ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Sunday, December 12, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၁၈)

ထိုအခါ…ပေဿနဒီကောသလမင်းကြီးအား နွေခေါင်ခေါင် မိုးကြီုးပစ်သံ  ကြားလိုက်ရသလို မထင်ထားသောနေရာ၌ မထင်မှတ်သောသတင်းကိုရုတ်တရက်ကြားလိုက်ရသောအခါ
ကြောက်လန့်တုန်လှုပ်၍သွားလေ၏။ရာဇဣနြေ္ဒကိုပင်
မဆည်နိုင်တော့လောက်အောင်ကြောက်ရွံ့ထိတ်လန့်သော
အမူအယာသည်ပေါ်လွင်နေတော့၏။ခန္ဓာကိုယ်တုန်လှုပ်ခြင်း
ကြက်သီးမွှေးညှင်းများထခြင်းသည်ဖုံးဖိ၍မရတော့။မင်းကြီးသာမက
ကျန်စစ်သည်များသည်လည်းကြောက်လန့်သည်သာဖြစ်၏။
အင်္ဂုလိမာလ၏ စွမ်းရည်သူရသတ္တိကို သူတို့အားလုံးသိကြပြီးသားဖြစ်၏
တစ်ယောက်ချင်းမည်သူမျှမယှဉ်ရဲ၊အများနှင့်တစ်ယောက်မို့သာသူတို့
ဖမ်းဆီးဖို့ လိုက်လာကြခြင်းဖြစ်၏၊ မလိုက်လိုသော်လည်းမဖြစ်၊
သူဆန်စားရဲရမည် မဟုတ်ပါလား။


ဘုရားရှင်သည်ဘုရင်မင်းကြီး၏ဟန်မဆောင်နိုင်လောက်အောင်ပင်
ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေသောအမူအရာကို
(စိတ်ထဲထိထွင်းဖေါက်)မြင်ရသောအခါစိတ်သက်သာရာရစေရန်
“မင်းကြီးစမ်းရေမှမီးမတောက်သလိုဤအင်္ဂုလိမာလထံမှ
ဘေးသည်ရောက်လာတော့မည်မဟုတ်တော့၊သက်ရှိဆိုလျှင်
လူမဆိုထားဘိပိုးရွချပုံးကိုသော်မှသူသည်သတ်တော့မည်မဟုတ်၊
သူ၏နှလုံးသား၌“ဓမ္မ”ကိန်းနေလေပြီးဟု မိန့်ကြားတော်မူလိုက်၏။
 “ပစ္စည်းနှင့်ကိုယ်အင်္ဂါအစိတ်အပိုင်းနှစ်ခုတစ်ခုခုစွန့်ပါဆိုလျှင်
ပစ္စည်းကိုစွန့်ရာ၏၊အင်္ဂါအစိတ်ပိုင်းနှင့်အသက်နှစ်ခု
တစ်ခုခုစွန့်ပါဆိုလျှင်အင်္ဂါအစိတ်အပိုင်းကိုစွန့်ရာ၏။
အသက်နှင့်ဓမ္မနှစ်ခုတစ်ခုခုစွန့်ပါဆိုလျှင်
အသက်ကိုစွန့်ရာ၏။ ဓမ္မကိုမစွန့်ရာ” သူတော်ကောင်းတို့၏ယင်းဥပေဒသကိုအင်္ဂုလိမာလသည်
စွဲမြဲစွာဆုပ်ကိုင်ထားသူဖြစ်၏၊ထို့ကြောင့်အင်္ဂုလိမာလသည်
သူ့အသက်ရန်ရှာသူကိုပင်ပြန်လည်၍ရန်ပြုတော့မည်မဟုတ်၊
အသက်သအသေခံသွားမည့်သူဖြစ်၏၊အရာအားလုံးထက်ဓမ္မကိုသာ
တန်ဘိုးထားရမှန်းသူကောင်းစွာ သိနားလည်သွားပေပြီ။
ငြိမ်းချမ်းသော ပရိသတ်ထဲ၌ ငြိမ်းအေးမှုသဘောတရားကို
သူခံစားတတ်နေလေပြီ၊ဘယ်သောအခါမှလောကီအပူတောသို့
တဖန်ပြန်လည်၍ ဦးမော့တော့မည် မဟုတ်တော့။
ကောသလမင်းကြီသည်ဘုရားရှင်၏စကားတော်ကြောင့်
စိတ်သက်သာရာရသွား၏။ တဖြေးဖြေးကြောက်စိတ် 
လန့်စိတ် စိုးရိမ်စိတ်များ ပြေသွား၏၊


ထိုအခါမှအရှင်အင်္ဂုလိမာလအနားသွား၍“အရှင်ဘုရား
အရှင်ဘုရားသည်အကျွန်ုပ်တို့၏(အလိုရှိနေသော)
အင်္ဂုလိမာလလေလော”ဟုလျှောက်ထားကြည့်၏။
(နာမည်တူဖြစ်နေမှာစိုး၍သေချာအောင်မေးလျှောက်ခြင်းဖြစ်၏)
မင်းကြီးမှန်ပေ၏ဟုပြန်လည်ဖြေဆို၏။
မင်းကြီးသည် တဆင့်တက်၍
(ပို၍ တိကျမှုရှိစေရန်) အရှင်ဘုရား၏မိခင်ဖခင်တို့သည် အဘယ်အနွယ်ရှိပါသနည်း-ဟု မေးလျှောက်ပြန်၏၊မင်းကြီး အမိသည် မန္တာဏီမျိုးနွယ်ဖြစ်၍အဖသည် ဘဂ္ဂ၀မျိုးနွယ်ဖြစ်ပေ၏
ဟုဆက်လက်ဖြေဆိုရပြန်၏။အရှင်ဘုရားသည်အသက်နှင့်ခန္ဓာ
တည်သမျှကာလပါတ်လုံး ရှင်တော်ဘုရား၏သာသနာတော်၌ ပျော်မွေ့တော်မူပါ။တပည့်တော်ကောသလမင်းကြီးသည်
အရှင်ဘုရားအတွက်“သင်္ကန်းဆွမ်းကျောင်းအိပ်ရာနေရာသူနာ၏
အထောက်အပန့်အသက်၏အရံအတားဖြစ်သော လိုအပ်သမျှသောဆေးပစ္စည်းတို့ဖြင့်”ကြောင့်ကြစိုက်၍ ထောက်ပန့်လှူဒါန်းပါမည့်ဘုရားဟုပစ္စည်းလေးပါးဒကာအဖြစ် အားလုံး၏ရှေ့၌ လျှောက်ထားလေ၏။ဓုတင်ဟူသည် ကိလေသာကို ခွါဖို့ပယ်ဖို့နည်းဖို့ကျဲဖို့ကင်းဖို့ရှင်းဖို့ကျင့်ကြံသော အကျင့်မြတ်ဖြစ်၏။
ယင်းအကျင့်ကို အရှင်အင်္ဂုလိမာလ ကျင့်သုံးနေပေပြီ၊
သာသနာ့ဘောင်အရောက်နောက်ကျသော်လည်း
အကျင့်အောက်မကျစေရန်ကျင့်သုံးနေသော အတုယူဖွယ် ရဟန်းတော်တစ်ပါးအဖြစ်ရပ်တည်နေလေပြီ။
သူသည်ဓုတင်အကျင့်မြတ်“၁၃”ပါးလုံးကိုကျင်သုံးနေသူဖြစ်၏
သို့သော်ယင်းကိုအနည်းစုကသာသိ၏၊ အများစုကမူ“အရညကဓုတင် ပိဏ္ဍပါတ်ဓုတင်ပံသုကူဓုတင်တိစီဝရိတ်ဓုတင်”ဟူသောဓုတင်
“၄”မျိုးသာကျင့်သုံးနေသည်ဟုထင်နေကြ၏။ထင်လည်းထင်စရာပင်၊
တစ်ချို့သောရဟန်းတော်အရှင်မြတ်တို့သည်မိမိတို့အကျင့်မြတ်
(တရားထူး)ကို သူတစ်ပါးမသိအောင် သိုသိုသိပ်သိပ်နေတော်မူကြ၏
အထူးလျှို့ဝှက်နေထိုင်တော်မူကြ၏။


