ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Tuesday, November 9, 2010

ကြမ်းတမ်းခြင်းမှ..ကြင်နာခြင်း..အပိုင်း(၄)

တစ်ရွာဝင် တစ်ရွာထွက် တစ်တောဝင် တစ်တောင်တက်ဖြင့် ခရီးနှင်လာလိုက်တာ မောရပန်းရမှန်းပင် မသိလိုက်တော့
“မေးပါများစကားရ သွားပါများခရီးရောက် မအိပ်မနေ အသက်ရှည်“ဟူသော မောင်ပေါက်ကျိုင်းရာဇ၀င်ထဲက စကားသုံးခွန်းအတိုင်း..မသွားဘူးသောခရီး မရောက်ဘူးသောနယ်မြေကိုသွားရသည်မို့ တက္ကသီလာ သွားလမ်းခရီးကို မေးလဲမေးရ၏ ခရီးပေါက်ဘို့အတွက် နေအေးရင် အေးသလို ခပ်သွက်သွက်လဲ လျှောက်ရ၏ အခြေနေဘယ်လိုမသိသေးသည့် အစိမ်းသက်သက်နယ်မြေဆိုတော့ အအိပ်အနေလဲလျှော့ရ၏ စိတ်လွတ်ကိုယ်လွတ် နှစ်နှစ်ခြိုက်ခြိုက်လဲမအိပ်ရဲ အမြဲသတိထားနေရသည်..လမ်းခရီးတစ်လျှောက် ပုံစံမျိုးစုံ စရိုက်မျိုးစုံ အရွယ်မျိုးစုံ ရည်ရွယ်ချက်မျိုးစုံဖြင့် ခရီးနှင်နေကြသော ခရီးသွားဖေါ်မျိုးစုံကိုလဲ မြင်နေရ တွေ့နေရပါ၏။ တကယ်တော့ သံသရာခရီး၏ တစ်ဆစ်ချိုးဖြစ်သော ဘ၀ခရီးကိုသွားနေကြသူများဖြစ်ပေသည်(သို့သော် သူတို့အားလုံး မိမိကိုယ်ကို ခရီးသွားဟုသာ သိကြသည် သံသရာခရီးသွားနေကြသည်ကိုတော့ မသိကြရှာပေ)။ “လမ်းဆုံးလျှင် ရွာတွေ့“တဲ့ အခု လမ်းဆုံးကိုရောက်ပြီမို့ ခပ်ဝေးဝေးမှ တက္ကသီလာကို ခပ်ရေးရေးတွေ့နေရ မြင်နေရပေပြီ ပညာတော်သင် ရောက်လာကြသော မင်းညီမင်းသား သူဌေးသားနှင့် အလွှာမျိုးစုံက အရွယ်စုံ အသွင်မျိုးစုံတို့ကိုလည်း မြင်တွေ့ရတော့၏ ဘာသာစကားမျိုးစုံကိုလည်း ကြားနေရတော့၏။ ဤသည်မှာ “အဟိံသက“အတွက် အမြင်သစ် အကြားသစ် အတွေ့အကြုံသစ်တို့ကို စတင်တွေ့ရှိရခြင်းဖြစ်ပေသည်၊ ဒိသာပါမောက္ခဆရာကြီးထံ စာရင်းပေး တက္ကသိုလ်ကျောင်းသားအဖြစ် လက်ခံပြီးရင်တော့ မိမိအလိုလားဆုံးဖြစ်သော “ပညာရပ်အသစ်“တို့ကို လေ့လာသင်ယူခွင့်ရပေတော့မည်။ ဤမြေ ဤရေ ဤလူမျိုးတို့၏ ဓလေ့ထုံးစံ ယဉ်ကျေးမှု အစဉ်အလာ စသည်တို့ကိုလည်း လေ့လာဆည်းပူးခွင့် ရပေတော့မည်။ မိမိတတ်မြောက်သော ပညာရပ်ဖြင့် လူမျိုးအကျိုး နိုင်ငံအကျိုး တိုင်းပြည်အကျိုးကို သည်ပိုးဆောင်ရွက်ခွင့်ရပေတော့မည်.