်ရောက်ချိန်၌ သေရိဝ
ရွဲကုန်သယ်တို့လှေသည် မြစ်လယ်သို့ပင်ရောက်ရှိနေပေပြီ၊ လောလ
ရွဲကုန်သယ်သည် လှေကို ဆိပ်ကမ်း ပြန်ကပ်ဖို့ အော်၍ခေါ်နေတော့၏၊
သို့သော် လှေသည်  အသပြာရှစ်ကျပ် (တန်ရာတန်ကျေးထက်ပို) ပေးငှားထားသည်လှေဖြစ်၏၊သေရိဝက အပြတ်ငှားထားသော လှေဖြစ်၍
ရှေ့တစ်ဖက်ကမ်းသို့သာ ဆက်လက်သွားဖို့ ပြောလိုက်၏၊ ဤသို့ဖြင့် သေရိဝ စီးသွားသောလှေသည် ဝေး၍ ဝေး၍ သွားတော့၏။
လောလရွဲကုန်သယ်သည် မတရားလိုချင်သည့်လောဘ၊ တစ်သိန်းတန်
ရွှေခွက်ကိုမရလိုက်ခြင်းကြောင့်ဖြစ်သောသောက၊သေရိဝရွဲကုန်သယ်ကို
မကျေနပ်သည့်ဒေါသ..ယင်းအပူတို့ကြောင့်တောက်လောင်လာသည့်
အပူဒါဏ်ကို နူးညံ့သည့် နှလုံးသားသည် ခံနိုင်ရည် မရှိတော့နှလုံးသား ကွဲအက်ကာသွေးများပင် အန်ထွက်ကျလာတော့၏။သူသည်မိမိ
လောဘကြီးလွန်း၍တစ်သိန်းတန်ရွှေခွက်လက်လွှတ်ဆုံးရှုံးရသည်ကို
မမြင်။သေရိဝရွဲကုန်သည်လူလည်လုပ်သွားသည်ဟုသာ မြင်နေ၏။
ထို့ကြောင် သေရိဝရွဲကုန်သည်ကို မကျေနပ် မုန်းတီးသော စိတ်နှင့်ပင်
အသက်ထွက်သွားတော့၏၊သူ၏ အမုန်းသည် ပင်လယ်ကဲ့သို့နက်ရှိုင်း၏၊
ပင်လယ်ကဲ့သို့ကျယ်ပြန့်၏၊ ဤသည်မှာ အနီးကပ်ဆုံးဥပမာသာဖြစ်ပါ၏။
အမှန်အားဖြင့် သူ၏သေရိဝရွဲကုန်သယ်ပေါ်မုန်းသောအမုန်းတရားသည်
ပင်လယ်ထက်လည်းအဆပေါင်းများစွာနက်ရှိုင်း၏အဆပေါင်းများစွာ
လည်းကျယ်ပြန့်လှပါ၏။သူသည် ယင်းအမုန်းတရားကြောင့် ငါးကမ္ဘာ
တိုင်တိုင်ကြုံရင် ကြုံသလိုသေရိဝရွဲကုန်သည်ကို ရန်ပြုသည်သာ ဖြစ်ပါ၏(လောလရွဲကုန်သယ်သည် အရှင်ဒေ၀ဒတ်အလောင်း ဖြစ်၍
လောလရွဲကုန်သယ်သည် ဘုရားအလောင်းတော်ဖြစ်ပါ၏) 
လောဘ ဒေါသ မောဟဟူသော အတွင်းရန်ကိုမပါယ်သတ်နိုင်သေးသမျှ
ကာလပါတ်လုံးအဆင်မပြေတိုင်းသူ့ကြောင့်ဟုလောကကိုလက်ညှိုးထိုး
နေကြပေအုံးမည်၊အတွင်းရန်ကိုပါယ်သတ်၍သူတစ်ပါးကို လက်ညှိုးထိုး
ရန်ငြိုးဖွဲ့ခြင်းမှကင်းဝေးကြ၍ငြိမ်းချမ်းသောနိဗ္ဗာန်သို့
မျက်မှောက်ပြုနိုင်ကြပါစေ.…) 
                                        ကောင်းသစ်

Sunday, December 19, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၂၂)

အရှင်အင်္ဂုလိမာလမထေရ်မြတ်၏“သစ္စာ”စကားသည်
ဘေးရန်အန္တရာယ်မှန်သမျှကို တားဆီးတတ်သောကြောင့်
“မဟာပရိတ်တော်”ဟုပင် စာပေ၌မှတ်တမ်းတင်ခြင်းခံထားရပေ၏။ မနှိမ်နင်း မတားမြစ်နိုင်သော ဘေးရန်မည်သည် မရှိ၊ ဘေးရန်အားလုံးကိုပင် တာဆီးနှိမ်နင်းနိုင်သည်ဟု ဆိုထား၏။
အရှင်မြတ် သီတင်းသုံး၍သစ္စာပြုသွားသော နေရာ
(အင်းပျင်)ကိုရေဆေး၍ ကိုယ်ဝန်ဆောင်မိခင်၏ ဦးခေါင်းပေါ် ပက်ဖျန်းလျှင်ပင် ချက်ခြင်းရင်သွေးငယ်ကို ချမ်းသာလွယ်ကူစွာ
မွေးဖွါးနိုင်၏၊ထို့ပြင် အခြားသောရောဂါဘယများကိုလည်း  သက်သာပျောက်ကင်းစေနိုင်၏ဟု ဆိုထားပြန်၏။ ယင်းသစ္စာခေါ်“မဟာပရိတ်တော်”၏ အစွမ်းသတ္တိသည်
ကမ္ဘာတည်သ၍တည်တန့်နေမည်သာဖြစ်၏။


(ယင်း မဟာပရိတ်တော်၏အစွမ်းကိုသိ၍ အရဆောင်ကာ  အာစိဏ္ဏကံအဖြစ် အမြဲရွတ်ဖတ်နှလုံးသွင်းကြသောအားဖြင့်
ဘေးအန္တရာယ်ရောဂါဟူသမျှ ကင်းပျောက်နိုင်ကြပါစေ)။အရှင်မြတ်၏ ကျောင်းတော်ပြန်ခရီးသည် သွက်လက်နေ၏၊ စိတ်ချမ်းသာနေ၏၊ စိတ်ချမ်းသာတော့ ကိုယ်ပါလန်းဆန်းတက်ကြွနေ၏။သူသည်
“အဖျက်လုပ်ငန်း”သည် တွေးလိုက်တိုင်း စိတ်ဆင်းရဲရ၍
“အကျိုးပြုလုပ်ငန်း”သည် တွေးလိုက်တိုင်း
စိတ်ချမ်းသာရသည်ကို လက်တွေ့သဘောပေါက်သွား၏။
 အရှင်မြတ်သည် ဆရာမှန်တွေ့၍ နေရာမှန်ရောက်သွားပေပြီ၊ အကျင့်မှန်များကိုဆက်လက်၍ကြိုးကြိုးစားစား
အားထုတ်သွားတော့မည်ဟု အရှင်မြတ် ဆုံးဖြတ်လိုက်၏။ 


ကြိုးကြိုးစားစား အားထုတ်ခြင်းဟူသည်
“ကိုယ်နှင့်အသက် မငဲ့ကွက်ပဲ အရိုးကြေကြေ အရေခမ်းခမ်း
မလျော့တမ်းသောဇွဲဖြင့်”အားထုတ်ခြင်းဖြစ်၏။ယခင်က တရားအားထုတ်ပြီးဆိုလျှင် အတိတ်ကအရိပ်မဲသည် အမြဲတန်းပေါ်နေ၏၊'''ကျမဆင်းရဲသူလေးမို့ ချမ်းသာပေးပါ၊ အိမ်မှာကျန်ရစ်တဲ့သားလေး အမိမဲ့သား ရေနည်းငါးလိုဖြစ်မှာဖို့ ကျမကိုလွှတ်ပေးပါ၊ ကျမမရှိရင် အိုမင်းနေတဲ့မိဘနှစ်ပါး အားကိုးရာ ရှိမှာမဟုတ်၍ ချမ်းသာပေးပါ”စသည် စသည်ဖြင့် သနားစဖွယ် ဒူးထောက်ငိုယိုတောင်းပန်ကြသော်လည်း သနားရမှန်းသူမသိခဲ့၊ မသိခဲ့၍လည်း ရက်စက်မှိခဲ့သည်မဟုတ်ပါလား၊ အတိတ်၏ အရိပ်ဒါဏ်ကို ကောင်းစွာခံစားနေရပြီးဖြစ်၍ ဆက်လက်တရားမှတ်၍ မရတော့၊ အရှင်မြတ်သည် ထိုင်လိုက်ထလိုက် စင်္ကြံမှတ်လိုက်
ဒီလိုနှင့် နေ့-ရက်- ည- လ- တွေကုန်လွန်ခဲ့ရ၏။
ယနေ့ ယခင်လိုမဟုတ်တော့၊ တွေးလိုက်တိုင်းပျော်နေ၏၊


သူသည်လောကအတွက်လူသားတွေအတွက်
အကျိုးပြုခွင့်ရလိုက်ပြီမဟုတ်ပါလား၊“အတ္တ- ငါ”ကို ဗဟိုလ်ပြု၍
လုပ်ကိုင်ခဲ့မှုသည် ဆင်းရဲရသလောက်“ပရ-လောက”ကို ဗဟိုလ်ပြု၍ လုပ်ကိုင်ရခြင်းသည်“မိမိရော လောကပါ”နှစ်ဦးနှစ်ဖက် ချမ်းသာမှုရသည်ကိုကိုယ်တွေ့သိရပေပြီ။ အမြင်မှန်ရ လာပေပြီ၊
ထို့ထက် အမြင်မှန်ဖို့“အရိယသစ္စာ”တရားကို သိခွင့်ရဖို့
ဆက်လက်ကြိုးစားရပေအုံးမည်၊တရားရှုမှတ်အားထုတ်သူသည်
ကာယ၀ိဝေကဖြစ်ဖို့အရေးကြီး၏၊ အဖေါ်မမက်ရ၊
“ကိစ္စမများ- စကားနည်းစေ၊ အိပ်နေမှုနည်း- ကိုယ်တည်းပျော်စေ၊ ဆုံးမလွယ်ကြောင်း- မိတ်ကောင်းရှိစေ၊ မဆုတ်ရေး- ကျင့်ရေး(အားပေး)ဂုဏ်ခြောက်ထွေ”ဟု ဒေသနာအသေအချာ ရှိနေသည်မဟုတ်ပါလား။ထို့ကြောင့် တစ်ပါးတည်း
ဆိတ်ငြိမ်ရာရွေးချယ်၍ အရိပ်ကောင်းသော သစ်ပင်အောက် အသင့်ပါလာသော နေရာထိုင်အခင်းလေးခင်းကာ
“မူလရှုမှတ်နေကြ”ကမ္မဋ္ဌာန်းကိုပင်“သတိချပ် အသိကပ်”မိအောင် ယခင်ထက် ၀ီရိယကို မြှင့်၍ရှုမှတ်လေတော့သည်။ 


ကိုယ်ဝန်ဆောင်မိခင်နှင့်ရင်သွေးငယ်ကို ကယ်တင်လိုက်ရ၍
စိတ်ထဲ၌ ချမ်းသာနေ၏၊စိတ်ချမ်းသာတော့ သမာဓိရလွယ်၏၊သမာဓိရ၍ ပညာအဖြစ်မြန်၏၊ ရုပ်နာမ်-ကျိုးကြောင်း- လက္ခဏာသုံးပါး- ဖြစ်ပျက်
ထိုမှတစ်ဆင့်  အဆင့်ဆင့်တက်၍“မဂ်လေးဆင့် ဖိုလ်လေးဆင့် နိဗ္ဗာန်အမြင့်ထိ”အဆင့်ဆင့် အရှင်မြတ်တက်လှမ်း နိုင်ခဲ့ပေပြီ။
“ပဋိသန္ဓေနေရမှုကုန်ပြီး၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊
ပြုဖွယ်ဖြစ်သောမဂ်ဖိုလ်ကိစ္စ ပြုပြီးပြီ၊ မဂ်ဖိုလ်ကိစ္စအတွက် တစ်ပါးသောပြုဖွယ်ကိစ္စမရှိပြီ”ဟု ကိုယ်တိုင်
ကိုယ်ပိုင်အသိဥာဏ်ဖြင့် သိမြင်သွားလေပြီ၊ ဗုဒ္ဓလေးဆူတို့တွင်“စတုသစ္စဗုဒ္ဓ”စစ်စစ် ဖြစ်သွားတော်မူလေပြီ၊
အရှင်အင်္ဂုလိမာလသည် ကိလေသာ အာသဝေါကုန်ခမ်းသော
ရဟန္တာအရှင်မြတ်စာရင်းတွင် တစ်ပါးအပါအ၀င်ဖြစ်သွားလေပြီ။