ထို့ကြောင့်ရဟန္တာအရှင်မြတ်နောက်သပိတ်ပိုက်လိုက်နေသော
တောထွက်ရဟန်းတစ်ပါးသည် မိမိဆရာရဟန္တာဖြစ်နေကြောင်းကိုပင် မသိရှာပေ။(ဈာန် မဂ် ဖိုလ် တရားထူးနှင့်ပါတ်သက်ရှိ မရှိပဲမရပဲ ရှိသည်ရသည်ဟုလူဒကာဒကာမများအထင်ကြီးအောင်ဘုန်းကြီးအောင်
လိမ်ညာပြောဆိုပါကသာသနာတော်၌ဆက်လက်နေထိုင်ခွင့်မရှိဟု
ရှင်တော်မြတ်ဘုရားသည်ဝိနည်းဥပဒေကိုပင်တင်းတင်းကျပ်ကျပ်
ထုတ်ထားတော်မူ၏။ရရှိနေသည်ကိုပင်လူဒကာဒကာမများ
(အထင်ကြီးအောင်ဘုန်းကြီးအောင်)ပြောလျှင်အပြစ်ဖြစ်၏၊
ပါစိတ်အာပါတ်သင့်၏။(ပညာနောက်ထား၍သဒ္ဓါမြှောက်စားသော
ခုခေတ်ဗုဒ္ဓဘာသာဝင်များသတိထားဖွယ်ပင်ဖြစ်၏၊ ပညာမပါသော ယုံကြည်ချက်သည် အကန်းနှင့်တူ၍အကျင့်မပါသော ယုံကြည်ချက်သည်အကျိုးနှင့်တူ၏တဲ့၊ကိုးကွယ်မှု၌
ပညာ သဒ္ဓါ စုံသူဖြစ်နိုင်ကြပါစေ)ထို့ပြင်“အံ့သြစရာတိုင်းသည် အားကိုးစရာမဟုတ်”ဟူသောအဆို အမိန့်သည်လည်း
မှတ်သားစရာပင်ဖြစ်၏။ ပုထုဇဉ်တွေးတွေးလျှင် ဘုရင်မင်းကိုယ်တိုင်ကပစ္စည်းလေးပါးဖိတ်၍ပစ္စည်းလေးပါးဒကာခံလျှင်
ဘ၀င်မြင့်ချင်စရာဖြစ်၏၊မင်းကိုးကွယ်ခံဆရာတော်ဟု
လူအများအထင်ကြီးစရာဖြစ်၏။သို့သော် ထိုအထဲ အရှင်အင်္ဂုလိမာလ မပါဝင်ချေ။ထို့ကြောင့်လည်း“မင်းကြီးတန်ပြီ၊ငါအား(သင်္ကန်း)ပြည့်စုံပြီ
”ဟုပြန်လည်မိန့်ကြားလိုက်၏၊ ပြည့်စုံပြီဟု မိန့်ကြားခြင်းဖြင့် မင်းကြီး၏ပစ္စည်းလေးပါးဖိတ်မာန်မှုကို ယဉ်ယဉ်ကျေးကျေးဖြင့် ပယ်မြစ်လိုက်ခြင်းဖြစ်၏။ရှိသမျှနှင့်ရောင့်ရဲတတ်သောရဟန်းတော်အဖို့
အခါခပ်သိမ်းပြည့်စုံနေပါ၏။မရောင့်ရဲတတ်သူအဖို့တော့ပြည့်စုံခြင်း
ဟူသည်ဘယ်သောအခါမှရှိနိုင်လိမ့်မည်မဟုတ်ပေ၊“ရလေလိုလေ”
ဖြစ်နေမည်သာဖြစ်ပါ၏။“ပင်လယ်-ရေဖြင့်ပြည့်သည်မရှိ၊ မီး-လောင်စာဖြင့်ပြည့်သည်မရှိ၊လောဘ-ပစ္စည်းဖြင့်ပြည့်သည်မရှိ”တဲ့။
ထို့ကြောင့်ပြည့်စုံသူဖြစ်လိုလျှင်“ရှိသမျှနှင့်ရောင့်ရဲတတ်ဖို့”
အရေးကြီး၏၊''သန္တုဋ္ဌီ ပရမံ ဓနံ”ဟုတရားသဘော
ဘုရားဟောပင် ရှိသည်မဟုတ်ပါလား။(ဆက်ရန်)
ကောင်းသစ်

Saturday, December 11, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၁၇)

အတုမဲ့ မဟာကရုဏာရှင် ရှင်တော်မြတ်ဗုဒ္ဓသည် ရဟန်းသစ်
အရှင်အင်္ဂုလိမာလနှင့်အတူ မိမိသိတင်းသုံးရာ သာဝတ္ထိပြည် အနာထပိဏ်(နာမည်ရင်းသုဒတ္တ)သူဌေးနှင့်ပုညလက္ခဏဒေ၀ီတို့ စိတ်တူကိုယ်တူ ဆောက်လုပ်လှူဒါန်းအပ်သော ဇေတ၀န်ကျောင်းတော်သို့ပြည်လည် ရောက်ရှိ၍လာပေပြီ။
သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းကြီး၏ နန်းတော်တံခါးဝ၌ လူများစုံရုံးလျှက် အသံကျယ်ကျယ်နှင့်တောင်းဆိုသံများ ကြားနေရ၏
တောင်းဆိုချက်များမှာ ဘုရင်မင်းကြီးနိုင်ငံတော်၌
“ကြမ်းတမ်းသောသွေးစွန်းသောလက်ရှိသော သတ်ဖြတ်ညှဉ်းဆဲမှု၌ စိတ်စောနေသော လူထုအားသနားခြင်းကင်းမဲ့သော(လူစိတ်မရှိသော) အင်္ဂုလိမာလသည် ရွာကိုလည်းဖျက်နိဂုံးကိုလည်းဖျက်
ဇနပုဒ်ကိုလည်း ဖျက်ဆီးနေပါ၏၊ လူတို့ကိုသတ်ဖြတ်၍ လက်ချောင်းပန်းကုံးဆောင်ပါ၏၊နေ့နေ့ညည
ထိတ်ထိတ်လန့်လန့်နေရပါ၏၊ကျီးလန့်စာစား စားနေရပါ၏။
လူထုလုံခြုံရေးအတွက် အရှင်မင်းကြီးသည်လူဆိုးကြီး
အင်္ဂုလိမာလကိုတားမြစ်ပေးတော်မူပါ”ဟူ၍ဖြစ်၏။

ကောသလမင်းကြီးသည် မင်းဖြစ်သော်လည်း ပြည်သူကိုလေးစား၏၊ပြည့်သူ့စကားကို အရေးထား၏၊ထို့ကြောင့် ပြည့်သူဆန္ဒ ဖြည့်ဆည်းပေးရန် ဆုံးဖြတ်လိုက်၏။သို့သော် ကောသလမင်းကြီးသည် အင်္ဂုလိမာလကိုကြောက်၏ လန့်၏၊
ထိပ်တိုက်ရင်ဆိုင်ရန် ၀န်လေးနေ၏၊ အကယ်၍ မသွားလျှင် မင်းကြီးသည် တာဝန်ကိုရှောင်လွှဲသူဟု လူထုတစ်ရပ်လုံးက ကဲ့ရဲ့ကြပေလိမ့်မည်။ အကယ်၍ သွားပြန်လျှင်လည်း မင်းကြီးဆက်၍ မတွေးဝံ့တော့။စိတ်၏ထွက်ပေါက်နည်းလမ်းစဉ်းစားရင်းမင်းကြီးသည်
အကြံတစ်ခုရသွား၏။ထိုအကြံအတိုင်းအကောင် အထည်ဖေါ်လေတော့သည်။ကောသလမင်းကြီး၏အကြံမှာ
ရှင်တော်မြတ်ဘုရားထံအရင်သွားမည်၊ဘုရားရှင်သည် တမလွန်စီးပွါးကိုသာညွန်ကြားသည်မဟုတ်၊ပစ္စုပ္ပန်စီးပွါးကိုလည်း
ညွှန်ကြားတော်မူ၏။ မြင်းတပ်နှင့်တကွလာသည်ကို မြင်သောအခါ
ဘယ်သို့ သွားမည်နည်းဟုမေးတော်မူလိမ့်မည်၊ ထိုအခါ မိမိမှ လူဆိုးကြီးအင်္ဂုလိမာလကို နှိမ်နင်းဘို့ပါဘုရားဟု လျှောက်ထားမည်။ 

မိမိနိုင်မည်မြင်တော်မူက ဘာမှဆက်မိန့်တော်မူလိမ့်မည်မဟုတ်၊ မိမိရှုံးနိမ့်မည်ကို မြင်တော်မူလျှင်ကား“လူဆိုးကြီး အင်္ဂုလိမာလထံ သွားခြင်းဖြင့် သင်မင်းကြီးဘာအကျိုးရှိအံ့နည်း”ဟု မိန့်တော်မူလိမ့်မည်၊
ထိုအခါမိမိက တပ်ခေါက်ပြန်ရုံသာရှိတော့သည်၊ လူထုကလည်း မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရားကတားမြစ်၍ မသွားဖြစ်ကြောင်းသိက မိမိအားကဲ့ရဲ့ပြစ်တင်ကြလိမ့်မည် မဟုတ်တော့။နေ့မွန်းတည့်ချိန်ဖြစ်၏၊ ကောသလဘုရင်မင်းကြီးသည် မြင်းစစ်သည်တော်ငါးရာနှင့်အတူ ဇေတ၀န်ကျောင်းတော်သို့
ဦးတည်၍ သွားနေ၏။ကျောင်းအရံဝ၌ မိမိစီးနင်းသော
ယဉ်ပေါ်မှဆင်း၍ ခြေကျင်သာလျှင် မြတ်စွာဘုရားထံချဉ်းကပ်၍
ရှိခိုးလျှက်သင့်လျှော်ရာ၌ လက်အုပ်ချီလျှက်ထိုင်နေ၏။
(သင့်လျှော်ရာဟူသည်-ဘုရားရှင်နှင့် ဝေးလွန်းသောနေရာ နီးလွန်းသောနေရာလေညာဖြစ်သောနေရာ မြင့်သောနေရာ ရှေ့တည့်တည့်နေရာ နောက်တည့်တည့်နေရာတို့မှ လွတ်သောနေရာကိုဆိုလို၏)