ဟု အတွေးပင် စောနေမိပြန်၏။ ဤသည်မှာလည်း တိုင်းပြည်နှင့် လူမျိုးအတွက် ထားရှိသော သူ၏စေတနာ“လွန်ကဲ“နေသောကြောင့်ပင်ဖြစ်၏။
 တက္ကသိုလ်ပညာရပ် သင်ကြားရာ၌“စနစ်“နှစ်မျိုးရှိ၏။ ပညာသင်ကြေး အသပြာတစ်ထောင်ပေး၍ သင်ကြားသည့်“ဆရာစားစနစ်“နှင့် ဆရာ့ဝေယျာဝစ္စ မိသားစုဝေယျားဝစ္စ အိမ်မှုကိစ္စအ၀၀ကို လုပ်ကိုင်ပေး၍ သင်ကြားသည့်“ဆရာ့အနီးနေ“စနစ်တို့ပင်ဖြစ်၏။ ယင်းနှစ်ခုတွင် အခပေး၍ သင်ယူသော တပည့်သည် ပညာသင်ချိန်ကလွဲပြီး ကျန်အချိန်များသည် ကိုယ်ပိုင်အချိန်များဖြစ်၏။ ထို့ကြောင့် အချိန်ကို စိတ်တိုင်းကျ“သုံး“နိုင်၏။ စိတ်တိုင်းကျ“ဖြုန်း“နိုင်ပြန်၏။ သုံးခြင်းသည် ပညာရေးအတွက်ဖြစ်၍ ဖြုန်းခြင်းသည် အပျော်အပါးအတွက်ဖြစ်၏။ ဆရာ့ဝေယျာဝစ္စ မိသားစုဝေယျာဝစ္စတို့ကို ဘာတစ်ခုမျှ လုပ်ပေးစရာမလိုပေ၊ ဒုတိယနည်းစနစ်သည် ဆရာ့ဝေယျာဝစ္စ မိသားစု ဝေယျာဝစ္စ အ၀၀တို့ကို လုပ်ကိုင်ပေးရသည်ဖြစ်၍ မိမိအတွက် အားလပ်ချိန်မရပေမည့် ဆရာနှင့်ပို၍ ရင်းနှီးခွင့်ရ၏။ အကျွမ်းဝင်ခွင့်ရ၏။ ဆရာ့မိသားစုနှင့်လည်း ရင်းနှီးခွင့်ရ၏။ ယင်းတပည့်မျိုးကို ရှေးခေတ်က “ဓမ္မန္တေ ၀ါသီ“ဟုခေါ်လေ့ရှိ၏။ “အတွင်းနေတပည့်“ဟုခေါ်၏။ (ပညာသင်ခ တစ်ထောင်ဆို၍ ခုခေတ်အနေ မြန်မာငွေဖြင့် ရယ်စရာဖြစ်ပေလိမ့်မည်၊ သိုသော် သူ့ခေတ် သူ့ခါ ငွေတစ်ထောင်သည် တန်ဘိုးကြီးလှ၏၊ ရှေးခေတ် တစ်ထောင်မဆိုထားဘိ ခုခေတ်ဒေါ်လာတစ်ထောင်နှင့် မြန်မာငွေတစ်ထောင်ပင် နှိုင်းယှဉ်ကြည့်စေချင်ပါ၏) ယင်းတပည့်နှစ်မျိုးတွင်“အဟိံသက“သည် ဒုတိယတပည့်အဖြစ်ဖြင့် ပညာသင်ယူ၏။ သင်ယူသောအခါ၌လည်း“ များများသင် မြန်မြန်သင် မမေ့အောင်မှတ်“ဟူသော သမားတော် သမားအကျော် ဆရာကြီးဇီဝက၏“မသုံးလုံး“ သင်နည်းစနစ်ကို