ယခုမှပင် အရှင်မြတ်သည် ပြေးသွားနေရာမှ ရပ်တည်နေသူအဖြစ် ရောက်သွားပေပြီ၊ ပြေးခြင်းနှင့်ရပ်ခြင်းသဘောတရားကို ကောင်းစွာ
သဘောပေါက် သိမြင် သွားပေပြီးတကား။သက်ရှိ သတ္တ၀ါတိုင်းသည် အာဟာရကိုမှီ၍တည်နေကြရ၏ အသက်ရှင်နေကြရ၏၊
အရှင်အင်္ဂုလိမာလမထေရ်မြတ်သည်လည်း သက်ရှိ
ရဟန်းတော်တစ်ပါးပေမို့အသက်ရှင်ရပ်တည်ရေးအတွက် ဆွမ်းခံကြွတော်မူရ၏။ရဟန်းဟူသည် ခြေနှစ်ချောင်းကို အားကိုး၍ သဒ္ဓါတရားရှိသည့် ဒကာ ဒကာမများကို အမှီပြုကာ
နေထိုင်ကြရသည်မဟုတ်ပါလား။ယနေ့လည်း ခါတိုင်းကဲသို့ပင်
နံနက်ခင်းဝယ် သင်းပိုင်ဧကသီတို့ကို ကောင်းကောင်းမွန်မွန် ပြင်ဝတ်၍ သပိတ်ပိုက်လျှက် သာဝတ္ထိမြို့တွင်း ဆွမ်းခံကြွတော်မူ၏။ ထိုအခါ လူတို့သည်“ကျီး ခွေး ၀က် ကြက်တို့ကို”ခြောက်လှန့်သောအားဖြင့် ပစ်လွှင့်အပ်သော ကျောက်ခဲ အုတ်ခဲ တုတ် လှံတံ စသည်တို့သည် အရှင်မြတ်၏ ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာကုန်၏။


ထိုအခါ အရှင်မြတ်၏ ဦးခေါင်းသည် ခဲထိမှန်၍ သွေးချင်းချင်း နီလေပြီ။လက်ခြေများလည်း ဒါဏ်ရာဒါဏ်ချက်များ မနည်းလှ၊ တိစီဝရိတ်ဆောင် အရှင်မြတ်ပေမို့ဆွမ်းခံရင်း
ဆောင်လာသော ဒုကုဋ် နှစ်ထပ်သင်္ကန်းကြီးပင် စုပ်ပြတ်
သွားပေပြီ၊ ၀မ်းရေးအတွက်ဖြေရှင်းပေးသာ ဧဟိဘိက္ခုအခေါ်ခံရစဉ်က ရရှိထားသော သပိတ်သည်ပင်ကွဲအက်၍သွားပေပြီ၊ဆက်လက်ဆွမ်းခံ၍
မဖြစ်တော့၊ ထို့ကြောင့် အရှင်မြတ်သည်“ကွဲသော ဦးခေါင်း ယိုစီးသောသွေး ကွဲအက်သောသပိတ် စုတ်ပြတ်နေပြီးဖြစ်သော ဒုကုဋ်နှစ်ထပ်သင်္ကန်းဖြင့် မြတ်စွာဘုရားရှင်ထံတော်ပါးသို့
ချဉ်းကပ်ရန် နှေးနှေးမှန်မှန် ကြွသွားတော်မူနေလေပြီ။မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရားသည်  အရှင်အင်္ဂုလိမာလမထေရ်ကို
“မကောင်းမှုကို အပပြုပြီးသောရဟန်း၊ သင် သည်းခံလော၊
မကောင်းမှုကိုအပပြုပြီးသော ရဟန်း သင် သည်းခံလော၊
 မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် သူတစ်ပါးအသက် သတ်ဖြတ်မှု အကုသိုလ်ကံ၏အကျိုးအားဖြင့် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာပတ်လုံး
ငရဲ၌ ကျရောက်လေရာ၏၊မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် ပါဏာတိပါတကံ၏ ဆိုးကျိုးကို
ယခုဘ၀၌ပင်ခံစားရဘိ၏”ဟု မိန့်တော်မူ၏။(ဆက်ရန်)
ကောင်းသစ်

Friday, December 17, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း...အပိုင်း(၂၁)

အရှင်မြတ်၏ခြေလှမ်းတိုင်းခြေလှမ်းတိုင်းတို့သည်
ကရုဏာတွန်းအားပါနေ၏“ယောက်ျားဖောင်စီးမိန်းမမီးနေ” 
သေမင်းနှင့်အနီးကပ်ရှိနေသူများဟု ကြားဘူးထား၏။
မိခင်နှင့်ရင်သွေး သေမင်းဘေးမှ ကင်းဝေးပါစေ၊ သေမင်းမှ သေခြင်းလက်မဦးခင်“င့ါသစ္စာ”အရင်ဦးမှ ဖြစ်ပေမည်၊ အရှင်၏စိတ်သည် တုန်လှုပ် နေ၏။ သို့သော် သောကကြောင့်ဖြစ်သော တုန်လှုပ်ခြင်းတော့မဟုတ်။ ကရုဏာစွမ်းကြောင့်ဖြစ်သော တုန်လှုပ်ခြင်းသာဖြစ်၏၊“တဏှာသည် မေတ္တာယောင်ဆောင်တတ်၏၊ သောကသည် ကရုဏာယောင်ဆောင်တတ်၏”တဲ့။အရှင်၏ ကရုဏာသည် အယောင်အဆောင် ကရုဏာမဟုတ်၊ ဗြဟ္မစိုရ်ထိုက်သော ကရုဏာသာဖြစ်ပါ၏။အရှင်သည် ကိုယ်ဝန်ဆောင်မိခင်ဆီသို့ အမြန်ရောက်ချင်နေ၏၊သို့သော် ပြေးသွား၍လည်းမဖြစ်ပေ။“ရဟန်း-မိန်းမ-တစ်ဝရှင်ဘုရင်-စီးတော်ဆင်-ပြေးလျှင်မတင့်တယ်”ဟု ပြေးသွားလျှင်မတင့်တယ်သော ပုဂ္ဂိုလ်လေးမျိုး ပညာရှိအဆိုရှိနေပြန်၏။ရဟန်းဟူသည် ပြေး၍ မတင့်တယ်သူတို့တွင် တစ်ဦးအပါအ၀င်ဖြစ်နေ၏။


ယခင် အင်္ဂုလိမာလဆိုလျှင်ကား“ဤခရီးသည် အနီးကလေးသာ”ဖြစ်၏
သို့သော် ယခုအရင်လိုမဟုတ်တော့၊“သမဏ”အဖြစ်ပြောင်းလဲ လိုက်သူဖြစ်နေပေပြီ။ကိုယ်ဝန်ဆောင်အမျိုးသမီးသည်
“ရင်သွေးမဖွါးနိုင်သေး၍”ယင်းဒုက္ခကိုအလူးအလဲ ခံစားနေရ၏၊ သို့သော် ဆင်းရဲမှုဒါဏ်ကြိတ်မှိတ်သိခံနေရှာ၏၊ ညီးညူသံ သဲ့သဲ့ တစ်ချက်တစ်ချက် ကြားနေရ၏။မိခင်တိုင်း ရှောင်လွှဲမရသော
ဒုက္ခပေတကား။ အနီးရှိသူများလဲဗျာများနေကြ၏ ဘာလုပ်၍
ဘာကိုင်ရမှန်းပင်မသိတော့၊ သူတို့၏မျက်နှာကိုယ်စီ၌ စိုးရိမ်စိုးများပေါ်လွင်နေ၏။မိခင်အတွက်နောက်ပြီးတော့
ကလေးအသက်။ထိုအချိန် ရဟန်းတော်တစ်ပါး ကြွလာ၏။
ယင်းနေရာမျိုးသည်အမျိုးသားများပင်အနားကပ်ခွင့်မရှိသောနေရာဖြစ်၏
ထို့ကြောင့် အနီးရှိလူများ ကြောင်ကြည့်နေကြ၏၊ တနည်းအားဖြင့် ပြောရလျှင်“မှင်သက်”နေကြခြင်းဖြစ်၏။အရှင်အင်္ဂုလိမာလ
မထေရ်မြတ်ကဘုန်းဘုန်းသည် ကိုယ်ဝန်ဆောင်မိခင် ချမ်းချမ်းသာသာ မွေးဖွါးနိုင်ရန်အတွက်“သစ္စာ”ပြုပေးရန်သီးသန့်ကြွရောက်လာခြင်း
ဖြစ်ကြောင်းကရုဏာပါသောအသံဖြင့် မိန့်ကြားလေ၏။


ထိုအခါမှလူများ သတိဝင်လာတော့သည်၊
အလွယ်တကူရှာတွေ့သောစောင်တို့ဖြင့်ကိုယ်ဝန်ဆောင်မိခင်ကို
ကာရံလိုက်ကြ၏သူတို့မျက်နှာ၌မျှော်လင့်ချက်ရောင်ခြည်များ
သန်းလာကြတော့၏။အရှင်မြတ်သည် အကာအရံ၏ အပြင်ဘက်မှနေ၍
''မိခင်နှင့်ရင်သွေးငယ်ကို”အာရုံပြုကာ သစ္စာပြုလေတော့၏၊
ကိုယ်ဝန်ဆောင် မိခင်သည် အကာအရံအတွင်းမှနေ၍ အရှင်မြတ်ပြုသောသစ္စာပရိတ်တော်ကို လက်အုပ်ချီအာရုံပြုကာ ရိုသေစွာနာကြားနေလေတော့၏၊အရှင်မြတ်ပြုသော သစ္စာမှာ
“ယတောဟံ ဘဂိနိ အရိယာယ ဇာတိယာ ဇာတော။နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ ဇီဝိတာ ဝေါရောပေတာ၊ တေန သစ္စေန သောတ္ထိ တေ ဟောတု သောတ္ထိ ဂဗ္ဘဿ”(နှမ ငါသည်အရိယာဇာတ် ဖြစ်သောအခါမှစ၍ သေစေလိုသောစေတနာဖြင့် သတ္တ၀ါကို သတ်ဖူးသည်ဟူ၍ မသိစဘူး၊ ထိုမှန်သောသစ္စာစကားကြောင့် သင်အားလည်းကောင်း ကိုယ်ဝန်သူငယ်(ရင်သွေးငယ်) အားလည်းကောင်း ချမ်းသာခြင်းဖြစ်စေသတည်း)။

 
ပထမ ရှင်တော်ဘုရား သင်ပေးသောသစ္စာမှာ“ဇာတိယာ”ဟု
သင်ပေးခြင်းဖြစ်၏ ဇာတိယာဟုဆိုလျှင် မွေးဖွါးသောအချိန်မှစ၍ ဟု
သက်ရောက်၏၊ထိုသို့ဖြစ်လျှင်အရှင်အင်္ဂုလိမာလသည်ရဟန်းမပြုမှီ
အချိန်ထိ သူ့သက်သတ်မှုရှိနေ၏။ ထို့ကြောင့်သူသည် ယင်းသစ္စာ မိမိနှင့်မထိုက်တန်ဟု ပြန်လည်လျှောက်ထား၏ ထိုအခါ ဘုရားရှင်က ပြင်၍ သူ့ဘ၀ကို(လူ့ဘ၀ ရဟန်းဘ၀ဟု နှစ်ပိုင်းပိုင်းကာ)
တစ်ကိုယ်နှစ်ဘ၀ပြုကာ“အရိယာယ ဇာတိယာ”ဟု ပြင်၍ ပေးတော်မူလိုက်၏ရဟန်းဘ၀ကို သာသနာ့အသုံးအနှုံးအားဖြင့် အရိယာဇာတ် အရိယာနွယ်ဟု ခေါ်ရ၏၊အရှင်သည် ဧဟိဘိက္ခု ရဟန်းဖြစ်သည့်အချိန်မှစ၍သူ့အသက်ဆို၍မှက်ခြင်ယင် ပိုးရွချပုန်းကိုသော်မျှမသတ်တော့ချေ။လူ့အသက်မဆိုထားဘိ
သက်ရှိတိုင်း၏အသက်ကိုပင် အရှင်သည်တန်ဘိုးထားတတ်နေပေပြီ။
ယခင်က သူ့ကြောင့်ဘေးဖြစ်ခဲ့သမျှ ယခုတော့“အဘယဒါန”
ဘေးမဲ့အလှူကို အရှင်မြတ် လှူတတ်နေပေပြီ၊အရိယာဇာတ်
ရဟန်းဖြစ်သည့်အချိန်မှစ၍ ဟု သစ္စာဆိုရသဖြင့်
အရှင်မြတ်သည်စိတ်သန့်၏ အတိတ်လည်းသန့်၏၊


ထို့ကြောင့် ယင်းပြင်သော သစ္စာကိုမှတ်သားခဲ့၍ ယခု ကိုယ်ဝန်ဆောင်မိခင်နားသွားကာ“ရဲဝန့်စွာ”သစ္စာပြုလိုက်ခြင်း သစ္စာဆိုလိုက်ခြင်းဖြစ်၏။အရှင်မြတ်ပြုသော“သစ္စာ”
ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် မိခင်သည်(ရေစစ်မှ ရေလျောကျသလို) သူ့၏ရင်သွေးရတနာကို ချမ်းသာလွယ်ကူစွာဖွါးမြင်လိုက်တော့၏။
အရှင်မြတ်သည် သူ၏ ကိုယ်ကျင့်တရားပေါ်မူတည်သော
သစ္စာလက်နက်ဖြင့်(မိခင်နှင့်ကလေး)အသက်နှစ်သက်ကို ကယ်တယ်လိုက်ပေပြီ။အမှန်အားဖြင့် အရှင်မြတ်ကယ်တင်လိုက်သော အသက်မှာ“နှစ်သက်”မကအသက်ပေါင်းများစွာပင်ဖြစ်ပါ၏၊ ယနေ့ထက်တိုင် အရှင်မြတ်၏ သစ္စာပရိတ်ကိုအသုံးပြု၍ ချမ်းသာခွင့်ရသောမိခင် ရင်သွေးပေါင်းမည်မျှလောက်ရှိလိမ့်မည့်နည်း၊
ရေတွက်၍ပင်ရမည်မဟုတ်၊ နောင်လည်းပဲကမ္ဘာတည်သ၍ မိခင်နှင့်ရင်သွေးငယ်များ အသက်ချမ်းသာရာရကြပေအုံးမည်။
ယခင်ကသတ္တ၀ါတို့၏အသက်ကို“ဖျက်”ခဲ့သမျှသမဏဘဝ
ခံယူပြီးဖြစ်သောယခုအခါမှာ အတိုးနှင့်ပင် သတ္တ၀ါတို့၏
အသက်ကို“ဆက်”နေလေပြီတကား။


အရှင်မြတ်သည် မိမိသစ္စာကြောင့်“မိခင်နှင့်ရင်သွေး”
ချမ်းသာခွင့်ရသွားသည့်အတွက်ဝမ်းသာနေ၏၊
လူသားတို့၏အသက်ကို ပထမဆုံးကယ်တိုင်လိုက်ခြင်းပေတကား၊ မိမိလာရင်းကိစ္စ ပြီးမြောက်အောင်မြင်ပြီးဖြစ်၍ အရှင်မြတ်သည်
မိမိသီတင်းသုံးရာ ဇေတ၀န်သို့ အေးဆေးသက်သာစွာ ပြန်လည်ကြွသွားလေပြီ။ရင်သွေးငယ်၏မိခင်နှင့်တကွ အနီးရှိလူအားလုံးတို့သည် အရှင်အင်္ဂုလိမာလကို မျက်စိတစ်ဆုံး မြင်ရသည်အထိ လက်အုပ်ချီ ရှိခိုးနေကြ၏၊ သူတို့၏နှလုံးသားထဲ၌ အရှင်အင်္ဂုလိမာလ၏ကရုဏာမှထွက်ပေါ်လာသော
“သဟဇာတအညမည”သဘောတရားများစီးဝင်သွားလေပြီ၊
ဘယ်သူတွေဘာပြောပြောသူတို့အားလုံးတို့သည် သူတို့နှင့်ဆက်နွယ်သူအားလုံးတို့သည်“အရှင်အင်္ဂုလိမာလ
မထေရ်မြတ်ကို ကျေးဇူးရှင်အဖြစ် ကင်တင်ရှင်အဖြစ် မည်သူမျှ
မတိုက်းတွန်းရပဲသတ်မှတ်လိုက်ကြလေပြီ၊ထို့ကြောင့်သူတို့၏နှုတ်ဖျားမှ
ယိုစိမ့်လာသော အသံများကြားနေရတော့၏“ကျေးဇူးကြီးလှသော အရှင်အင်္ဂုလိမာလမထေရ်မြတ်ပေတကား”ကျွမ်းကျင်နားလယ်သူများပင်
လက်လျှော့ထားရသော“ရူပ၀တီ”ဟာ အရှင်အင်္ဂုလိမာလသစ္စာကြောင့် မိခင်ရောရင်သွေးပါ ချမ်းသာခွင့် ရသွားသတဲ့၊ယင်းသတင်းသည် သာဝတ္ထိတစ်မြိုလုံး တစ်ခဏချင်းပင် တောမီးပမာ ပျံ့နှံ့သွားတော့၏။
ဆက်ရန်
                                           ကောင်းသစ်

Wednesday, December 15, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း...အပိုင်း(၂၀)

“ကရုဏာ”လူတိုင်းထားထိုက်သော ပွါးထိုက်သော ဗြဟ္မစိုရ်တရားဖြစ်၏်။ မိမိရှေ့မှောက် ဒုက္ခရောက်ဆင်းရဲနေသည်ကို မြင်ရ ကြားရသည့်အခါ သူတော်ကောင်းတို့၏“နှလုံးသားကို တုန်လှုပ်စေတတ်သောတရားကို ကရုဏာဟု ခေါ်ရ၏၊“ဒုက္ခဖြစ်အင် ကြုံတွေ့မြင်သော် သူတော်စင်များ စိတ်ချောက်ချား၍ သနားသမှု လှုပ်အောင်ပြု မှတ်ရှုကရုဏာ”တဲ့။
သဘာဝဘေးဒါဏ်ကြောင့်ဖြစ်စေ သက်ရှိဘေးဒါဏ်ကြောင့်ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ဒုက္ခရောက်နေသည်ကို မြင်နေ ကြားနေရပါလျှက်“နှလုံးသားမတုန်လှုပ်”ဟုဆိုလျှင် ထိုသူသည် ကရုဏာမကိန်းသောကြောင့်ဖြစ်၏၊ဒေါသနှင့်ကရုဏာသည်“မီးနှင့်ရေ- နေနှင့်လပမာ”လုံးဝဆန့်ကျင်သည့် သဘာဝတရားဖြစ်၏။ဒေါသသည် သူတစ်ပါးကို ဒုက္ခရောက်အောင် ပြုလုပ်တတ်သော မဲညစ်သည့်
“အဖျက်”တရားဖြစ်၍ကရုဏာသည်အကြောင်းတစ်ခုခုကြောင့်
ဒုက္ခရောက် နေသူကို ထိုဒုက္ခမှလွတ်အောင် တတ်နိုင်သမျှ
ကူညီဖေးမတတ်သော ဖြူစင်သည့်“အပြု”တရားဖြစ်၏၊ထိုကြောင့် ကရုဏာကိန်းသောသူသည်“မိမိရှေ့မှောက် ဒုက္ခရောက်နေသူကို
မြင်ရကြားရသောအခါလက်ပိုက်ကြည့်၍ မနေတတ်၊
မနေနိုင်၊ တတ်နိုင်သည့်နေရာမှ ကယ်ဆယ်ခြင်း ဖေးမခြင်း ကူညီခြင်းလုပ်ငန်းကို လုပ်ဖြစ်အောင်လုပ် လိုက်သည်သာဖြစ်၏။


ထိုအခါ သူတို့နှစ်ဦးသည် သဟဇာတ ဖြစ်သွားတော့၏
သဟဇာတဖြစ်လျှင် အညမညပါ ဖြစ်သွားတော့၏။
အညမညဟူသည်အပြန်အလှန်(ကျေးဇူးပြုသည့်)စည်းလုံးသည့် သဘောဖြစ်၏၊ထိုအခါ သူတို့နှစ်ဦးသည်(လူတန်းစားနှစ်မျိုးသည်) မည်သူတွေ ဘယ်လောက်ခွဲခွဲ ကွဲသွားလိမ့်မည်မဟုတ်တော့။
သဟဇာတ အညမညသဘောကို ပေါက်ဖွါးပေးတတ်သော ယင်းကရုဏာတရားသည် ယခု အရှင်အင်္ဂုလိမာလ၏ နှလုံးသားထဲနေရာယူနေပေပြီ၊ တဒင်္ဂမဟုတ်
တစ်ခဏလည်းမဟုတ် ထာဝရနေရာယူထားခြင်းဖြစ်၏။
ထို့ကြောင့် တစ်ချိန်ကလူပေါင်းများစွာကို“မြေခစေရာ၌”လက်မရွံ့ခဲ့သော
လက်မတွန့်ခဲ့သော(အကြင်နာမဲ့ခဲ့သော)အရှင်အဂုင်္လိမာသည်ယခုတော့ သွေးမတော်သားမစပ်မိမိနှင့်ဘာမှမပါတ်သက်သောကိုယ်ဝန်ဆောင်
အမျိုးသမီး တစ်ယောက်၏ဒုက္ခကို မြင်ရ ကြားရသောအခါ ယခင်ကဒေါသကြောင့် မဲညစ်နေသော အမဲရောင်နှလုံးသားသည် ယခုအခါ ကရုဏာကြောင့် ပန်းနုရောင်အသွင်ပြောင်းသွားလေပြီ၊ ထိုအခါ နုနယ်နေသော ပန်းနုရောင်နှလုံးသားသည်“တုန်လှုပ်မှု”
ကြာပန်းကို ပွင့်လန်းစေလေပြီ၊တုန်လှုပ်မှုကြာပန်းမှထွက်လာသော
“အမျိုးသမီးငယ်အား သားမဖွါးနိုင်ခြင်းဒုက္ခမှကယ်တင်လိုသော အကြံဖြစ်ပေါ်လာမှု”ရနံ့များသင်းပျံ့၍လာပေပြီ။ 


အရှင်၏စိတ်ထဲ၌“အချင်းတို့ သတ္တ၀ါတို့သည် ပင်ပမ်းကုန်စွတကား၊ အချင်းတို့ သတ္တ၀ါတို့သည် ပင်ပမ်းကုန်စွတကား”ဟုသနားမှု တုန်လှုပ်မှုရနံ့သည် ယနေ့ထက်တိုင် သင်းပျံ့နေဆဲဖြစ်၏။
အမှန်အားဖြင့် ကမ္ဘာတည်သ၍ သင့်ပျံ့နေမည်သာဖြစ်ပါ၏။
အရှင်၏ခြေလှမ်းတို့သည်လေးလံနေ၏၊ သို့သော် နှေးနှေးမှန်မှန်ဖြင့် ဆက်လက်လျှောက်လှမ်းနေရ၏၊ အများပေါင်းစု၍ ကောင်းမှုအဖြစ်
တည်ဆောက်ထားသောသာဝတ္ထိမြို့တွင်းရှိ ဓမ္မာရုံ(ဆွမ်းစားဇရပ်)
အလွှာမျိုးစုံမှ လောင်းလှူလိုက်သော ဖြူနီကြောင်ကြား အကြမ်းအနု အပူအအေး ချိုချဉ် စပ်ငန် ဖန်ခါး အရသာမျိုးစုံပေါင်းစပ်နေပြီး
ဖြစ်သောဆွမ်းကို တစ်လုပ်ခြင်းတစ်လုပ်ခြင်းဘုဉ်းပေးနေ၏
ဘုဉ်းပေးနေ၏ဆိုသော်လည်း အလွတ်ဘုဉ်းပေးနေသည်တော့မဟုတ်၊
ဆွမ်းအလှူရှင်များကိုချမ်းသာဖို့ ဆင်းရဲမှလွတ်မြောက်ကြဖို့ မေတ္တာပို့၏
သဒ္ဓါဖွေးဖြူ ပေးလှူအပ်သော ဤဆွမ်းကို“မြူးရယ်မာန်ကြွ လှပရေဆင်းပြည့်ဖြိုးခြင်းငှာ ဘုဉ်းပေးသည်မဟုတ်''၊ပထ၀ီ အာပေါ တေဇော ၀ါယောဟူသော ဓါတ်ကြီးလေးပါးဖြင့်တည်ဆောက်ထားသော
ဤခန္ဓာကိုယ်ကြီး ရည်ရှည်တည်တန့်ဖို့ အသက်ရှည်ဖို့ဖြစ်၏။ 


အသက်ရှည်မှ“စာပေကျန်းဂန် သင်အံပို့ချခြင်းပရိယတ္တိလုပ်ငန်း၊ တရားဘာဝနာရှုပွါးမှု ပဋိပတ္တိလုပ်ငန်း”သာသနာ့လုပ်ငန်းကြီးနှစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် တွင်တွင်ကျယ်ကျယ်ထမ်းဆောင်နိုင်မည်
ဖြစ်၏ဖြန့်ဝေနိုင်မည်ဖြစ်၏၊ထို့ကြောင့်“အစာစားဖို့
အလုပ်လုပ်သည်မဟုတ်၊အလုပ်လုပ်ဖို့ အစာစားခြင်းဖြစ်၏”ဟု
နှလုံးသွင်းဆင်ခြင်၏၊ ဆွမ်းလုပ်တိုင်းကိုလည်းအမှတ်သတိဖြင့်
ဘုဉ်းပေးသုံးဆောင်၏၊အရှင်အင်္ဂုလိမာလသည်ဆွမ်းဘုဉ်းပေးတိုင်း
ဘုဉ်းပေးတိုင်း ဆွမ်းဒကာ ဆွမ်းအမများကိုသီးသန့်မေတ္တာပို့ခြင်းအလုပ်၊
ပစ္စဝေက္ခဏာဆင်ခြင်ခြင်းအလုပ်၊ ဘာဝနာရှုမှတ်ခြင်းအလုပ်ဟူသော
“လုပ်ငန်းကြီးသုံးခုကို”လုပ်မိအောင် လုပ်နေသည်သာဖြစ်၏၊ အားကျဖွယ် အတုယူဖွယ် ကြည်ညိုဖွယ် အရှင်အင်္ဂုလိမာလမထေရ်မြတ်ပေတကား။
အရှင်မြတ်သည် ဆွမ်းဘုဉ်းပေးပြီးနောက် ကျောင်းတော်သို့ ပြန်ရောက်သောအခါ ရှင်တော်မြတ်ဘုရားထံချဉ်းကပ်၍လက်အုပ်ချီကာ ဆွမ်းခံရင်းကြုံတွေ့ခဲ့ရသော“ကိုယ်ဝယ်ဆောင်မိခင်တစ်ဦး၏ဒုက္ခနှင့် သူအကြံဖြစ်ပုံ”ကိုပါလျှောက်ထားလေ၏။ထိုအခါ မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရားက အဂုင်္လိမာလသို့ဖြစ်မူသင်သည် ထိုကိုယ်ဝန်ဆောင် အမျိုးသမီးထံသွား၍-နှမ ငါသည် မွေးဖွါးသောအခါမှစ၍ သေစေလိုသောစေတနာဖြင့်သတ္တ၀ါတို့ကို
သတ်ဖူးသည်ဟုမသိစဘူး၊ထိုသစ္စာစကားကြောင့် သင်အားလည်းကောင်းကိုယ်ဝန်သူငယ်အားလည်းကောင်း
ချမ်းသာခြင်း ဖြစ်စေသတည်း”ဟု သစ္စာပြုရန် မိန့်တော်မူ၏၊


အရှင်အင်္ဂုလိမာလသည် ဘုရားရှင်၏ စကားကို အမှတ်မဲ့မနာ အမှတ်မဲ့မနေ စကားလုံးတိုင်းကို“ဂရုတစိုက်”နားထောင်နေ၏၊ နာယူနေ၏၊ဘုရားရှင်ညွှန်ကြားတော်မူသော“သစ္စာ”စကားထဲ၌“-
မွေးဖွါးသည်မှစ၍”ဟူသော စကားကိုပြန်လည်စဉ်းစားလိုက်၏၊
သူ့ဘ၀၏ အတိတ်ကို ပြန်ကြည့်ခြင်းဖြစ်၏ထိုအခါ
“ပညာ၏ဥပစာရအတွက်ဟု”အကြောင်းပြကာ
လူများစွာကိုသေစေခဲ့သော အရိပ်မဲကြီးသည်ပေါ်လာတော့၏။ ထိုသို့ဆိုလျှင်“သစ္စာမထိုက်သော သစ္စာပြုခြင်းသာ”ဖြစ်ပေတော့မည်၊ မုသားကို သစ္စာထင်အောင် ပုံမှားရိုက်ခြင်းသာ ဖြစ်နေပေတော့မည်။ အရှင်သည် မုသားဖက်သော သစ္စာကိုမပြုချင်၊ပြုလျှင်လည်း စွမ်းမည်မဟုတ်၊“အသိ သတိ”ဖြင့် အကုသိုလ်ဆိုရင် မှဲ့တစ်ပေါက်စာမျှပင်မထင်ရအောင်ကျင့်သုံးနေသည့်အရှင်ဖြစ်နေလေပြီ။


ထို့ကြောင့် ရှင်တော်မြတ်ဘုရားကို ပြန်လည်လျှောက်ထားလေ၏
ယင်းသစ္စာသည်တပည့်တော်နှင့်မထိုက်တန်ပါဘုရား၊တပည့်တော်သည်
ပညာရေးအတွက်ဟုအကြောင်းပြမှားကလူများစွာကိုသတ်
လက်ဖြတ်ခဲ့ဘူးသည့်အတိတ်ကအရိပ်မဲ ရှိနေပါသည်၊
ထို့ကြောင့်ယင်းသစ္စာသည်အခြားအရှင်မြတ်များအတွက်
“ပြုထိုက်သော သစ္စာ”ဖြစ်ကောင်းဖြစ်နိုင်သော်လည်း
အတိတ်မသန့်သောတပည့်တော်အတွက်တော့သစ္စာမဖြစ်ပဲ
မုသားဖြစ်နိုင်ပါသည်ဘုရား။ထိုအခါမဟာကရုဏာရှင်
ရှင်တော်မြတ်ဘုရားသည် အရှင်အင်္ဂုလိမာလကို
“တစ်ကိုယ်နှစ်ဘ၀”ခွဲကာ သစ္စာပြုနည်း ပြင်၍ပေးတော်မူ၏။
အရှင်အင်္ဂုလိမာလထေရ်သည် ပြင်ပေးလိုက်သော“သစ္စာပြုနည်း”ကို မှတ်သား၍ ကရုဏာလွှမ်းသော ခြေလှမ်းတို့ဖြင့် မိမိဆွမ်းခံစဉ်က မြင်တွေ့ခဲ့သောသားမဖွါးနိုင်သောကြောင့် ဒုက္ခရောက်နေရသည့် ကိုယ်ဝန်ဆောင်မိခင်ဆီသို့ဦးတည်၍ ကြွသွားနေလေပြီ၊ သူ၏ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းတို့သည် …….(ဆက်ရန်)
ကောင်းသစ်

Monday, December 13, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၁၉)

ကောသလမင်းကြီးအရှင်အင်္ဂုလိမာလကိုပစ္စည်းလေးပါးဖိတ်မံခြင်းသည်
ကြည်ညို၍ဖြစ်ချင်ဖြစ်မည်၊၀တ်ကျေတန်းကျေဝတ္တရားအရ
ဖိတ်မံခြင်းလည်းဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ ပစ္စည်းလေးပါးနှင့်ပါတ်သက်၍အလိုနည်းစွာကျင့်သုံးနေပြီးဖြစ်သော အရှင်အင်္ဂုလိမာလသည် မင်းကြီး၏ပစ္စည်းလေးပါးဖိတ်မံခြင်းကို ယဉ်ကျေးစွာပယ်မြစ်လိုက်လေပြီ၊အရှင်အင်္ဂုလိမာလထေရ်၏
“ရသမျှနှင့်ရောင့်ရဲစွာကျင့်သုံးနေထိုင်တတ်ပြီး ဖြစ်သောမိမိအဖို့ ပစ္စည်းလေးပါးပြည့်စုံပါပြီးဟု”ယဉ်ယဉ်ကျေးကျေးဖြင့် ပစ္စည်းလေးပါး
ဖိတ်မံခြင်းကိုပစ်မြစ်လိုက်သောစကားကြားရသောအခါ
ဘုရင်မင်းကြီးသည်အံ့သြသွား၏၊အံ့သြမည်ဆိုလျှင်လည်း
အံသြထိုက်ပေ၏အရှင်အင်္ဂုလိမာလသည်ကြမ်းတမ်းမှု“ဒေါသ”
ကိုသာမက၊အလိုလွန်ကဲမှု“လောဘ”ကိုပါထိမ်းချုပ်မှုစွမ်းအား
ရှိသွားလေပြီ၊အမှားအမှန်-အကျိုးရှိမရှိ-တရား မတရား-
အရာအာလုံးတို့အပေါ်၌ တွေဝေမှု
“မောဟ”တရားကိုပါသူပယ်ရှားနေပေပြီ၊

မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား၏“ရပ်သူနှင့်သွားနေသူ”
အတိုချုပ်တရား နာကြားခွင့်ရသောကြောင့်သူ၏ဘ၀သူ၏
ချေလှမ်းတို့သည်“သစ္စာတရား”ပေါ်၌ ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲစွာရပ်တည်နေပေပြီ။သူသည်သစ္စာမဲ့သော“အဓမ္မ”လုပ်ရပ်ကို
ဘယ်သောအခါမှလုပ်လိမ့်မည်မဟုတ်၊ပြောလိမ့်မည်လည်း
မဟုတ်တော့ချေ၊သူ၏ကိုယ်ကျင့်ဖြူစင်မှု“စာရိတ္တ”မဏ္ဍိုင်သည် ဘယ်သောအခါမှ ယိမ်းယိုင်တော့မည် မဟုတ်ချေ။
ကျောက်စိုင်ပေါ်စိုက်သော ကျောက်တိုင်ကဲ့သို့ ခိုင်မြဲသွားလေပြီ။
အရှင်အင်္ဂုလိမာလ လူကောင်းတစ်ယောက်ဖြစ်သွားသောကြောင့် မင်းနှင့်တကွလူထုတစ်ရပ်လုံး ဘေးကင်းသွားပေပြီ၊
ဤသည်မှာ စစ်မှန်သောဗုဒ္ဓဓမ္မ၏ ကျေးဇူးတရားပင် မဟုတ်ပါလော။
စာရိတ္တဗလကို ဘာသာတရားမှလွဲ၍ အဘယ်မှာရနိုင်ပါအံ့နည်း။
စာရိတ္တဗလမပါသော အခြားဗလများသည် တိုးတက်မှုကို ဖေါ်ဆောင်ကောင်း ဖေါ်ဆောင်နိုင်လိမ့်ဖြစ်သော်လည်း အရေးကြီးဆုံးဖြစ်သည့်“ငြိမ်းချမ်းမှု”ကိုတော့ ဘယ်သောအခါမှဖေါ်ဆောင်နိင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် နိုင်ငံငြိမ်းချမ်းမှု ကမ္ဘာကြီးငြိမ်းချမ်းမှုကိုပါလိုလားသူဖြစ်လျှင်
ကိုယ်ကျင့်ကောင်းမွန်မှု“စာရိတ္တဗလ”ကိုပါ မြင့်အောင် မြှင့်တင်
သင့်ကြပေသည်။မင်းကြီးသည် အရှင်အင်္ဂုလိမာလအနားမှ ခွါ၍ ရှင်တော်မြတ်ဗုဒ္ဓအနားသို့ တဖန်ချဉ်းကပ်ပြန်၏၊
ထို့နောက်တော့မြိုသိပ်မထားနိုင်သောရင်တွင်းခံစားချက်ကို
ဘုရားရှင်အား လျှောက်ထားလေတော့၏။မင်းကြီး ဘုရားရှင်အား လျှောက်ထားသော စကားအပြည့်အစုံမှာ အရှင်ဘုရား
အံ့သြဖွယ်ရှိပေစွ၊ အရှင်ဘုရား မဖြစ်ဘူးမြဲဖြစ်ပါပေစွ၊ အရှင်ဘုရား မြတ်စွာဘုရားသည် မယဉ်ကျေးသောသတ္တ၀ါတို့ကို ယဉ်ကျေးအောင် လွန်ကဲစွာဆုံးမတော်မူတတ်ပါပေစွ၊မငြိမ်သက်သော သတ္တ၀ါတို့ကို လွန်ကဲစွာ ငြိမ်သက်စေတော်မူတတ်ပါပေစွ၊မငြိမ်းအေးသေးသော သတ္တ၀ါတို့ကို လွန်ကဲစွာ ငြိမ်းအေး စေ တော်မူတတ်ပါပေစွ၊ အရှင်ဘုရား အကျွန်ုပ်တို့သည် ယင်းအင်္ဂုလိမာလကို တုတ်လှံတံဖြင့်သော်လည်းကောင်း ဓါးလက်နက်ဖြင့်
သော်လည်းကောင်း ဆုံးမခြင်းငှာမစွမ်းနိုင်ကြပါကုန်၊ 

ထိုအဂုင်္လိမာလကိုမြတ်စွာဘုရားသည်တုတ်လှံတံလက်နက်မပါဘဲလျှက်
ဓါးလက်နက် မပါဘဲလျှက်သာလျှင်(ဓမ္မ-စာရိတ္တဗလဖြင့်)
ယဉ်ကျေးစေတော်မူနိင်ပါပေ၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည်
ယခု သွားကြပါကုန်အံ့၊အရှင်ဘုရား အကျွန်ုပ်တို့သည် များသောပြုဖွယ်ကိစ္စ ရှိကြပါကုန်၏ ဟူ၍ဖြစ်၏။အထက်ပါ မင်းကြီး၏ ဘုရားရှင်အား လျှောက်ထားချက်သည် အကြောင်းမဲ့
လျှောက်ထားခြင်းမဟုတ်၊ ပြည်သူလူထုက လူဆိုးကြီးအင်္ဂုလိမာလကို နှိမ်နင်းရန် မတောင်းဆိုခင်ကပင် မင်းကြီးသည်အင်္ဂုလိမာလကို နှိမ်နင်းရန် ဆင်တပ်ကိုလွှတ်၍လည်း နှိမ်နင်းခိုင်းဘူး၏။
မြင်းတပ် ရထားတပ် ခြေလျှင်တပ်ကိုလည်း လွှတ်၍ နှိမ်နင်းခိုင်းဘူး၏။
 တစ်ကြိမ်မက နှစ်ကြိမ်မက အကြိမ်များစွာပင်ဖြစ်၏၊ သို့သော် လွှတ်သမျှပြန်ရောက်လာသည်ဟူ၍မရှိပေ၊“ငါ အင်္ဂုလိမာလ ဟေ့”ဟု ကြိမ်းဝါးလိုက်လျှင်ပင် အသံကြားသူမှန်သမျှ ခံတိုက်မှု ခုခံမှုမရှိပဲ
လက်နက်စွန့်၍ ပြေးကြသည်သာများ၏၊သို့သော် သူလက်က လွတ်သူဟူ၍မရှိပေ၊(ပြန်လမ်းမရှိသောခရီးစဉ်ဖြစ်၍
နောက်တော့ အင်္ဂုလိမာလကိစ္စကို သူ့ထိုက်သူ့ကံဟုလျစ်လျူရှုကာ
မသိကျိုးနွံပြုနေတော့၏၊ ပြည်သူကတောင်းဆိုမှမလွှဲသာ၍
သူကိုယ်တိုင်ကြောက်ကြောက်နှင့် ဖမ်းဆီးရန်ထွက်လာရင်း ဘုရားရှင်ထံ ဖူးမျှော်ဝင်ရောက်ခြင်းဖြစ်၏)

တောဆင်ရိုင်း မြင်းရိုင်းများပင် သူနှင့်တွေ့က အသက်ချမ်းသာခွင့် ရသည်မရှိပေ၊တစ်ချိန်ကအရှင်အင်္ဂုလိမာလသည်“အဲဒီလောက်ကြမ်း၏၊
အဲဒီလောက်ရမ်း၏၊ အဲဒီလောက်ထိ စွမ်းခဲ့သူဖြစ်၏၊''ယခု ယခင်နှင့်မတူတော့ ရမ်းရာမှယဉ်(ယဉ်ကျေး)ကြမ်းရာမှကြင်(ကြင်နာ)
စွမ်းရာမှစင်(စင်ကြယ်)သူအဖြစ် မယုံနိုင်လောက်အောင်ပင် ပြောင်းလဲသွားပေပြီ၊ပြောင်းလွဲသွားပေပြီ။ ထိုဖြစ်ရပ်များသည် ကိုယ်တွေ့ဖြစ်ရပ်မှန်ဖြစ်၍ဘုရင်မင်းကြီးသည် အထက်ပါစကားကို ဘုရားရှင်အားလျှောက်ထားခြင်းဖြစ်၏။ထိုအခါ ရှင်တော်မြတ်ဘုရားက မင်းကြီးသွားတော့ ဟုလည်းမနှင်၊ နေပါအုံးဟုလည်းမတား၊
သွား မသွားမှာအသင်မင်းကြီး၏သဘောပင်ဖြစ်၏၊သွားရန်အချိန်ကို သင်သိ၏ဟုမိန့်တော်မူ၏။ထိုအခါ ပသေနဒီကောသလ
မင်းကြီးသည် နေရာမှထ၍မြတ်စွာဘုရားကိုရှိခိုးလျှက်
အရိုအသေပြုကာဖဲခွါသွားလေ၏၊

အရှင်အင်္ဂုလိမာလသည် သင်းပိုင်ကိုဒူးဆစ်အောက် လက်ရှစ်သစ်ခန့်
ညီညာမှုရှိအောင် သေသေချာပြင်ဝတ်၏၊သေချာပြီးဆိုမှ
ခါပန်းကြိုးကိုပတ်၏၊ ထို့နောက်ဧကသီကို ဒူးဆစ်အောင် လက်လေးသစ်ခန့် ၀န်းဝိုင်းညီညာမှုရှိအောင် ဂရုတစိုက်းဝတ်ရုံ၏၊
အနားပါတ်သီးကိုလည်းသေသေချာချာတပ်၏၊လည်ပင်း
လက်ကောက်ဝတ်မပေါ်ရအောင်လည်း ဖုံးရသေး၏၊
အရှင်သည် ပင့်ဆွမ်းကိုလက်မခံ၊အိမ်စဉ်လှည့်၍ အလှူခံရသော
ဆွမ်းကိုသာဘုဉ်းပေး၏။ ထို့ကြောင့် စက္ခုနြေ္ဒချ မိမိရှေ့လေးတောင်လောက်သာကြည့်ရှု့လျှက် အိမ်စဉ်လှည့်ကာ သပိတ်ပိုက်လျှက် ဆွမ်းခံကြွတော်မူ၏၊ တစ်နေ့မဟုတ် တစ်ရက်မဟုတ် ရဟန်းဖြစ်ပြီး သာဝတ္ထိပြည်သို့ရောက်သည့်နေ့မှစ၍ နေ့စဉ်ပင် ကြွတော်မူခြင်းဖြစ်၏။ကြွတော်မူသောအခါ၌လည်း ကိုယ်လှုပ်ခြင်း လက်မောင်းလှုပ်ခြင်း ဦးခေါင်းလှုပ်ခြင်းစသော ဣနြေ္ဒမဲ့အမူအယာများ လုံးဝမပြုမိစေရန်“အမှတ် သတိ”ဖြင့်ကြွတော်မူ၏။ထို့ကြောင့် တည်ငြိမ်မှုရှိလှသော အရှင်အင်္ဂုလိမာလကို အရင်လို 
“ကြောက်စရာဟုမမြင်၊ ကြည်ညိုဖွယ်ရာ”အသွင်ဖြင့်သာ လူအများ ဖူးမြင်ရတော့၏၊ဟိုတစ်ချိန်ကသောကကိုဖြစ်စေသော အင်္ဂုလိမာလသည် ယခုတော့ သုခကိုဖြစ်စေသော
အရှင်အင်္ဂုလိမာလထေရ်ဖြစ်နေပေပြီ။(ထို့ကြောင့်“စိတ်”တစ်ခု ပြောင်းလဲလိုက်လျှင်ပင်“ဘ၀”တစ်ခုလုံးပြောင်းလွဲသွားနိုင်၏၊) 
တစ်ခုသောနေ့၏ နံနက်ခင်းအချိန်ပင်ဖြစ်၏၊ အရှင်အင်္ဂုလိမာလသည် အခါတိုင်းကဲ့သို့ပင် သင်းပိုင်ဧကသီတို့ကို ကောင်းစွာဝတ်ရုံ၍ သပိတ်ပိုက်ကာ အိမ်စဉ်လိုက်ဆွမ်းခံကြွတော်မူစဉ်
“သားမဖွါးနိုင်၍ မသက်မသာ ဆင်းရဲဒုက္ခအလူးအလဲခံနေရသော”
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို တွေ့မြင်ရ၏၊
ညီးညူသံ သဲ့သဲ့ကိုလည်းကြားနေရ၏ထိုအခါ ယခင်ကကြမ်းတမ်းမှုကို အမြဲနေရာပေးထားရသော သူ၏နှလုံးသားသည်ယခုအခါ ထူးထူးဆန်းဆန်း ကရုဏာကြာပန်းများပွင့်လန်းလာပေပြီ။
အကြင်နာ ရနံ့များသင်းပျံ့လာပေပြီ။
(သူ၏ မဲညစ်သောနှလုံးသားသည် ယခုအခါ ပန်းနုရောင်သမ်းသော နူးညံ့သည့် နှလုံးသား ဖြစ်သွားလေပြီ၊ အော် နှလုံးသားသည်လည်း အရောင်ပြောင်းတတ်ပေသည်တကား)(ဆက်ရန်)
ကောင်းသစ်

Sunday, December 12, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၁၈)

ထိုအခါ…ပေဿနဒီကောသလမင်းကြီးအား နွေခေါင်ခေါင် မိုးကြီုးပစ်သံ  ကြားလိုက်ရသလို မထင်ထားသောနေရာ၌ မထင်မှတ်သောသတင်းကိုရုတ်တရက်ကြားလိုက်ရသောအခါ
ကြောက်လန့်တုန်လှုပ်၍သွားလေ၏။ရာဇဣနြေ္ဒကိုပင်
မဆည်နိုင်တော့လောက်အောင်ကြောက်ရွံ့ထိတ်လန့်သော
အမူအယာသည်ပေါ်လွင်နေတော့၏။ခန္ဓာကိုယ်တုန်လှုပ်ခြင်း
ကြက်သီးမွှေးညှင်းများထခြင်းသည်ဖုံးဖိ၍မရတော့။မင်းကြီးသာမက
ကျန်စစ်သည်များသည်လည်းကြောက်လန့်သည်သာဖြစ်၏။
အင်္ဂုလိမာလ၏ စွမ်းရည်သူရသတ္တိကို သူတို့အားလုံးသိကြပြီးသားဖြစ်၏
တစ်ယောက်ချင်းမည်သူမျှမယှဉ်ရဲ၊အများနှင့်တစ်ယောက်မို့သာသူတို့
ဖမ်းဆီးဖို့ လိုက်လာကြခြင်းဖြစ်၏၊ မလိုက်လိုသော်လည်းမဖြစ်၊
သူဆန်စားရဲရမည် မဟုတ်ပါလား။


ဘုရားရှင်သည်ဘုရင်မင်းကြီး၏ဟန်မဆောင်နိုင်လောက်အောင်ပင်
ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေသောအမူအရာကို
(စိတ်ထဲထိထွင်းဖေါက်)မြင်ရသောအခါစိတ်သက်သာရာရစေရန်
“မင်းကြီးစမ်းရေမှမီးမတောက်သလိုဤအင်္ဂုလိမာလထံမှ
ဘေးသည်ရောက်လာတော့မည်မဟုတ်တော့၊သက်ရှိဆိုလျှင်
လူမဆိုထားဘိပိုးရွချပုံးကိုသော်မှသူသည်သတ်တော့မည်မဟုတ်၊
သူ၏နှလုံးသား၌“ဓမ္မ”ကိန်းနေလေပြီးဟု မိန့်ကြားတော်မူလိုက်၏။
 “ပစ္စည်းနှင့်ကိုယ်အင်္ဂါအစိတ်အပိုင်းနှစ်ခုတစ်ခုခုစွန့်ပါဆိုလျှင်
ပစ္စည်းကိုစွန့်ရာ၏၊အင်္ဂါအစိတ်ပိုင်းနှင့်အသက်နှစ်ခု
တစ်ခုခုစွန့်ပါဆိုလျှင်အင်္ဂါအစိတ်အပိုင်းကိုစွန့်ရာ၏။
အသက်နှင့်ဓမ္မနှစ်ခုတစ်ခုခုစွန့်ပါဆိုလျှင်
အသက်ကိုစွန့်ရာ၏။ ဓမ္မကိုမစွန့်ရာ” သူတော်ကောင်းတို့၏ယင်းဥပေဒသကိုအင်္ဂုလိမာလသည်
စွဲမြဲစွာဆုပ်ကိုင်ထားသူဖြစ်၏၊ထို့ကြောင့်အင်္ဂုလိမာလသည်
သူ့အသက်ရန်ရှာသူကိုပင်ပြန်လည်၍ရန်ပြုတော့မည်မဟုတ်၊
အသက်သအသေခံသွားမည့်သူဖြစ်၏၊အရာအားလုံးထက်ဓမ္မကိုသာ
တန်ဘိုးထားရမှန်းသူကောင်းစွာ သိနားလည်သွားပေပြီ။
ငြိမ်းချမ်းသော ပရိသတ်ထဲ၌ ငြိမ်းအေးမှုသဘောတရားကို
သူခံစားတတ်နေလေပြီ၊ဘယ်သောအခါမှလောကီအပူတောသို့
တဖန်ပြန်လည်၍ ဦးမော့တော့မည် မဟုတ်တော့။
ကောသလမင်းကြီသည်ဘုရားရှင်၏စကားတော်ကြောင့်
စိတ်သက်သာရာရသွား၏။ တဖြေးဖြေးကြောက်စိတ် 
လန့်စိတ် စိုးရိမ်စိတ်များ ပြေသွား၏၊


ထိုအခါမှအရှင်အင်္ဂုလိမာလအနားသွား၍“အရှင်ဘုရား
အရှင်ဘုရားသည်အကျွန်ုပ်တို့၏(အလိုရှိနေသော)
အင်္ဂုလိမာလလေလော”ဟုလျှောက်ထားကြည့်၏။
(နာမည်တူဖြစ်နေမှာစိုး၍သေချာအောင်မေးလျှောက်ခြင်းဖြစ်၏)
မင်းကြီးမှန်ပေ၏ဟုပြန်လည်ဖြေဆို၏။
မင်းကြီးသည် တဆင့်တက်၍
(ပို၍ တိကျမှုရှိစေရန်) အရှင်ဘုရား၏မိခင်ဖခင်တို့သည် အဘယ်အနွယ်ရှိပါသနည်း-ဟု မေးလျှောက်ပြန်၏၊မင်းကြီး အမိသည် မန္တာဏီမျိုးနွယ်ဖြစ်၍အဖသည် ဘဂ္ဂ၀မျိုးနွယ်ဖြစ်ပေ၏
ဟုဆက်လက်ဖြေဆိုရပြန်၏။အရှင်ဘုရားသည်အသက်နှင့်ခန္ဓာ
တည်သမျှကာလပါတ်လုံး ရှင်တော်ဘုရား၏သာသနာတော်၌ ပျော်မွေ့တော်မူပါ။တပည့်တော်ကောသလမင်းကြီးသည်
အရှင်ဘုရားအတွက်“သင်္ကန်းဆွမ်းကျောင်းအိပ်ရာနေရာသူနာ၏
အထောက်အပန့်အသက်၏အရံအတားဖြစ်သော လိုအပ်သမျှသောဆေးပစ္စည်းတို့ဖြင့်”ကြောင့်ကြစိုက်၍ ထောက်ပန့်လှူဒါန်းပါမည့်ဘုရားဟုပစ္စည်းလေးပါးဒကာအဖြစ် အားလုံး၏ရှေ့၌ လျှောက်ထားလေ၏။ဓုတင်ဟူသည် ကိလေသာကို ခွါဖို့ပယ်ဖို့နည်းဖို့ကျဲဖို့ကင်းဖို့ရှင်းဖို့ကျင့်ကြံသော အကျင့်မြတ်ဖြစ်၏။
ယင်းအကျင့်ကို အရှင်အင်္ဂုလိမာလ ကျင့်သုံးနေပေပြီ၊
သာသနာ့ဘောင်အရောက်နောက်ကျသော်လည်း
အကျင့်အောက်မကျစေရန်ကျင့်သုံးနေသော အတုယူဖွယ် ရဟန်းတော်တစ်ပါးအဖြစ်ရပ်တည်နေလေပြီ။
သူသည်ဓုတင်အကျင့်မြတ်“၁၃”ပါးလုံးကိုကျင်သုံးနေသူဖြစ်၏
သို့သော်ယင်းကိုအနည်းစုကသာသိ၏၊ အများစုကမူ“အရညကဓုတင် ပိဏ္ဍပါတ်ဓုတင်ပံသုကူဓုတင်တိစီဝရိတ်ဓုတင်”ဟူသောဓုတင်
“၄”မျိုးသာကျင့်သုံးနေသည်ဟုထင်နေကြ၏။ထင်လည်းထင်စရာပင်၊
တစ်ချို့သောရဟန်းတော်အရှင်မြတ်တို့သည်မိမိတို့အကျင့်မြတ်
(တရားထူး)ကို သူတစ်ပါးမသိအောင် သိုသိုသိပ်သိပ်နေတော်မူကြ၏
အထူးလျှို့ဝှက်နေထိုင်တော်မူကြ၏။


ထို့ကြောင့်ရဟန္တာအရှင်မြတ်နောက်သပိတ်ပိုက်လိုက်နေသော
တောထွက်ရဟန်းတစ်ပါးသည် မိမိဆရာရဟန္တာဖြစ်နေကြောင်းကိုပင် မသိရှာပေ။(ဈာန် မဂ် ဖိုလ် တရားထူးနှင့်ပါတ်သက်ရှိ မရှိပဲမရပဲ ရှိသည်ရသည်ဟုလူဒကာဒကာမများအထင်ကြီးအောင်ဘုန်းကြီးအောင်
လိမ်ညာပြောဆိုပါကသာသနာတော်၌ဆက်လက်နေထိုင်ခွင့်မရှိဟု
ရှင်တော်မြတ်ဘုရားသည်ဝိနည်းဥပဒေကိုပင်တင်းတင်းကျပ်ကျပ်
ထုတ်ထားတော်မူ၏။ရရှိနေသည်ကိုပင်လူဒကာဒကာမများ
(အထင်ကြီးအောင်ဘုန်းကြီးအောင်)ပြောလျှင်အပြစ်ဖြစ်၏၊
ပါစိတ်အာပါတ်သင့်၏။(ပညာနောက်ထား၍သဒ္ဓါမြှောက်စားသော
ခုခေတ်ဗုဒ္ဓဘာသာဝင်များသတိထားဖွယ်ပင်ဖြစ်၏၊ ပညာမပါသော ယုံကြည်ချက်သည် အကန်းနှင့်တူ၍အကျင့်မပါသော ယုံကြည်ချက်သည်အကျိုးနှင့်တူ၏တဲ့၊ကိုးကွယ်မှု၌
ပညာ သဒ္ဓါ စုံသူဖြစ်နိုင်ကြပါစေ)ထို့ပြင်“အံ့သြစရာတိုင်းသည် အားကိုးစရာမဟုတ်”ဟူသောအဆို အမိန့်သည်လည်း
မှတ်သားစရာပင်ဖြစ်၏။ ပုထုဇဉ်တွေးတွေးလျှင် ဘုရင်မင်းကိုယ်တိုင်ကပစ္စည်းလေးပါးဖိတ်၍ပစ္စည်းလေးပါးဒကာခံလျှင်
ဘ၀င်မြင့်ချင်စရာဖြစ်၏၊မင်းကိုးကွယ်ခံဆရာတော်ဟု
လူအများအထင်ကြီးစရာဖြစ်၏။သို့သော် ထိုအထဲ အရှင်အင်္ဂုလိမာလ မပါဝင်ချေ။ထို့ကြောင့်လည်း“မင်းကြီးတန်ပြီ၊ငါအား(သင်္ကန်း)ပြည့်စုံပြီ
”ဟုပြန်လည်မိန့်ကြားလိုက်၏၊ ပြည့်စုံပြီဟု မိန့်ကြားခြင်းဖြင့် မင်းကြီး၏ပစ္စည်းလေးပါးဖိတ်မာန်မှုကို ယဉ်ယဉ်ကျေးကျေးဖြင့် ပယ်မြစ်လိုက်ခြင်းဖြစ်၏။ရှိသမျှနှင့်ရောင့်ရဲတတ်သောရဟန်းတော်အဖို့
အခါခပ်သိမ်းပြည့်စုံနေပါ၏။မရောင့်ရဲတတ်သူအဖို့တော့ပြည့်စုံခြင်း
ဟူသည်ဘယ်သောအခါမှရှိနိုင်လိမ့်မည်မဟုတ်ပေ၊“ရလေလိုလေ”
ဖြစ်နေမည်သာဖြစ်ပါ၏။“ပင်လယ်-ရေဖြင့်ပြည့်သည်မရှိ၊ မီး-လောင်စာဖြင့်ပြည့်သည်မရှိ၊လောဘ-ပစ္စည်းဖြင့်ပြည့်သည်မရှိ”တဲ့။
ထို့ကြောင့်ပြည့်စုံသူဖြစ်လိုလျှင်“ရှိသမျှနှင့်ရောင့်ရဲတတ်ဖို့”
အရေးကြီး၏၊''သန္တုဋ္ဌီ ပရမံ ဓနံ”ဟုတရားသဘော
ဘုရားဟောပင် ရှိသည်မဟုတ်ပါလား။(ဆက်ရန်)
ကောင်းသစ်

Saturday, December 11, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၁၇)

အတုမဲ့ မဟာကရုဏာရှင် ရှင်တော်မြတ်ဗုဒ္ဓသည် ရဟန်းသစ်
အရှင်အင်္ဂုလိမာလနှင့်အတူ မိမိသိတင်းသုံးရာ သာဝတ္ထိပြည် အနာထပိဏ်(နာမည်ရင်းသုဒတ္တ)သူဌေးနှင့်ပုညလက္ခဏဒေ၀ီတို့ စိတ်တူကိုယ်တူ ဆောက်လုပ်လှူဒါန်းအပ်သော ဇေတ၀န်ကျောင်းတော်သို့ပြည်လည် ရောက်ရှိ၍လာပေပြီ။
သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းကြီး၏ နန်းတော်တံခါးဝ၌ လူများစုံရုံးလျှက် အသံကျယ်ကျယ်နှင့်တောင်းဆိုသံများ ကြားနေရ၏
တောင်းဆိုချက်များမှာ ဘုရင်မင်းကြီးနိုင်ငံတော်၌
“ကြမ်းတမ်းသောသွေးစွန်းသောလက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောနေသော လူထုအားသနားခြင်းကင်းမဲ့သော(လူစိတ်မရှိသော) အင်္ဂုလိမာလသည် ရွာကိုလည်းဖျက်နိဂုံးကိုလည်းဖျက်
ဇနပုဒ်ကိုလည်း ဖျက်ဆီးနေပါ၏၊ လူတို့ကိုသတ်ဖြတ်၍ လက်ချောင်းပန်းကုံးဆောင်ပါ၏၊နေ့နေ့ညည
ထိတ်ထိတ်လန့်လန့်နေရပါ၏၊ကျီးလန့်စာစား စားနေရပါ၏။
လူထုလုံခြုံရေးအတွက် အရှင်မင်းကြီးသည်လူဆိုးကြီး
အင်္ဂုလိမာလကိုတားမြစ်ပေးတော်မူပါ”ဟူ၍ဖြစ်၏။

ကောသလမင်းကြီးသည် မင်းဖြစ်သော်လည်း ပြည်သူကိုလေးစား၏၊ပြည့်သူ့စကားကို အရေးထား၏၊ထို့ကြောင့် ပြည့်သူဆန္ဒ ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်၏။သို့သော် ကောသလမင်းကြီးသည် အင်္ဂုလိမာလကိုကြောက်၏ လန့်၏၊
ထိပ်တိုက်ရင်ဆိုင်ရန် ၀န်လေးနေ၏၊ အကယ်၍ မသွားလျှင် မင်းကြီးသည် တာဝန်ကိုရှောင်လွှဲသူဟု လူထုတစ်ရပ်လုံးက ကဲ့ရဲ့ကြပေလိမ့်မည်။ အကယ်၍ သွားပြန်လျှင်လည်း မင်းကြီးဆက်၍ မတွေးဝံ့တော့။စိတ်၏ထွက်ပေါက်နည်းလမ်းစဉ်းစားရင်းမင်းကြီးသည်
အကြံတစ်ခုရသွား၏။ထိုအကြံအတိုင်းအကောင် အထည်ဖေါ်လေတော့သည်။ကောသလမင်းကြီး၏အကြံမှာ
ရှင်တော်မြတ်ဘုရားထံအရင်သွားမည်၊ဘုရားရှင်သည် တမလွန်စီးပွါးကိုသာညွန်ကြားသည်မဟုတ်၊ပစ္စုပ္ပန်စီးပွါးကိုလည်း
ညွှန်ကြားတော်မူ၏။ မြင်းတပ်နှင့်တကွလာသည်ကို မြင်သောအခါ
ဘယ်သို့ သွားမည်နည်းဟုမေးတော်မူလိမ့်မည်၊ ထိုအခါ မိမိမှ လူဆိုးကြီးအင်္ဂုလိမာလကို နှိမ်နင်းဘို့ပါဘုရားဟု လျှောက်ထားမည်။ 

မိမိနိုင်မည်မြင်တော်မူက ဘာမှဆက်မိန့်တော်မူလိမ့်မည်မဟုတ်၊ မိမိရှုံးနိမ့်မည်ကို မြင်တော်မူလျှင်ကား“လူဆိုးကြီး အင်္ဂုလိမာလထံ သွားခြင်းဖြင့် သင်မင်းကြီးဘာအကျိုးရှိအံ့နည်း”ဟု မိန့်တော်မူလိမ့်မည်၊
ထိုအခါမိမိက တပ်ခေါက်ပြန်ရုံသာရှိတော့သည်၊ လူထုကလည်း မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရားကတားမြစ်၍ မသွားဖြစ်ကြောင်းသိက မိမိအားကဲ့ရဲ့ပြစ်တင်ကြလိမ့်မည် မဟုတ်တော့။နေ့မွန်းတည့်ချိန်ဖြစ်၏၊ ကောသလဘုရင်မင်းကြီးသည် မြင်းစစ်သည်တော်ငါးရာနှင့်အတူ ဇေတ၀န်ကျောင်းတော်သို့
ဦးတည်၍ သွားနေ၏။ကျောင်းအရံဝ၌ မိမိစီးနင်းသော
ယဉ်ပေါ်မှဆင်း၍ ခြေကျင်သာလျှင် မြတ်စွာဘုရားထံချဉ်းကပ်၍
ရှိခိုးလျှက်သင့်လျှော်ရာ၌ လက်အုပ်ချီလျှက်ထိုင်နေ၏။
(သင့်လျှော်ရာဟူသည်-ဘုရားရှင်နှင့် ဝေးလွန်းသောနေရာ နီးလွန်းသောနေရာလေညာဖြစ်သောနေရာ မြင့်သောနေရာ ရှေ့တည့်တည့်နေရာ နောက်တည့်တည့်နေရာတို့မှ လွတ်သောနေရာကိုဆိုလို၏)

စကား မစသော ကောသလဘုရင်မင်းကြီးကို ရှင်တော်မြတ်ဘုရားကစကားလမ်းကြောင်း စပေးလိုက်၏ စမေးလိုက်၏၊“မင်းကြီး သင်သည်မဂဓပြည့်ရှင် သောတာပန်ဖြစ်သော ဘုရင်ဗိမ္ဗိသာရကို အမျက်ထွက်၍စစ်ချီလာသလော၊ ဝေသာလီ
လိစ္ဆ၀ီမင်းတို့ကို အမျက်ထွက်စစ်ချီလာသလော၊ တစ်ပါးသော ရန်သူတို့ကို အမျက်ထွက်၍စစ်ချီလာသလော”ဟု(လာရင်းကို သိသော်လည်း)မေးတော်မူလိုက်၏။တပည့်တော်သည် ဗိမ္ဗိသာရမင်း လိစ္ဆ၀ီမင်းနှင့် အခြားသောမင်းတို့ကို အမျက်ထွက်၍ စစ်ချီလာသည်မဟုတ်ပါ။ အမှန်အားဖြင့် တပည့်တော်၏ တိုင်းနိုင်ငံအတွင်း ဆိုးသွမ်းနေသော လူဆိုးကြီးအင်္ဂုလိမာလကို နှိမ်နင်းရန် သူနေထိုင်ရာဖြစ်သော ဇာလိယတောတန်းသို့ သွားမည်ဖြစ်ကြောင်းလျှောက်ထားလေ၏။ရှင်တော်မြတ်ဗုဒ္ဓက- ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်စွန်းသောအ၀တ်ကိုဝတ်ရုံလျှက် မြင့်မြတ်သောရဟန်းဘောင်သို့ဝင်ရောက်ကာ“သတ်မှု ခိုးမှုလိမ်ညာမှုတို့ကိုရှောင်ကြဉ်၍ဆွမ်းအာဟာရကိုတစ်ထပ်သာ
ဘုဉ်းပေးကာဓုတင်အမြတ်တရားကျင့်နေသော(မောက္ခဓမ္မကို ရှာဖွေနေသော)အင်္ဂုလိမာလကို အကယ်၍မြင်တွေ့ခဲ့လျှင်” အသင်မင်းကြီး အဘယ်သို့ပြုအံ့နည်းဟု မေးခွန်းထုတ်ကြည့်၏။ 

ဘုရင်မင်းကြီး၏စိတ်ကို သွေးတိုးစမ်းသည့်သဘောဖြစ်၏။
သုံးလောကထွဋ်ထားရှင်တော်မြတ်ဘုရား တပည့်တော်သည် ကြမ်းတမ်းဆိုးသွမ်းသော အင်္ဂုလိမာလရဟန်းအဖြစ်နှင့်အကယ်၍ တွေ့မြင်ရပါမူထိုအရှင်ကို ရှိခိုးမှု ခရီးဦးကြိုဆိုမှု နေရာထိုင်ခင်းပေးမှုလည်းပြုပါမည်၊ထို့ပြင်“စား ၀တ် နေရေး ကျန်းမာရေးအတွက်”ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးလည်း လှူဒါန်းပါ့မည်၊လိုအပ်မည်ဆိုပါက ထိုရဟန်းပြုသွားသော အရှင်အင်္ဂုလိမာလအတွက်တရားသဖြင့် ဖြစ်သော လုံခြုံမှုကိုလည်း တာဝန်ယူဆောင်ရွက်ပေးပါမည်ဘုရား။သို့သော် ကုမုဒြာသည် နေနှင့်ထိက ပွင့်ချင်ပွင့်ပါမည်၊ ပဒုမ္မာကြာသည်လရောင်ကြောင့် ပွင့်ကောင်း ပွင့်ပါလိမ့်မည်၊ ရက်စက်ဆိုးသွမ်း ကြမ်းတမ်းသော အင်္ဂုလိမာလသည်“ကိုယ်နှုတ်လွန်ကျူးမှု ၀ိတိက္ကမကိလေသာကို သီလဖြင့်၊စိတ်ထဲ၌ ထကြွမှု ပရိယုဋ္ဌာနကိလေသာကို သမာဓိဖြင့်၊ ခန္ဓာ၌ကိန်းနေသော(အာရုံနှင့်တွေ့မှ အကြောင်းတိုက်ဆိုင်မှ ပေါ်ပေါက်လာတတ်သော)အနုသယကိလေသာကိုပညာဖြင့် ထိမ်းတော်မူကြသော“ရဟန်းဘ၀ သမဏအဖြစ်”ခံယူခြင်းမှာတော့
ဖြစ်နိုင်ချေမရှိပါဘုရားဟု ကောသလမင်းကြီးသည်
ပြန်လည်လျှောက်ထားလေ၏။

(အရှင်အင်္ဂုလိမာလ ရဟန်းပြုသွားသည့်သတင်း လူထုအတွင်းမပျံသေးပေ)။ဘုရားရှင်၏ အနီး၌ အရှင်အင်္ဂုလိမလာထေရ် ရှိနေ၏၊ သို့သော် မင်းကြီးသည်မသိ၊ မင်းကြီးသာမက အခြားစစ်သည်များလည်း မသိကြပေ။
ရှင်တော်မြတ်ဘုရားသည် လက်ယာလက်ရုံးကို မြှောက်ချီတော်မူ၍ ပေဿနဒီကောသလမင်းကြီးကို“မင်းကြီး အင်္ဂုလိမာလဟူသည် ဤသူတည်း”ဟု မိန့်ကြားတော်မူလိုက်၏၊ထိုအခါ…(ဆက်ရန်)
ကောင်းသစ်

Thursday, December 9, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း...အပိုင်း(၁၆)

ထိုအခါသနားကြင်နာခြင်းရှိတော်မူသောအမြတ်တရားကို
ရှာမှီးလေ့ရှိတော်မူသော လူနတ်ဗြဟ္မာနှင့်တစ်ကွသော လောက၏ဆရာဖြစ်တော်မူသောမဟာကရုဏာရှင်ရှင်တော်မြတ်ဘုရားသည် ထိုအင်္ဂုလိမာလခိုးသူကို“ရဟန်း”ထလော့-
ဟုမိန့်ကြားတော်မူ၏၊ထိုစကားသည်သာလျှင်ထိုအင်္ဂုလိမာလခိုးသူ၏
ရဟန်းအဖြစ်ပြီးစီးလေသတည်း။အင်္ဂုလိမာလသည် ပါရမီရှိသူ ဖြစ်သည့်အားလျှော်စွာမဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား၏ “ကရုဏာ မေတ္တာ ခန္တီ အ၀ိဟိံသ”တရားတော်ကို
ကြားလိုက်ရသောအခါ“လရောင်နှင့်တွေ့သောကုမုဒြာကဲ့သို့
လည်းကောင်း၊နေရောင်နှင့်ထိသောပဒုမ္မာကြာပန်းကဲ့သို့လည်းကောင်း” 
သံဝေဂဥာဏ်များ ဖြစ်ပွါး၍ လာ၏၊လက်ရှိဘ၀နှင့်
(ဘုရားရှင်ဟောသည့်ဓမ္မ)လုံးဝ ခြားနားဆန့်ကျင်နေသည်ကိုမြင်ရ၏ ကိုယ့်အပြစ်ကိုကြည့်၏ ကိုယ့်အပြစ်ကိုသိ၏၊ ကိုယ့်အပြစ်ကိုမြင်၏ 
ထို့နောက်တော့ကိုယ့်အပြစ်ကိုပြင်ဖို့ရန်“သတိ”၀င်လာ၏
 'အသိ'ယှဉ်လာ၏ သူတစ်ပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ မကြည့်ရှုရာ၊သူတစ်ပါးတို့၏ ကောင်းမှုမကောင်းမှုပြုမပြုကိုမကြည့်ရှုရာ၊
မိမိ၏ ကောင်းမှုမကောင်းမှု“ပြု-မပြု”ကိုသာလျှင်ကြည့်ရှုရာ၏-တဲ့။
ဓမ္မပဒ၌ ဘုရားရှင် ဟောတော်မူသော ဒေသနာတစ်ပုဒ်ဖြစ်၏။
ယင်းဒေသနာနှင့်အညီ သူသည် ယခုကဲ့သို့လူဆိုးကြီးအဖြစ်ရောက်
ရှိခဲ့ရခြင်းသည် ဆရာကြောင့် သူငယ်ချင်းများကြောင့် ပါတ်ဝန်းကျင်ကြောင့်ဟု သူတစ်ပါကိုလက်ညှိုးထိုး အပြစ်ဖို့ခြင်းမပြုပဲ မိမိကိုယ်ကိုယ်သာအပြစ်ဖို့လျှက်ယင်းအပြစ်ကိုပြင်ဖို့ရာ
အကောင်းဆုံးဖြစ်သည့်“သမဏဘိက္ခု”အဖြစ်ကိုတောင်းပန်
လျှောက်ထားခြင်းဖြစ်၏။ရှင်တော်မြတ်ဘုရားသည်
သဗ္ဗညုတရွှေဥာဏ်တော်ဖြင့်သူ၏အတိတ်ဘ၀သမိုင်းကြောင်းကို
ပြန်ပြောင်းကြည့်တော်မူသောအခါသီလရှိသော 
ရဟန်းသံဃာတော်များကိုသင်းပိုင်၊ဧကသီ၊ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်း၊
သပိတ်၊ ခါးပန်းကြိုး၊သင်တုန်းဒါး(ပဲခွပ်)၊ အပ်၊ ရေစစ်ဟူသော 
“ပရိက္ခရာရှစ်ပါး”လှူဒါန်းဘူးသည့်ပါရမီသမ္ဘာရကုသိုလ်ထူးကို”
ဥာဏ်တော်၌ထင် ကောင်းစွာမြင်တော်မူ၏။
ထို့ကြောင့် ညာလက်တော်ကို ဆန့်တန်းတော်မူလျှက်
“ဧဟိဘိက္ခု”ဟုခေါ်တော်မူ၏၊

 အပြည့်အစုံပြောရလျှင်..ဧဟိ ဘိက္ခု-ရဟန်း လာလော့၊ 
သမ္မာ ဒုက္ခဿ အန္တကိရိယာယ-၀ဋ်ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှာ
(ဘ၀သံသရာ ပြေးသွားခြင်းမ ရပ်တန့်စေခြင်းငှာ) စရ ဗြဟ္မစရိယံ-
ငါဘုရားထံမှာ ငါဘုရားသာသနာတော်မှာ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ပါလော့ ဟု မိန့်တော်မူလိုက်ခြင်းဖြစ်၏
ယင်းစကားတော်ဆုံးသည်နှင့်တစ်ပြိုင်နက်ထဲမှာပင်အင်္ဂုလိမာလသည်
လူ့အသွင်အပြင်မှသည်(၀ါခြောက်ဆယ်ရမထေရ်ကြီးကဲ့သို့ တည်တည်ငြိမ်ငြိမ်ရှိသောရှစ်ပါးပရိက္ခရာစုံလင်စွာဖြင့်
တန်ဆာဆင်သော)ရဟန်းတော်တစ်ပါးအသွင်အပြင်သို့
ပြောင်းလဲသွားလေတော့၏၊၊ ဆံမုတ်ဆိတ် ကျင်စွယ်များလည်း ရိတ်စရာပယ်စရာမလိုတော့။ပရိက္ခရာလည်းဝယ်စရာရှာစရာမလိုတော့ 
“ဣဒ္ဓိမယပတ္တစီဝရ” ကုသိုလ်တန်းခိုးအစွမ်းဖြင့် ပြီးပြည့်စုံသော သပိတ်သင်္ကန်းကိုသူသည်တခါတည်းဆင်မြန်းပြီးသားဖြစ်သွားတော့၏။
 အရှင်အင်္ဂုလိမာလမထေရ်ဖြစ်သွားလေပြီ၊သီးသန့်ရှင်ပြုရဟန်ခံ
ပြုလုပ်ပေးစရာမလိုတော့ပေ၊ယင်းရဟန်းမျိုးကို “ဧဟိဘိက္ခု” 
ရဟန်းဟုသာသနာ့သမိုင်းတွင်ခေါ်တွင်လေသည်၊ရဟန်းပြုရန်အတွက် 
သင်္ကန်းပရိက္ခရာကံဆောင်ပေးမည့်ရဟန်းသံဃာ သိမ် ကမ္မ၀ါစာ” 
ရှာစရာမလိုတော့၊ဤသည်မှာအတိတ်က သင်္ကန်းလှူဒါန်းဘူးသည့်
ကုသိုလ်ကံ ပါရမီ၏ ကျေးဇူးပင်ဖြစ်၏၊(ထို့ကြောင့် မြတ်ဗုဒ္ဓ၏
သာသနာတော်နှင့်ကြုံတွေ့ခိုက်ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် သင်္ကန်းပရိက္ခရာလှူဖြစ်အောင် လှူဒါန်းသင်ြ့က၏်)။


သင်္ကန်းလှူဒါန်းဘူးသူသည်ဧဟိဘိက္ခုရဟန်းဖြစ်ခွင့်ရခြင်း၊
အမျိုးသမီးများအဖိုးတန်အဆင့်မြင့်ဆုံးဖြစ်သော မဟလ္လတာတန်ဆာ
ဆင်မြန်းခွင့်ရခြင်းရွှေအဆင်းကဲသို့ဝါ၀င်းသောအသားအရေရှိခြင်း၊
အလှပျက်စေသောအနာအဆာအညစ်အကြေးကင်းခြင်း၊
ခန္ဓာကိုယ်အသားအရေတောက်ပခြင်း၊ခန္ဓာကိုယ်အသားအရေနူးညံ့ခြင်း၊
ခေတ်ပေါ်ဖြစ်သောညိုရွှေဖြူနီအရောင်မျိုးစုံအထည်မျိုးစုံကို
လွယ်လင့်တကူဝတ်ဆင်ခွင့်ရခြင်း၊ (၀ိဝဋ္ဋကုသိုလ်ဖြစ်လျှင်) 
အရဟတ္တဖိုလ်ပေါက်နိဗ္ဗာန်မျက်မှောက်ပြုနိုင်ခြင်း
အကျိုးထူးများရရှိနိုင်ကြပေသည်၊ဇာလိတောတန်းလေသည်
ငြိမ်သက်နေရာမှသက်ဝင်လှုပ်ရှားလာလေတော့၏၊၊
မိခင်ဖြစ်သော မန္တာဏီပုဏ္ဏေးမကြီးသည် အံအားသင့်နေ၏၊
အံသြခြင်းလည်းဖြစ်နေ၏၊သူ့သားလေးအင်္ဂုလိမာလသည်
သူ့ရှေ့မှာပင်မယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွား၏၊
“လူ”လည်းပြောင်လဲသွား၏၊“မူ”လည်းပြောင်းလဲသွား၏၊
လူဝတ်ဝတ်သောလူသားတစ်ယောက်မဟုတ်တော့၊
ဖန်ရည်စွန်းသောအ၀တ်ကိုဝတ်ရုံနေသောရဟန်းတော်
“သမဏ”တစ်ပါးဖြစ်သွားလေပြီ၊အတတ်ပညာအတွက်
လူသတ်လက်ဖြတ်ရန်ဦးတည်ချက်မူမထားတော့၊
ဘ၀လွတ်မြောက်ရေးအတွက်ကိလေသာတဏှာပယ်သတ်ရန်မူကို
ပြောင်းလဲလိုက်လေတော့သည်၊ထို့ကြောင့်“လူရောမူပါ”
ပြောင်းလဲသွားသော သားလေးအင်္ဂုလိမာလကိုကြည့်၍
မိခင်မန္တာဏီပုဏ္ဏေးမကြီးသည်မျက်ရည်များပင်စီးကျနေတော့၏၊
သောကကြောင့်ဖြစ်သောဝမ်းနည်းမျက်ရည်တော့မဟုတ်၊
ပီတိကြောင့်ဖြစ်သောကြည်နူးမှုဝမ်းသာမျက်ရည်များသာဖြစ်၏၊


မိခင်ကြီးသည်သားလေးကို“သားလေးဘယ်လိုနေလဲ၊ဘယ်မှာနေလဲ၊
ဘယ်ကိုသွားမှာလဲ၊အမေ့ကိုဘာကြောင့်စကားပြန်မပြောတာလဲ..
“လဲ”ပေါင်းများစွာဖြင့်တမေးတည်းမေးခွန်းများထုတ်ရင်း
ဇာလိယတောတန်းလေးမှထွက်သွားလေတော့၊ သာလေးသည်
မဟာကရုဏာရှင် ရှင်တော်ဘုရားနှင့်အတူလိုက်ပါသွားခြင်းကြောင့်
သူဆက်လိုက်၍မဖြစ်တော့၊အကြောင်းစုံကိုသားလေး၏ဖခင်ဖြစ်သော
အိမ်ထောင်ရှင်ဘ၀လက်တွဲဖေါ်“ဘဂ္ဂ၀”ပုဏ္ဏားကြိးကို
ပြန်ပြောပြရအုံးမည်။သူလည်းဝမ်းသာရှာပေလိမ့်မည်။
ရှင်တော်မြတ်ဘုရားသည် ရဟန်းသစ်ဖြစ်သောအရှင်အင်္ဂုလိမာလကို
သပိတ်သင်္ကန်းကိုင်နောက်လိုက်ရဟန်းတော်“ပစ္ဆာသမဏ”အဖြစ် ခေါ်ဆောင်လျှက်ဇာလိယတောတန်းလေးမှမူလသီတင်းသုံးရာဖြစ်သော သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်သို့ဦးတည်လျှက်တောအတန်တန်
တောင်အထပ်ထပ်ရွာ နိဂုမ်း မြို့တော်များကိုဖြတ်ကျော်လျှက်
ပြည်လည်ကြွသွားတော်မူ၏၊ထိုအချိန်၌ဇာလိယတောတန်းလေးသို့
အေးမြခြင်းကိုဆောင်သောလေညှင်းလေးတစ်ချက်တိုက်ခပ်၍သွား၏၊
တစ်တောလုံးအေးချမ်း၍သွားပေပြီ။(ဆက်ရန်)
 ကောင်းသစ်