စကား မစသော ကောသလဘုရင်မင်းကြီးကို ရှင်တော်မြတ်ဘုရားကစကားလမ်းကြောင်း စပေးလိုက်၏ စမေးလိုက်၏၊“မင်းကြီး သင်သည်မဂဓပြည့်ရှင် သောတာပန်ဖြစ်သော ဘုရင်ဗိမ္ဗိသာရကို အမျက်ထွက်၍စစ်ချီလာသလော၊ ဝေသာလီ
လိစ္ဆ၀ီမင်းတို့ကို အမျက်ထွက်စစ်ချီလာသလော၊ တစ်ပါးသော ရန်သူတို့ကို အမျက်ထွက်၍စစ်ချီလာသလော”ဟု(လာရင်းကို သိသော်လည်း)မေးတော်မူလိုက်၏။တပည့်တော်သည် ဗိမ္ဗိသာရမင်း လိစ္ဆ၀ီမင်းနှင့် အခြားသောမင်းတို့ကို အမျက်ထွက်၍ စစ်ချီလာသည်မဟုတ်ပါ။ အမှန်အားဖြင့် တပည့်တော်၏ တိုင်းနိုင်ငံအတွင်း ဆိုးသွမ်းနေသော လူဆိုးကြီးအင်္ဂုလိမာလကို နှိမ်နင်းရန် သူနေထိုင်ရာဖြစ်သော ဇာလိယတောတန်းသို့ သွားမည်ဖြစ်ကြောင်းလျှောက်ထားလေ၏။ရှင်တော်မြတ်ဗုဒ္ဓက- ဆံမုတ်ဆိတ်ကိုပယ်၍ ဖန်ရည်စွန်းသောအ၀တ်ကိုဝတ်ရုံလျှက် မြင့်မြတ်သောရဟန်းဘောင်သို့ဝင်ရောက်ကာ“သတ်မှု ခိုးမှုလိမ်ညာမှုတို့ကိုရှောင်ကြဉ်၍ဆွမ်းအာဟာရကိုတစ်ထပ်သာ
ဘုဉ်းပေးကာဓုတင်အမြတ်တရားကျင့်နေသော(မောက္ခဓမ္မကို ရှာဖွေနေသော)အင်္ဂုလိမာလကို အကယ်၍မြင်တွေ့ခဲ့လျှင်” အသင်မင်းကြီး အဘယ်သို့ပြုအံ့နည်းဟု မေးခွန်းထုတ်ကြည့်၏။ 

ဘုရင်မင်းကြီး၏စိတ်ကို သွေးတိုးစမ်းသည့်သဘောဖြစ်၏။
သုံးလောကထွဋ်ထားရှင်တော်မြတ်ဘုရား တပည့်တော်သည် ကြမ်းတမ်းဆိုးသွမ်းသော အင်္ဂုလိမာလရဟန်းအဖြစ်နှင့်အကယ်၍ တွေ့မြင်ရပါမူထိုအရှင်ကို ရှိခိုးမှု ခရီးဦးကြိုဆိုမှု နေရာထိုင်ခင်းပေးမှုလည်းပြုပါမည်၊ထို့ပြင်“စား ၀တ် နေရေး ကျန်းမာရေးအတွက်”ဆွမ်းသင်္ကန်းကျောင်းဆေး ပစ္စည်းလေးပါးလည်း လှူဒါန်းပါ့မည်၊လိုအပ်မည်ဆိုပါက ထိုရဟန်းပြုသွားသော အရှင်အင်္ဂုလိမာလအတွက်တရားသဖြင့် ဖြစ်သော လုံခြုံမှုကိုလည်း တာဝန်ယူဆောင်ရွက်ပေးပါမည်ဘုရား။သို့သော် ကုမုဒြာသည် နေနှင့်ထိက ပွင့်ချင်ပွင့်ပါမည်၊ ပဒုမ္မာကြာသည်လရောင်ကြောင့် ပွင့်ကောင်း ပွင့်ပါလိမ့်မည်၊ ရက်စက်ဆိုးသွမ်း ကြမ်းတမ်းသော အင်္ဂုလိမာလသည်“ကိုယ်နှုတ်လွန်ကျူးမှု ၀ိတိက္ကမကိလေသာကို သီလဖြင့်၊စိတ်ထဲ၌ ထကြွမှု ပရိယုဋ္ဌာနကိလေသာကို သမာဓိဖြင့်၊ ခန္ဓာ၌ကိန်းနေသော(အာရုံနှင့်တွေ့မှ အကြောင်းတိုက်ဆိုင်မှ ပေါ်ပေါက်လာတတ်သော)အနုသယကိလေသာကိုပညာဖြင့် ထိမ်းတော်မူကြသော“ရဟန်းဘ၀ သမဏအဖြစ်”ခံယူခြင်းမှာတော့
ဖြစ်နိုင်ချေမရှိပါဘုရားဟု ကောသလမင်းကြီးသည်
ပြန်လည်လျှောက်ထားလေ၏။

(အရှင်အင်္ဂုလိမာလ ရဟန်းပြုသွားသည့်သတင်း လူထုအတွင်းမပျံသေးပေ)။ဘုရားရှင်၏ အနီး၌ အရှင်အင်္ဂုလိမလာထေရ် ရှိနေ၏၊ သို့သော် မင်းကြီးသည်မသိ၊ မင်းကြီးသာမက အခြားစစ်သည်များလည်း မသိကြပေ။
ရှင်တော်မြတ်ဘုရားသည် လက်ယာလက်ရုံးကို မြှောက်ချီတော်မူ၍ ပေဿနဒီကောသလမင်းကြီးကို“မင်းကြီး အင်္ဂုလိမာလဟူသည် ဤသူတည်း”ဟု မိန့်ကြားတော်မူလိုက်၏၊ထိုအခါ…(ဆက်ရန်)
ကောင်းသစ်

Thursday, December 9, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း...အပိုင်း(၁၆)

ထိုအခါသနားကြင်နာခြင်းရှိတော်မူသောအမြတ်တရားကို
ရှာမှီးလေ့ရှိတော်မူသော လူနတ်ဗြဟ္မာနှင့်တစ်ကွသော လောက၏ဆရာဖြစ်တော်မူသောမဟာကရုဏာရှင်ရှင်တော်မြတ်ဘုရားသည် ထိုအင်္ဂုလိမာလခိုးသူကို“ရဟန်း”ထလော့-
ဟုမိန့်ကြားတော်မူ၏၊ထိုစကားသည်သာလျှင်ထိုအင်္ဂုလိမာလခိုးသူ၏
ရဟန်းအဖြစ်ပြီးစီးလေသတည်း။အင်္ဂုလိမာလသည် ပါရမီရှိသူ ဖြစ်သည့်အားလျှော်စွာမဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား၏ “ကရုဏာ မေတ္တာ ခန္တီ အ၀ိဟိံသ”တရားတော်ကို
ကြားလိုက်ရသောအခါ“လရောင်နှင့်တွေ့သောကုမုဒြာကဲ့သို့
လည်းကောင်း၊နေရောင်နှင့်ထိသောပဒုမ္မာကြာပန်းကဲ့သို့လည်းကောင်း” 
သံဝေဂဥာဏ်များ ဖြစ်ပွါး၍ လာ၏၊လက်ရှိဘ၀နှင့်
(ဘုရားရှင်ဟောသည့်ဓမ္မ)လုံးဝ ခြားနားဆန့်ကျင်နေသည်ကိုမြင်ရ၏ ကိုယ့်အပြစ်ကိုကြည့်၏ ကိုယ့်အပြစ်ကိုသိ၏၊ ကိုယ့်အပြစ်ကိုမြင်၏ 
ထို့နောက်တော့ကိုယ့်အပြစ်ကိုပြင်ဖို့ရန်“သတိ”၀င်လာ၏
 'အသိ'ယှဉ်လာ၏ သူတစ်ပါးတို့၏ မလျော်သော အပြစ်အနာအဆာတို့ မကြည့်ရှုရာ၊သူတစ်ပါးတို့၏ ကောင်းမှုမကောင်းမှုပြုမပြုကိုမကြည့်ရှုရာ၊
မိမိ၏ ကောင်းမှုမကောင်းမှု“ပြု-မပြု”ကိုသာလျှင်ကြည့်ရှုရာ၏-တဲ့။
ဓမ္မပဒ၌ ဘုရားရှင် ဟောတော်မူသော ဒေသနာတစ်ပုဒ်ဖြစ်၏။
ယင်းဒေသနာနှင့်အညီ သူသည် ယခုကဲ့သို့လူဆိုးကြီးအဖြစ်ရောက်
ရှိခဲ့ရခြင်းသည် ဆရာကြောင့် သူငယ်ချင်းများကြောင့် ပါတ်ဝန်းကျင်ကြောင့်ဟု သူတစ်ပါကိုလက်ညှိုးထိုး အပြစ်ဖို့ခြင်းမပြုပဲ မိမိကိုယ်ကိုယ်သာအပြစ်ဖို့လျှက်ယင်းအပြစ်ကိုပြင်ဖို့ရာ
အကောင်းဆုံးဖြစ်သည့်“သမဏဘိက္ခု”အဖြစ်ကိုတောင်းပန်
လျှောက်ထားခြင်းဖြစ်၏။ရှင်တော်မြတ်ဘုရားသည်
သဗ္ဗညုတရွှေဥာဏ်တော်ဖြင့်သူ၏အတိတ်ဘ၀သမိုင်းကြောင်းကို
ပြန်ပြောင်းကြည့်တော်မူသောအခါသီလရှိသော 
ရဟန်းသံဃာတော်များကိုသင်းပိုင်၊ဧကသီ၊ဒုကုဋ်ခေါ်နှစ်ထပ်သင်္ကန်း၊
သပိတ်၊ ခါးပန်းကြိုး၊သင်တုန်းဒါး(ပဲခွပ်)၊ အပ်၊ ရေစစ်ဟူသော 
“ပရိက္ခရာရှစ်ပါး”လှူဒါန်းဘူးသည့်ပါရမီသမ္ဘာရကုသိုလ်ထူးကို”
ဥာဏ်တော်၌ထင် ကောင်းစွာမြင်တော်မူ၏။
ထို့ကြောင့် ညာလက်တော်ကို ဆန့်တန်းတော်မူလျှက်
“ဧဟိဘိက္ခု”ဟုခေါ်တော်မူ၏၊

 အပြည့်အစုံပြောရလျှင်..ဧဟိ ဘိက္ခု-ရဟန်း လာလော့၊ 
သမ္မာ ဒုက္ခဿ အန္တကိရိယာယ-၀ဋ်ဆင်းရဲ၏ အဆုံးကိုပြုခြင်းငှာ
(ဘ၀သံသရာ ပြေးသွားခြင်းမ ရပ်တန့်စေခြင်းငှာ) စရ ဗြဟ္မစရိယံ-
ငါဘုရားထံမှာ ငါဘုရားသာသနာတော်မှာ မြတ်သောအကျင့်ကို ကျင့်သုံးနေထိုင်ပါလော့ ဟု မိန့်တော်မူလိုက်ခြင်းဖြစ်၏
ယင်းစကားတော်ဆုံးသည်နှင့်တစ်ပြိုင်နက်ထဲမှာပင်အင်္ဂုလိမာလသည်
လူ့အသွင်အပြင်မှသည်(၀ါခြောက်ဆယ်ရမထေရ်ကြီးကဲ့သို့ တည်တည်ငြိမ်ငြိမ်ရှိသောရှစ်ပါးပရိက္ခရာစုံလင်စွာဖြင့်
တန်ဆာဆင်သော)ရဟန်းတော်တစ်ပါးအသွင်အပြင်သို့
ပြောင်းလဲသွားလေတော့၏၊၊ ဆံမုတ်ဆိတ် ကျင်စွယ်များလည်း ရိတ်စရာပယ်စရာမလိုတော့။ပရိက္ခရာလည်းဝယ်စရာရှာစရာမလိုတော့ 
“ဣဒ္ဓိမယပတ္တစီဝရ” ကုသိုလ်တန်းခိုးအစွမ်းဖြင့် ပြီးပြည့်စုံသော သပိတ်သင်္ကန်းကိုသူသည်တခါတည်းဆင်မြန်းပြီးသားဖြစ်သွားတော့၏။
 အရှင်အင်္ဂုလိမာလမထေရ်ဖြစ်သွားလေပြီ၊သီးသန့်ရှင်ပြုရဟန်ခံ
ပြုလုပ်ပေးစရာမလိုတော့ပေ၊ယင်းရဟန်းမျိုးကို “ဧဟိဘိက္ခု” 
ရဟန်းဟုသာသနာ့သမိုင်းတွင်ခေါ်တွင်လေသည်၊ရဟန်းပြုရန်အတွက် 
သင်္ကန်းပရိက္ခရာကံဆောင်ပေးမည့်ရဟန်းသံဃာ သိမ် ကမ္မ၀ါစာ” 
ရှာစရာမလိုတော့၊ဤသည်မှာအတိတ်က သင်္ကန်းလှူဒါန်းဘူးသည့်
ကုသိုလ်ကံ ပါရမီ၏ ကျေးဇူးပင်ဖြစ်၏၊(ထို့ကြောင့် မြတ်ဗုဒ္ဓ၏
သာသနာတော်နှင့်ကြုံတွေ့ခိုက်ဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် သင်္ကန်းပရိက္ခရာလှူဖြစ်အောင် လှူဒါန်းသင်ြ့က၏်)။


သင်္ကန်းလှူဒါန်းဘူးသူသည်ဧဟိဘိက္ခုရဟန်းဖြစ်ခွင့်ရခြင်း၊
အမျိုးသမီးများအဖိုးတန်အဆင့်မြင့်ဆုံးဖြစ်သော မဟလ္လတာတန်ဆာ
ဆင်မြန်းခွင့်ရခြင်းရွှေအဆင်းကဲသို့ဝါ၀င်းသောအသားအရေရှိခြင်း၊
အလှပျက်စေသောအနာအဆာအညစ်အကြေးကင်းခြင်း၊
ခန္ဓာကိုယ်အသားအရေတောက်ပခြင်း၊ခန္ဓာကိုယ်အသားအရေနူးညံ့ခြင်း၊
ခေတ်ပေါ်ဖြစ်သောညိုရွှေဖြူနီအရောင်မျိုးစုံအထည်မျိုးစုံကို
လွယ်လင့်တကူဝတ်ဆင်ခွင့်ရခြင်း၊ (၀ိဝဋ္ဋကုသိုလ်ဖြစ်လျှင်) 
အရဟတ္တဖိုလ်ပေါက်နိဗ္ဗာန်မျက်မှောက်ပြုနိုင်ခြင်း
အကျိုးထူးများရရှိနိုင်ကြပေသည်၊ဇာလိတောတန်းလေသည်
ငြိမ်သက်နေရာမှသက်ဝင်လှုပ်ရှားလာလေတော့၏၊၊
မိခင်ဖြစ်သော မန္တာဏီပုဏ္ဏေးမကြီးသည် အံအားသင့်နေ၏၊
အံသြခြင်းလည်းဖြစ်နေ၏၊သူ့သားလေးအင်္ဂုလိမာလသည်
သူ့ရှေ့မှာပင်မယုံကြည်နိုင်လောက်အောင်ပြောင်းလဲသွား၏၊
“လူ”လည်းပြောင်လဲသွား၏၊“မူ”လည်းပြောင်းလဲသွား၏၊
လူဝတ်ဝတ်သောလူသားတစ်ယောက်မဟုတ်တော့၊
ဖန်ရည်စွန်းသောအ၀တ်ကိုဝတ်ရုံနေသောရဟန်းတော်
“သမဏ”တစ်ပါးဖြစ်သွားလေပြီ၊အတတ်ပညာအတွက်
လူသတ်လက်ဖြတ်ရန်ဦးတည်ချက်မူမထားတော့၊
ဘ၀လွတ်မြောက်ရေးအတွက်ကိလေသာတဏှာပယ်သတ်ရန်မူကို
ပြောင်းလဲလိုက်လေတော့သည်၊ထို့ကြောင့်“လူရောမူပါ”
ပြောင်းလဲသွားသော သားလေးအင်္ဂုလိမာလကိုကြည့်၍
မိခင်မန္တာဏီပုဏ္ဏေးမကြီးသည်မျက်ရည်များပင်စီးကျနေတော့၏၊
သောကကြောင့်ဖြစ်သောဝမ်းနည်းမျက်ရည်တော့မဟုတ်၊
ပီတိကြောင့်ဖြစ်သောကြည်နူးမှုဝမ်းသာမျက်ရည်များသာဖြစ်၏၊


မိခင်ကြီးသည်သားလေးကို“သားလေးဘယ်လိုနေလဲ၊ဘယ်မှာနေလဲ၊
ဘယ်ကိုသွားမှာလဲ၊အမေ့ကိုဘာကြောင့်စကားပြန်မပြောတာလဲ..
“လဲ”ပေါင်းများစွာဖြင့်တမေးတည်းမေးခွန်းများထုတ်ရင်း
ဇာလိယတောတန်းလေးမှထွက်သွားလေတော့၊ သာလေးသည်
မဟာကရုဏာရှင် ရှင်တော်ဘုရားနှင့်အတူလိုက်ပါသွားခြင်းကြောင့်
သူဆက်လိုက်၍မဖြစ်တော့၊အကြောင်းစုံကိုသားလေး၏ဖခင်ဖြစ်သော
အိမ်ထောင်ရှင်ဘ၀လက်တွဲဖေါ်“ဘဂ္ဂ၀”ပုဏ္ဏားကြိးကို
ပြန်ပြောပြရအုံးမည်။သူလည်းဝမ်းသာရှာပေလိမ့်မည်။
ရှင်တော်မြတ်ဘုရားသည် ရဟန်းသစ်ဖြစ်သောအရှင်အင်္ဂုလိမာလကို
သပိတ်သင်္ကန်းကိုင်နောက်လိုက်ရဟန်းတော်“ပစ္ဆာသမဏ”အဖြစ် ခေါ်ဆောင်လျှက်ဇာလိယတောတန်းလေးမှမူလသီတင်းသုံးရာဖြစ်သော သာဝတ္ထိပြည်ဇေတ၀န်ကျောင်းတော်သို့ဦးတည်လျှက်တောအတန်တန်
တောင်အထပ်ထပ်ရွာ နိဂုမ်း မြို့တော်များကိုဖြတ်ကျော်လျှက်
ပြည်လည်ကြွသွားတော်မူ၏၊ထိုအချိန်၌ဇာလိယတောတန်းလေးသို့
အေးမြခြင်းကိုဆောင်သောလေညှင်းလေးတစ်ချက်တိုက်ခပ်၍သွား၏၊
တစ်တောလုံးအေးချမ်း၍သွားပေပြီ။(ဆက်ရန်)
 ကောင်းသစ်

Monday, December 6, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၁၅)

မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရားသည် အင်္ဂုလိမာလ အမေးကို ချက်ခြင်းပင် ဖြေဆိုတော်မူလိုက်၏။

ခန္တီ မေတ္တာ
ကရုဏာ
ရင်မှာ ကိန်းနေ၏။
ကောင်း မကောင်းကံ
င့ါသန္တာန်
အမှန် ဘယ်မရှိ
ကံကုန်သော သူ
ဘ၀မူ
ရပ်သူမည်လေ သိ။ 

ခန္တီ မေတ္တာ
ကရုဏာ
သင့်မှာဘယ်မရှိ။
ကြမ်းတမ်းရက်စက်
သူ့အသက်
သတ်လျှက်နေတုံ ဘိ။
ကံကိလေ ထူ
ဘ၀မူ
သွားသူမည်လေ သိ။
 
အင်္ဂုလိမာလ ငါသည် အခါခပ်သိမ်း သတ္တ၀ါအားလုံးတို့အပေါ်၌
တုတ် လှံတံ(လက်နက်မှန်သမျှ )ကို ချထားပြီးဖြစ်၍ ရပ်လျှက်ရှိ၏၊ သင်ကား အလုံးစုံသော သတ္တ၀ါတို့၌ သတ်ဖြတ်ညှင်းဆဲခြင်းမှ မစောင့်သူဖြစ်၏၊ထို့ကြောင့်“ငါသည် ရပ်တည်သူဖြစ်၍ သင်သည် မရပ်တည်သူဖြစ်၏၊”ငါ၏နှလုံးသား၌(အသားရောင် ဆွေမျိုး လူမျိုး ဇာတ်နိမ့်ဇာတ်မြင့်ဘုံဘ၀ခွဲခြားခြင်းမရှိ)လူသားအားလုံး
သက်ရှိအားလုံးကိုချစ်ခင်တတ်သောမေတ္တာတရားအမြဲရှိ၏၊
ယင်းမေတ္တာတရားဖြင့်လောက၏“အတ္ထ.ဟိတ.သုခ”ကို
ဆောင်ရွက်နေ၏၊အသက်နှင့်ခန္ဓာဆက်လက်တည်ရှိနေသ၍လည်း
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်၏၊ငါ၏မေတ္တာတရားသည်
သားတော်ရာဟုလာအပေါ်၌ဖြစ်ဖြစ်၊ငါ့နေရာကိုလိုချင်၍ငါ၏အသက်ကို
အမြဲတန်းရန်ရှာနေသောရန်ပြုနေသောအရှင်ဒေ၀ဒတ်အပေါ်၌ဖြစ်ဖြစ်၊
အရက်ရှိန်ကြောင့်အသက်ကိုရန်ပြုလာသောနာဠာဂီရိဆင်ပေါ်၌ဖြစ်ဖြစ်၊
ယခုငါ့ကိုသတ်၍လက်ညှိုးဖြတ်လိုသောအသင်အင်္ဂုလိမာလအပေါ်၌
ဖြစ်ဖြစ်၊အခြားအခြားသောသတ္တ၀ါတို့အပေါ်၌ဖြစ်ဖြစ်ညီမျှမှုရှိ၏၊
အားလုံးအပေါ်ခွဲခြားခြင်းမရှိတန်းတူထားရှိ၏၊ထို့ပြင်ငါသည်
လောကအပေါ်သည်းခံခြင်း“ခန္တီတရား”၊မညှင်းဆဲခြင်း
“အ၀ိဟိံသတရား”၊သနားခြင်းကြင်နာခြင်း“ကရုဏာတရား”
လက်ကိုင်ထားသူဖြစ်၏၊ငါ့သန္တာန်၌အကုသိုလ်နှင့်ပါတ်သက်၍
ကြံစည်မှုလည်းမရှိ၊ပြောဆိုမှုလည်းမရှိ၊ပြုလုပ်မှုလည်းမရှိပေ၊
မဟာဗောဓိပင်ခြေအပရာဇိတပလ္လင်ဗွေထက်၌
အရဟတ္တမဂ်ဥာဏ်သဗ္ဗညုတဥာဏ်ရရှိသည့်အချိန်မှစ၍ ငါသည်
“တဏှာ”ကုန်ခမ်းချုပ်ပျောက်ခဲ့လေပြီ၊တဏှာမရှိတော့၍
“ကံ”ကုန်သူဖြစ်၏၊ကံမရှိတော့၍ကံကြောင့်ဖြစ်သော“ဘ၀”မှန်သမျှ
နောက်ထပ်ဘယ်တော့မှထပ်၍ဖြစ်တော့မည်မဟုတ်တော့၊ထို့ကြောင့်
ငါသည်ဣရိယာပုထ်အနေအားဖြင့်သွားနေသူဟု
အသင်“ထင်မြင်”နေရသော်လည်းစင်စစ်အားဖြင့်ဘ၀သံသရာခရီးမှ အပြီးပိုင် ရပ်တန့်သွားသူဖြစ်၏၊ထို့ကြောင့် ငါသည်ရပ်နေ၏ ဟုဆိုလိုက်ခြင်းဖြစ်၏၊

အသင်မူကားလောကအပေါ်ထားရှိသင့်သော
“မေတ္တာခန္တီအ၀ိဟိံသကရုဏာတရား”ဘာတစ်ခုမှမရှိ၊ထို့ကြောင့်
သင်သည်မိမိပညာတတ်ဖြစ်ဖို့အတွက်ဟုအကြောင်းပြကာ
လက်နက်ငါးမျိုးရင်ဝယ်ပိုက်လျှက်လူများစွာကို“မြေခ”စေခဲ့သူဖြစ်၏၊
တိရစ္ဆာန်များစွာကိုသတ်ဖြတ်စားသောက်လျှက်အသက်ဆက်ခဲ့သူဖြစ်၏၊
အသင့်ကိုယ်သည်အကုသိုလ်မျိုးစုံဖြင့်ပြည့်နေသူဖြစ်၏၊
အသင်၏လက်သည်ယခုချိန်ထိသွေးစွန်းတုန်းဖြစ်၏၊သင်၏ ကြမ်းကြုတ်မှုကို လူများကကြောက်နေရ၏၊ သင်ပြုသမျှ“ကံ”သည် သင့်ထံသို့တစ်ဖန်ပြန်၍လာပေလိမ့်အုံးမည်။ယင်းဒဏ်၏ထိုးနှက်ချက်ကို
တစ်ဖန်ပြန်၍ခံရပေအုံးမည်။သင့်သန္တာန်၌ကိလေသာတဏှာတို့ဖြင့်
ပြည့်နေ၏၊ကိလေသာတဏှာရှိနေသ၍“ကံ”ရှိနေပေအုံးမည်၊
ကံရှိနေသ၍“ဘ၀”တွေဆက်လက်ဆက်လက်ဖြစ်ပေါ်နေပေအုံးမည်၊
ထို့ကြောင့်သင်သည်ဘ၀သံသရာမှရပ်နားခြင်းမရှိသေးရကား
ပကတိအမြင်အထင်အားဖြင့်ရပ်နေသူဟုဆိုရသော်လည်းအမှန်အားဖြင့်
သံသရာခရီးကိုမနားတမ်းဆက်လက်သွားနေသူသာဖြစ်၏၊
ထို့ကြောင့် သင်ကို သွားနေသူဟု ငါဆိုခြင်းဖြစ်၏၊

မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား၏
အဖြေစကားကြားလိုက်ရသောအခါအင်္ဂုလိမာလသည်
အသိဥာဏ်ဝင်လာ၏၊အမှန်အားဖြင့်သူသည်ပါရမီရှင်ဖြစ်၏။
ပါတ်ဝန်းကျင်ကြောင့်“မီးခဲပြာဖုံးဘ၀”ရောက်နေရသူဖြစ်၏
မတွေ့မမြင်ဘူးသော်လည်းမြင့်မြတ်သောသာကီမျိုးမှ
ထီးနန်းစည်းစိမ်ကိုစွန့်၍ရဟန်းပြုသွားသောဂေါတမနွယ်ဖွါး
ရဟန်းတော်အကြောင်းကိုသူကြားဘူး၏ယင်းရဟန်းတော်သည်
“သမ္မာသမ္ဗုဒ္ဓ”ဖြစ်၏ဟုလည်းသူကြားဘူး၏၊ယခုတွေ့မြင်နေရသော
“သမဏ”သည်ငါကြားဘူးသော“သမ္မာသမ္ဗုဒ္ဓ”ဖြစ်တော်မူပေလိမ့်မည်၊ ငါ၏အကျိုးစီးပွါးအတွက် ကြွလာတော်မူခြင်းဖြစ်ပေလိမ့်မည်၊ငါလုပ်သမျှ အလုပ်သည်အကုသိုလ်အလုပ်၊ဘ၀သံသရာရှည်စေသောအလုပ်
သံသရာခရီးကိုမနားတမ်းဆက်ကာဆက်ကာလျှောက်လှမ်းနေရမည့်
အလုပ်ဟုလည်းပြောသွား၏၊“အရဟတ္တမဂ်တဏှာကံဘ၀သံသရာ”
ဆိုသောစကားလုံးများကိုသုံးနှုံးဟောပြသွား၏၊ဘ၀ည်ကံကြောင့်ဖြစ်၏၊
ကိလေသာတဏှာရှိနေသ၍ကံရှိနေမည်၊

တဏှာကုန်အောင်အရဟတ္တမဂ်ဥာဏ်ရမှဖြစ်ပေမည်၊
ငါသည်ဘ၀ကိုဖြစ်စေသောတဏှာ
ကံတရားတို့ကိုပယ်သတ်သင့်ပေ၏ဟု
(ပါရမီဥာဏ်ရင့်ကျက်ချိန်ရောက်လာပြီဖြစ်၍) စိတ်ထဲ၌ အကြံဖြစ်ပေါ်လာပေ၏၊ထို့ကြောင့် ရှင်တော်မြတ်ဘုရားကို အောက်ပါစကား လျှောက်ထားလေ၏၊
 
ပူဇော်ထိုက်၍ အမြတ်တရားကို ရှာမှီးလေ့ရှိတော်မူသော
မှန်သောစကားကိုသာဆိုလေ့ရှိတော်မူသော မြတ်စွာဘုရားသည်
အချိန်ကြာမြင့်မှ အကျွန်ုပ်၏ နေရာဤတောအုပ်ကြီးသို့
ကြွရောက်တော်မူဘိ၏တကား၊ ထိုအကျွန်ုပ်သည်အသျှင်ဘုရား၏တရားနှင့်စပ်ယှဉ်သော
ဂါထာကိုကြားနာရသည်ဖြစ်ပါ၍“မကောင်းမှု”ကို
ပယ်စွန့်လျှက်ကျင့်ပါတော့အံ့၊
အင်္ဂုလိမာလသည်ပြောသလိုလုပ်၍လုပ်သလိုပြောသူလည်းဖြစ်၏
မကောင်းမှုကိုပါယ်စွန့်ပါတော့အံ့ဟုလျှောက်ထားသည့်အတိုင်း
“သူ၏လက်သုံးတော်ဖြစ်သော“လေး၊ သံလျက်၊ခက်ရင်း၊လက်ရိုက်တုတ်၊လှံ”
ပဉ္စာဝုဓလက်နက်ငါးမျိုးကိုအနီးရှိချောက်ထဲသို့လွှင့်ပစ်လိုက်လေသည်၊
ထို့နောက်တော့မဟာကရုဏာရှင်ဖြစ်တော်မူသော
ရှင်တော်မြတ်ဘုရား၏ခြေတော်ရင်းဝပ်စင်းကာ
“ပဗ္ဗာဇေထမံဘန္တေ”ဟုရဟန်းပြုခွင့်ပေးသနားတော်မူပါရန်
လျှောက်ထားလေတော့သည်။(ဆက်ရန်)
ကောင်းသစ်

Sunday, December 5, 2010

ကျွေးနှင့် ကျေးဇူး

ကျွေး
နှောင်ကြိုးဖြင့် ကူညီခြင်း

ကျေးဇူး
နှောင်ကြိုးမဲ့ ကူညီခြင်း

ကျွေး
မဆပ် မနေ
ဆပ်သော် ကျေ၏
ကျေးဇူး
မဆပ်သော်လည်း နေ
ဆပ်သော်လည်း မကျေ
ဘယ်လိုဖြေမလဲ

ကျွေးဖြစ်ဖြစ်
ကျေးဇူးဖြစ်ဖြစ်
ပြန်လည်ပေးဆပ်ရမည့်
အရာများသာ ဖြစ်

ကျွေးရှင် အပေါ်ကနေ၏
ကျေးဇူးရှင် အမြင့်ကနေ၏
ကျွေးရှိသူရော
ကျေးဇူးရှိသူရော
ဘာထူးလဲ
အားလုံးအောက်က နေရစမြဲ .

သစ်လွင်

Friday, December 3, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၁၄)

ဇာလိယတောတန်းလေးသည် ခါတွန်သံဂျိုးငှက်ကူသံ
ဆက်ရက်အော်သံ ကျိီးအာသံ စာကလေးများ၏ တကျိကျိမြည်သံသမှတပါးတိတ်ဆိတ်ငြိမ်သက်နေ၏
သို့သော် မောဟ ပယောဂ၊ပညာလောဘကြောင့်
ဒေါသဖက်နေသောအဟိံသက၏နှလုံးသားသည်ကား
ငြိမ်သက်ခြင်းမရှိ၊ယောက်ယက်ခပ်နေ၏၊
ဒေါသကြောင့်နှလုံးသွေးများဆူနေ၏၊
သတ်လိုဖြတ်လိုသည့်အခိုးအငွေ့များ ဝေနေ၏၊
  ထိုအချိန် အနန္တကျေးဇူးရင်မွေးမိခင်ကိုလှမ်းမြင်လိုက်ရ၏၊
မိခင်ဟုကားသိ၏၊သို့သော် မောဟပူးကပ်နေ၍
ကျေးဇူးရှင်ဟုကားမမြင်တော့၊မိမိလိုဘပြည့်ဖို့
တစ်ထောင်ပြည့်ရန်လိုနေသောလက်တစ်ချောင်းဖြည့်ဖို့သာ
စိတ်လောနေ၏၊စိတ်စောနေ၏၊ဥပစာရပန်းတိုင်
လှမ်းကိုင်ဖို့သာလိုတော့၏၊ပန်းဝင်ရန်နောက်ဆုံးချေလှမ်းဖြစ်၏၊

မိခင်ဖြစ်သော မန္တာဏီပုဏ္ဏေးမသည်ကား
အနှိုင်းမဲ့မေတ္တာတရားဖြင့် သားလေးကိုဖြောင်းဖျရန် သားလေးဆီသို့လှမ်း၍လှမ်း၍လာနေ၏၊
သားဖြစ်သော အင်္ဂုလိမာလသည်ကား
အရိုင်းမဲ့ ဒေါသတရားဖြင့်လက်ချောင်းဖြတ်ရန်
သန်လျှက်ဆွဲကိုင်လျှက် မိခင်ဆီသို့ပြေး၍ပြေး၍သွားနေ၏်
 လာနေသူနှင့်ပြေးသွားသူ မေတ္တာနှင့်ဒေါသ သားနှင့်မိခင်
ဖြစ်စဉ် ဖြစ်အင်မြင်နေရသူအဖို့..
ဘုရားတဖို့မှလွဲ၍ ဘာများတတ်နိုင်ပါအံ့နည်း။
 ထိုအချိန်ပင်မဟာကရုဏာရှင်ရှင်တော်မြတ်ဗုဒ္ဓသည်
သားနှင့်မိခင်အကြား ကြွလာတော်မူ၏၊ရောက်တော်မူလာ၏၊
ရပ်တော်မူလာ၏လာခြင်းကောင်းတော်မူသော
ရှင်တော်မြတ်ဘုရားပေတကား၊
(ဘုရားရှင်ကြွလာတော်မူ၍ မိခင်ကြီးလည်း အသက်ချမ်းသာခွင့်ရသွား၏၊
အင်္ဂုလိမာလလည်း ဘ၀နှောင်အိမ်မှ လွတ်မြောက်ခွင့် ရသွား၏)

ဘုရားရှင်ကြွလာတော်မူသောအခါ
အင်္ဂုလိမာလသည်စိတ်တစ်မျိုးပြောင်းသွား၏၊
(သို့သော် ဘုရားရှင်ဟုကားမသိသေး၊သမဏတစ်ပါး
အနေနှင့်သာသိလေ၏)အမိကိုလွှတ်၍
အနီးရှိသောဤရဟန်းကိုသတ်ကာလိုနေသော
လက်ချောင်းဖြည့်တော့အံ့၊အမိကိုမူ ဘေးမဲ့ဘေးတော့အံ့၊
ဤသို့စိတ်ပြောင်းသွားသောကြောင့်
လမ်းကြောင်းလည်းပြောင်းသွားတော့၏၊
အမိကို လိုက်သောချေလှမ်းများမှသည်
သမဏဖြစ်သော ရှင်တော်မြတ်ဘုရားကို လိုက်သော
ချေလှမ်းများ ဖြစ်သွားတော့၏၊ရှင်တော် မြတ်ဘုရားသည်
ပကတိပုံမှန်ကြွမြဲတိုင်းသာကြွတော်မူနေ၏၊
(သို့သော် အနန္တတန်ခိုးတော်ဖြင့်
အင်္ဂုလိမာလလိုက်မမှီရန် အဓိဋ္ဌာန်ထား၏၊)

အင်္ဂုလိမာလသည် မြန်မြန်ဥပစာရကိစ္စပြီးမြောက်ဖို့အတွက်
ပညာရေးပန်းတိုင်ဝင်နိုင်ဖို့အတွက် ခွန်အားသုံး၍ဓါးထမ်းကာ
မနားတန်းလိုက်၏၊မှီကာနီးလာလိုက် ဝေးသွားလိုက်
ဝေးလိုက် နီးလိုက်…ဤသို့ဖြင့် သုံးယူဇနာ
ခရီးလောက် ပေါက်သွားပေပြီ၊မနားတမ်းအားစိုက်လိုက်ရ၍
ချွေးများဒီးဒီးစီးကျနေပေပြီး၊မောဟိုက်၍လည်းလာပေပြီ၊
အာခေါင်များလည်း ခြောက်ကပ်၍လာပေပြီ၊
တစ်ခါမှညောင်းညာခြင်းမရှိသော ချေထောက်များလည်း
ညောင်းလာပေပြီး။ခြေကုန်လက်ပမ်းကျချေပြီး၊
အမှန်အတိုင်းဝန်ခံရလျှင်အမော့ဆို့၍ပင်လာပေပြီ၊
 အခါတိုင်းဆို အပြေးမြန်သောဆင်ပြောင်ကိုလည်း
လိုက်၍ ဖမ်းနိုင်သတ်နိုင်၏၊အပြေးသန်သော မြင်းကိုလည်း
လိုက်၍ ဖမ်းနိုင်သတ်နိုင်၏အပြေးသွားသော
ရထားကိုလည်း အမှီလိုက်နိုင်၏၊သမင် ဒရယ်
ဂျီငယ်မကျန်သားကောင်မှန်သမျှ လက်ရဖမ်းနိုင်၏၊

သို့သော် ဒီနေ့တော့ထူးထူးဆန်းဆန်းဤရဟန်း
သမဏကိုအမြန်အားစိုက်လိုက်သော်လည်းမမှီသေး၊
သူကတော့ မောဟန်မတူ ပမ်းဟန်မတူ
ပကတိသွားမြဲတိုင်းပင် သွားနေ၏၊ဣနြေ္ဒကလည်း
တည်ငြိမ်လွန်းလှ၏ကြောက်ဟန့်မရှိ၊လန့်ဟန်မတူ၊
တစ်ခြားသူနှင့်မတူ ထူးခြားသည်ကတော့မှန်ပေ၏၊
ယာလည်းညက်စေ ကြက်လည်းမောစေ
ဆိုသည့်အတိုင်း ငါလည်းနားချိန်ရသူလည်း
သွားနှုန်းလျှော့သွားအောင်စကားနှင့်လှမ်းပြီးတားအုံးမှပဲလေ၊
ဤသို့သူအကြံပေါက်သွား၏၊ ထို့ကြောင့်
အင်္ဂုလိမာလသည် သစ်ငုတ်တိုကဲ့သို့ တည့်တည့်မတ်မတ်
မတ်တတ်ရပ်လျှက်ပင် ရှင်တော်မြတ်ဘုရားကို
“တိဋ္ဌ တိဋ္ဌ သမဏ ရပ်စမ်း ရပ်စမ်း အိုရဟန်း-”ဟု
စကားစလိုက်လေ၏၊

ထိုအခါ..မဟာကရုဏာရှင် ရှင်တော်မြတ်ဗုဒ္ဓက
ပကတိသွားခြင့် သွားမြဲတိုင်းသွားနေရင်းပင်
“ဌိတော အဟံ အင်္ဂုလိမာလ-အဂုင်္လိမာလ ငါကားရပ်နေ၏၊
တွဉ္စ တိဋ္ဌ-သင်သာရပ်ပါတော့လောဟု
ပြန်လည်မိန့်ကြားတော်မူလိုက်၏၊
 အဟိံသက စဉ်းစားရကျပ်သွား၏၊ဆန့်ကျင်ဘက်အနေ
အဖြေကို ကြားလိုက်ရသောကြောင့်ဖြစ်၏၊
အမှန်အားဖြင့် အင်္ဂုလိမာလသည် မောပမ်းလွန်း၍
ဆက်မလိုက်နိုင်တော့သောကြောင့်ရပ်နေသူဖြစ်၏၊
ရှင်တော်ဘုရားက မမောမပမ်းသောချေလှမ်းတို့ဖြင့်
ပုံမှန်းကြွလှမ်းလျှက်ရှိ၏၊ ထို့ကြောင့် လက်ရှိအနေနှင့်
အဖြေသည် ဆန့်ကျင်ဘက်အနေဖြစ်နေပေ၏၊
သို့သော် သူဤသို့တွေးမှိပြန်၏၊သာကီမျိုးမှ ရဟန်းပြုလောသော
“သမဏ”တို့သည် အမှန်ကိုသာကြံ၏၊အမှန်ကိုသာပြော၏၊
အမှန်ကိုသာ ပြုမူလေ့ရှိ၏ဟု-ငါကြားဘူး၏၊

သူအဖြေကားထူးဆန်းနေ၏ ဆန့်ကျင်ဘက်လိုဖြစ်နေ၏၊
လိမ်ညာ၍ ပြောသည်တော့ မဖြစ်တန်ရာ၊
ဆိုလိုရင်းကို မေးမှသင့်မည်ဟုစဉ်းစားမိ၏၊ ထို့ကြောင့်
သူကမေးခွန်းစမေးလေတော့၏၊ကျွှန်ုပ်သည် ရပ်နေသူဖြစ်၏
သို့ပါလျှက်သွားနေသူဟု အသင်“သမဏ”ကဆိုပေ၏၊
အသင်“သမဏ”သည် သွားနေသူဖြစ်၏၊သို့စင်လျှက်
ငါကား ရပ်နေသူဟု-ဆိုပြန်၏၊ မရှင်းလင်းသော
ထိုပြဿနာကို အသင်“သမဏ”ဖြေဆိုပါလော၊
အဖြေကို သိလိုလှပါ၏၊
သူကား သွာနေ
ဖြစ်ပါချေ
ငါလေ ရပ်နေမြွက်။

ရပ်နေငါ့ကို
သွားသူဆို
ဆိုလို သိဖို့ခက်

စကားနှစ်ခွန်း
ဆန့်ကျင်လွန်း
ဥာဏ်မွန်းဖြေမထွက်

အဖြေသိလို
ကျွန်ုပ်ကို
               ဖြေဆိုရှင်းလင်းချက်… (ဆက်ရန် )
ကောင်းသစ်

Thursday, December 2, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၁၃)

ဒီနေ့ငါ့ဘ၀အတွက်လွတ်မြောက်သောနေ့ဖြစ်ရမယ်၊
အကျဉ်းထောင်မဟုတ်သော်လည်း“တောထောင်”မှာငါကျခံနေရတယ်၊
လောကနှင့်င့ါအကြား“ဥပစာရ”ကစည်းခြားထားတဲ့အတွက်
မကြမ်းချင်ပဲကြမ်းနေရတယ်၊မရမ်းချင်ပဲ ရမ်းနေရတယ်၊
င့ါစိတ်တွေဟာ လန်းချင်လျှက်နွမ်းနေရတယ်၊
ဒီနေ့“ဥပစာရကိစ္စ”ပြီးမြောက်မည့်နေ့ နောက်ဆုံးနေ့ပဲ၊
ဒီနေ့ဘယ်သူတွေ့တွေ့ ပထမဆုံးတွေ့သူကတော့“ကံဆိုးသူမောင်ရှင်”
ဖြစ်ရတော့မယ်၊ဤသို့အတွေးပေါင်းစုံတွေးလျှက်လူလာမည့်လမ်းငေးရင်း
“ဇာလိယ”တောတန်းမှ စောင့်မျှော်နေလေတော့၏။
(လမ်းဟုဆိုသော်လည်းလမ်းကောင်းတော့မဟုတ်၊သူ့ကို ကြောက်လန့်ကြ၍ 
လူသူ မသုံးတော့သောကျိုးပျက် ပေါက်ကွဲ ဟောင်းနွမ်းနေသောလမ်းဟောင်းတစ်ခုသာဖြစ်၏်)
 
တစ်ရက်ကိုနှစ်ပိုင်းပိုင်းလျှင်“နေ့နှင့်ည”ကဏ္ဍနှစ်ခုကွဲပြားသွားမည်ဖြစ်၏၊
သဘာဝအားဖြင့် နေ့သည် စားဝတ်နေရေးအတွက်အလုပ်ချိန်ဖြစ်၍
ညသည်မိသားစုအပမ်းဖြေချိန်(သို့မဟုတ်)အပျော်ချိန်ဖြစ်၏၊
လူသားများသည်“လောကပျော်”ပျော်ကြ၏၊
လူ့ဘ၀ကိုကျောခိုင်း၍ဖန်ရည်စွမ်းဝတ်ရုံကိုဆင်မြန်းကာ
ဘ၀လွတ်မြောက်ရေးလမ်းမပေါ်လျှောက်လှမ်းနေကြသော
“သမဏ”များသည်ကား“ဓမ္မ”ဖြင့်ပျော်ကြ၏၊ထို့ကြောင့်
ပြာလဲ့ကောင်းကင်အောင်ဝယ်လင်းလက်တောက်ပနေသော
ကြယ်တာရာမျိုးစုံနှင့်ရွှေလစန္ဒာတို့ဖြင့်လှချင်တိုင်းလှနေသော
“ရတ္တိ”ညဥ့်(သို့မဟုတ်)(ညသည် ပျော်ရွှင်ချိန်ဖြစ်၏၊ 
ယင်းညကိုထပ်၍ကဏ္ဍခွဲခြားလိုက်လျှင်
ပုရိမယာမ်မဇ္ဈိမယာမ်ပစ္ဆိမယာမ်“ဟု သုံးယာမ်ထွက်လာပြန်၏၊ပုရိမယာမ်၌“သဗ္ဗညူ”ဖြစ်တော်မူသော
ရှင်တော်မြတ်ဘုရားသည်မိမိအတွက်သီးသန့်စံကျောင်းဖြစ်သော
“ဂန္ဓကုဋီ”ကျောင်းဆောင်၌တစ်ပါးတည်းသီတင်းသုံးနေတော်မူ၏၊
 
ထိုအချိန်ဒေသအသီးသီးမှကြွလာကြသော
ရဟန်းတော်အရှင်မြတ်များဘုရားရှင်ထံချဉ်းကပ်ကြ၏၊
မရှင်းလင်းသည့် ပြဿနာများ-သံသယဖြစ်သည့်
အကြောင်းအရာများကိုမေးလျှောက်ကြ၏၊ မိမိနှင့်သင့်တော်မည့်ကမ္မဋ္ဌာန်းနည်းလမ်းများကိုတောင်းကြ၏၊
မနားဘူးသေးသောတရားအသစ်များ
ဟောကြားပေးတော်မူပါရန်လည်း လျှောက်တောင်းကြ၏၊
ထိုရဟန်းတို့၏လိုအပ်ချက်ကို စိတ်ကျေနပ်မှုရှိသည်အထိ
ဖြည့်ဆည်းပေးတော်မူ၏၊ဤသို့ဖြင့်ပုရိမယာမ်ကုန်လွန်သွားရ၏၊
မဇ္ဈိမယာမ်၌“သမန္တစက္ခု”ဖြစ်တော်မူသော
ရှင်တော်မြတ်ဘုရားထံစကြာဝဠာတိုက်တစ်သောင်းက
နတ်ဗြဟ္မာများလာရောက်ကြ၏၊မိမိတို့ကြိုတင်စဉ်းစားထားသော
အမေးပုစ္ဆာပြဿနာများကိုမေးလျှောက်ကြ၏၊
တစ်ဂါထာမေးသည်လည်းရှိ၏၊နှစ်ဂါထာ မေးလျှောက်သည်လည်းရှိ၏
ထို့ထက်အလွန် မေးလျှောက်ကြသည်လည်းရှိ၏၊ ဤသို့မေးရင်းဖြေရင်းပင် မဇ္ဈိမယာမ်ကုန်လွန်သွားရပြန်၏၊
မေးသမျှသောအမေးပုစ္ဆာပြဿနာမှန်သမျှကို
“လက်ပေါ်တင်ထားပတ္တမြား”သို့ထင်ရှားအောင်ဖြေဆိုတော်မူ၏၊
ဗုဒ္ဓဘာသာ၏ယဉ်ကျေးမှု အခြေခံအုတ်မြစ်ဖြစ်သော“မင်္ဂလသုတ္တန်”ကို
ဤအချိန်၌ ဟောကြားတော်မူခဲ့ခြင်းဖြစ်၏၊
 
နတ်သိကြားဗြဟ္မာများမေးလျှောက်သောသက္ကသံယုတ်
ဒေ၀တာသံယုတ်စသည်များကိုလည်းဤအချိန်၌ပင်
ဟောတော်မူခဲ့ခြင်းဖြစ်ပေ၏၊ဤယာမ်သည်
နတ်ဗြဟ္မာများ အတွက်သီးသန့်အချိန်ဖြစ်၏၊
နောက်ဆုံးဖြစ်သောပစ္ဆိမယာမ်ကိုအချိန်သုံးချိန်ထပ်၍ခွဲထားပြန်၏၊
ပထမအချိန်ကိုအထိုင်များခြင်းကြောင့်ဖြစ်သောခန္ဓာကိုယ်ညောင်းညာ
ပင်ပမ်းမှုကို ချေဖျက်ရန်စင်္ကြံကြွတော်မူခြင်းဖြင့်
ကုန်လွန်စေတော်မူ၏၊ဒုတိယအချိန်၌ သီးသန့်စံကျောင်းတော်ဖြစ်သော ဂန္ဓကုဋီကျောင်းတော်၌“သတိသမ္ပဇာဉ်''ယှဉ်တော်မူလျှက် လက်ျာဘက်စောင်းနံတောင်းစောင်းကာ
မြတ်သောကျိန်းစက်ခြင်းဖြင့် ကျိန်းစက်တော်မူ၏
တတိယမြောက်ဖြစ်သော နောက်ဆုံးတစ်ပုံသည် မိုးသောက်ချိန် 
(သို့မဟုတ်)မလင်းမှီ အရုဏ်ရောင်သမ်းချိန်ဖြစ်၏၊
ထိုအချိန်သည်“မဟာကရုဏာရှင်”မြတ်ဗုဒ္ဓတို့၏လောကကို
သီးသန့်ကြည့်ရှုချိန်ဖြစ်၏၊(ညပိုင်း“ယာမ်သုံးယာမ်”၌ပင် မဟာကရုဏာရှင်ရှင်တော်မြတ်ဘုရား၏လောကအတွက်မနေမနား

ဆောင်ရွက်သွားသောလုပ်ငန်းစဉ်တို့ကိုသိရှိကြသောအားဖြင့်
ရှင်တော်မြတ်ဘုရား၏လောကအပေါ်ထားရှိသောကြီးမားသော
“၀ီရိယ”နှင့်အတုမဲ့“မဟာကရုဏာတော်”ကိုကြည်ညိုနိုင်ကြပါစေ) 
ရှေးရှေးသော ဘုရားရှင်တို့လက်ထက်ကကောင်းမှုကုသိုလ်ပြုဘူးသော
“ကတာဘိကာရ''ကျွတ်ထိုက်သည့်ချွတ်ထိုက်သည့်ပါရမီရှင်တို့ကို
ဗုဒ္ဓစက္ခုဖြင့် ကြည့်တော်မူချိန်ဖြစ်၏၊
 
ယနေ့ အတုမဲ့“မဟာကရုဏာရှင်” ဖြစ်တော်မူသော ရှင်တော်မြတ်ဘုရားသည် မဟာကရုဏာသမာပါတ်မှ ထတော်မူ၍စကြာဝဠာတိုက်တစ်သောင်းကိုဗုဒ္ဓစက္ခုဖြင့်
ကြည့်ရှုတော်မူသောအခါ ကျွတ်ထိုက်သည့် ချွတ်ထိုက်သည့် အင်္ဂုလိမာလကို ဥာဏ်၌ထင်ထင်မြင်တော်မူရ၏၊ ငါဘုရားကြွသွားခဲ့လျှင်လူသူတိတ်ဆိတ် တောမြိုင်ရိပ်မှာ လေးပါဒရှိသော တစ်ဂါထာကိုကြားနာရ၍ ငါ့ဘုရားသာသနာမှာ ရဟန်းဘ၀ရယူလျှက် အဘိညာဉ်ခြောက်ပါး အသိဥာဏ်ထူးခြောက်မျိုးကို ရရှိပိုင်ဆိုင်သူ ဖြစ်ပေလိမ့်မည်၊
(အဘိညာဉ် ခြောက်ပါး=ဒိဗ္ဗစက္ခုအဘိညာဉ်-နတ်မျက်စိကဲ့သို့ သိလိုရာအထူးကို မြင်တတ်သောဥာဏ်၊ ဒိဗ္ဗသောတအဘိညာဉ်-နတ်နားကဲ့သို့ အထူးကြားတတ်သောဥာဏ်၊ပရစိတ္တ၀ိဇာနနအဘိညာဉ်-သူတစ်ပါး၏စိတ်ကို သိသောဥာဏ်၊ဣဒ္ဓိဝိဒအဘိညာဉ်-အထူးထူးသော တန်ခိုးကို ပြစွမ်းနိုင်သောဥာဏ်၊ပုဗ္ဗေနိဝါသာနုဿတိအဘိညာဉ်ရှေးဘ၀၌ဖြစ်ပျက်ခဲ့သည်တို့ကို

အစဉ်အောက်မေ့နိုင်သောဥာဏ်၊အာသ၀က္ခယအဘိညာဉ်-
ကိလေသာ အာသဝေါ ကုန်ခမ်းစေတတ်သော အရဟတ္တမဂ်ဥာဏ်)
 
အကယ်၍ငါဘုရားမကြွဖြစ်ခဲ့လျှင်
(ပညာလောဘကြောင့်အသိဥာဏ်ထုံထိုင်းသလိုဖြစ်နေသော) 
အင်္ဂုလိမာလသည် အမိကိုယ်သော်မှ ချမ်းသာမပေးပဲ 
မာတုဃာတက(အမိသတ်)ကံကို ကျူးလွန်မိရှာပေလိမ့်မည်၊ 
ထိုအခါ ဒီဘ၀ မဂ်ဖိုလ်လုံးဝရရှိနိုင်တော့မည်မဟုတ်သည့်အပြင်
ဘ၀ပြောင်းကငရဲဒုက္ခမုချခံစားရပေတော့မည်၊
မိခင်လည်းအသက်ချမ်းသာရာရစေ၊အင်္ဂုလိမာလလည်း
ဘ၀လွတ်မြောက်မှုရစေရန်ငါဘုရားကြွသင့်သည်ဟု
ဥာဏ်တော်ကိုအမှီပြုသော အကြံတော်ဖြစ်တော်မူ၏၊
ထို့ကြောင့် သင်းပိုင်ဧကသီတို့ကို ကောင်းစွာဝတ်ရုံလျှက် သပိတ်ပိုက်ကာဆွမ်းခံကြွတော်မူ၏၊နေ့ဆွမ်းကိစ္စပြီးလျှင်ပင် အင်္ဂုလိမာလရှိရာဇာလိယတောအုပ်သို့အခြံအရံမပါ
ခြေလျင်ခရီးဖြင့်တစ်ပါးတည်းကြွတော်မူ၏
တောလမ်းခရီးတစ်လျှောက်၌
နွားကျောင်းသားဆိတ်သိုးကျောင်းသား
တောင်သူလယ်သမားတို့ကလည်း ဤလမ်းဤခရီးသည် တကိုယ်တော်လူဆိုးကျက်စားနေထိုင်ရာဖြစ်၍
မကြွရန်အတန်တန်တားတော်မူကြ၏ဘယ်သူတွေဘယ်သို့ပင်တားတား
“မဟာကရုဏာရှင်”ရှင်တော်မြတ်ဘုရားကတော့အင်္ဂုလိမာလရှိရာ
“ဇာလိယ”တောတန်းသို့ကြွမြဲတိုင်းကြွတော်မူလေပြီ။
အင်္ဂုလိမာလသည်သူရှိရာ“ဇာလိယ”တောတန်းသို့
တန်းတန်းးမတ်မတ်လာနေသောမိခင်ကို
ခပ်လှမ်းလှမ်းမှပင်မြင်နေရပေပြီ၊ (ဆက်ရန်) 
ကောင်းသစ်