ကျင့်သုံး၏။ “အဟိံသက“သည်ကြွယ်ဝ ချမ်းသာသော မင်းတိုင်ပင် အမတ်ကြိး၏ သားဖြစ်၍ ပစ္စည်းဥစ္စာအားဖြင့် ကြွယ်ဝချမ်းသာမည်မှာ “မြေကြီးလက်ခပ်“မလွဲပေ၊ သို့သော် ဆရာ့မိသားစုနှင့် ရင်းနှီးခွင့်ရရန် “ပညာစုံ ပညာကုန်“ရရန်အတွက် ဒုတိယနည်းစနစ်ကို ရွေးချယ်ခြင်း ဖြစ်တန်ရာ၏။ ဤသည်မှာလဲ “လာဘ်“ကြိုမြင်သော ပညာတတ် သူ့မိဘတို့၏ အစီအမံပင်ဖြစ်နိုင်ရာ၏။ “အဟိံသက“သည် “ညီညာထကြွ ဆုံးမနာယူ လာမူကြိုဆီး ထံနီးလုပ်ကျွေး သင်တွေးအံရွတ် “ဟူသော တပည့်ဝတ္တရား ငါးပါးနှင့်လည်း ပြည့်စုံ၏။ ဆရာနှင့်ဆရာကတော်တို့၏ အရိပ်အကဲကိုလည်း သိတတ်၏။ လုပ်စရာရှိတာကိုလည်း အခိုင်းစောင့်မနေ အလိုက်သိစွာလုပ်၏။ လုပ်စရာများပြီးဆုံးရင်လဲ “ဘာများလုပ်စရာရှိပါသေးလဲ“ဟုမေးတတ်၏ ။ နှုတ်ချို၏။ အပြောကောင်း၏။ သူ့အပြော သူ့စကားသည် နားဝင်ချိုပြီး ချစ်စရာကောင်း၏။ “နှုတ်ချို လျှိုတစ်ပါး“အဆိုကို သူကျင့်သုံး၏။ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ဖေါ်ဖေါ်ရွေရွေနေတတ်၏။ သူသည်“ရိုးရိုးကျင့်၍ မြင့်မြင့်ကြံသူ“ဖြစ်၏။ “အနေရိုး၍ အသိဆန်းသူ“တစ်ယောက်လည်းဖြစ်၏။ ဤသို့ဖြင့် “အဟိံသက“သည် ဆရာ ဆရာကတော်နှင့် တစ်မိသားစုလုံး၏ အရေးပေးခြင်းကို ခံရတော့၏။ တပည့်ထဲတွင် “TOP TEN“၀င် “တော်ဝင်“တပည့် တစ်ယောက်အဖြစ် ထင်ရှားလာလေတော့သည်။ 
ဤသည်ကို “ချမ်းသာမြင်ပျင်း ဆင်းရဲအားရ ကြွယ်ဝမနာလို ကိုယ့်ထက်သာမကြိုက်သော“ကျန်တပည့်အများစုက မကျေနပ်။ တပည့်ဝတ်တရား ကျေပွန်သည်ကိုပင် ဆရာကို“ဖေါ်လန်ဖား“သည်ဟု အမြင်စောင်း၏ှရှုတ်ချ၏။ သူရောက်လာသည့် အချိန်မှစ၍ ဆရာတို့မိသားစုသည် သူ့ကိုပင် အရေးပေးနေလွန်း၏။ ကျန်တပည့်များကိုတော့ “ဖုတ်လေသည့် ငပိ ရှိတယ်တောင် မထင်တော့“ဟု  “လွဲမှားစွာ“ ကောက်ချက်ချ၏  (ဆက်ရန်)
                                                                      ကောင်းသစ်

No comments: