ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Sunday, December 12, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၁၈)

ထိုအခါ…ပေဿနဒီကောသလမင်းကြီးအား နွေခေါင်ခေါင် မိုးကြီုးပစ်သံ  ကြားလိုက်ရသလို မထင်ထားသောနေရာ၌ မထင်မှတ်သောသတင်းကိုရုတ်တရက်ကြားလိုက်ရသောအခါ
ကြောက်လန့်တုန်လှုပ်၍သွားလေ၏။ရာဇဣနြေ္ဒကိုပင်
မဆည်နိုင်တော့လောက်အောင်ကြောက်ရွံ့ထိတ်လန့်သော
အမူအယာသည်ပေါ်လွင်နေတော့၏။ခန္ဓာကိုယ်တုန်လှုပ်ခြင်း
ကြက်သီးမွှေးညှင်းများထခြင်းသည်ဖုံးဖိ၍မရတော့။မင်းကြီးသာမက
ကျန်စစ်သည်များသည်လည်းကြောက်လန့်သည်သာဖြစ်၏။
အင်္ဂုလိမာလ၏ စွမ်းရည်သူရသတ္တိကို သူတို့အားလုံးသိကြပြီးသားဖြစ်၏
တစ်ယောက်ချင်းမည်သူမျှမယှဉ်ရဲ၊အများနှင့်တစ်ယောက်မို့သာသူတို့
ဖမ်းဆီးဖို့ လိုက်လာကြခြင်းဖြစ်၏၊ မလိုက်လိုသော်လည်းမဖြစ်၊
သူဆန်စားရဲရမည် မဟုတ်ပါလား။


ဘုရားရှင်သည်ဘုရင်မင်းကြီး၏ဟန်မဆောင်နိုင်လောက်အောင်ပင်
ကြောက်ရွံ့ထိတ်လန့်တုန်လှုပ်နေသောအမူအရာကို
(စိတ်ထဲထိထွင်းဖေါက်)မြင်ရသောအခါစိတ်သက်သာရာရစေရန်
“မင်းကြီးစမ်းရေမှမီးမတောက်သလိုဤအင်္ဂုလိမာလထံမှ
ဘေးသည်ရောက်လာတော့မည်မဟုတ်တော့၊သက်ရှိဆိုလျှင်
လူမဆိုထားဘိပိုးရွချပုံးကိုသော်မှသူသည်သတ်တော့မည်မဟုတ်၊
သူ၏နှလုံးသား၌“ဓမ္မ”ကိန်းနေလေပြီးဟု မိန့်ကြားတော်မူလိုက်၏။
 “ပစ္စည်းနှင့်ကိုယ်အင်္ဂါအစိတ်အပိုင်းနှစ်ခုတစ်ခုခုစွန့်ပါဆိုလျှင်
ပစ္စည်းကိုစွန့်ရာ၏၊အင်္ဂါအစိတ်ပိုင်းနှင့်အသက်နှစ်ခု
တစ်ခုခုစွန့်ပါဆိုလျှင်အင်္ဂါအစိတ်အပိုင်းကိုစွန့်ရာ၏။
အသက်နှင့်ဓမ္မနှစ်ခုတစ်ခုခုစွန့်ပါဆိုလျှင်
အသက်ကိုစွန့်ရာ၏။ ဓမ္မကိုမစွန့်ရာ” သူတော်ကောင်းတို့၏ယင်းဥပေဒသကိုအင်္ဂုလိမာလသည်
စွဲမြဲစွာဆုပ်ကိုင်ထားသူဖြစ်၏၊ထို့ကြောင့်အင်္ဂုလိမာလသည်
သူ့အသက်ရန်ရှာသူကိုပင်ပြန်လည်၍ရန်ပြုတော့မည်မဟုတ်၊
အသက်သအသေခံသွားမည့်သူဖြစ်၏၊အရာအားလုံးထက်ဓမ္မကိုသာ
တန်ဘိုးထားရမှန်းသူကောင်းစွာ သိနားလည်သွားပေပြီ။
ငြိမ်းချမ်းသော ပရိသတ်ထဲ၌ ငြိမ်းအေးမှုသဘောတရားကို
သူခံစားတတ်နေလေပြီ၊ဘယ်သောအခါမှလောကီအပူတောသို့
တဖန်ပြန်လည်၍ ဦးမော့တော့မည် မဟုတ်တော့။
ကောသလမင်းကြီသည်ဘုရားရှင်၏စကားတော်ကြောင့်
စိတ်သက်သာရာရသွား၏။ တဖြေးဖြေးကြောက်စိတ် 
လန့်စိတ် စိုးရိမ်စိတ်များ ပြေသွား၏၊


ထိုအခါမှအရှင်အင်္ဂုလိမာလအနားသွား၍“အရှင်ဘုရား
အရှင်ဘုရားသည်အကျွန်ုပ်တို့၏(အလိုရှိနေသော)
အင်္ဂုလိမာလလေလော”ဟုလျှောက်ထားကြည့်၏။
(နာမည်တူဖြစ်နေမှာစိုး၍သေချာအောင်မေးလျှောက်ခြင်းဖြစ်၏)
မင်းကြီးမှန်ပေ၏ဟုပြန်လည်ဖြေဆို၏။
မင်းကြီးသည် တဆင့်တက်၍
(ပို၍ တိကျမှုရှိစေရန်) အရှင်ဘုရား၏မိခင်ဖခင်တို့သည် အဘယ်အနွယ်ရှိပါသနည်း-ဟု မေးလျှောက်ပြန်၏၊မင်းကြီး အမိသည် မန္တာဏီမျိုးနွယ်ဖြစ်၍အဖသည် ဘဂ္ဂ၀မျိုးနွယ်ဖြစ်ပေ၏
ဟုဆက်လက်ဖြေဆိုရပြန်၏။အရှင်ဘုရားသည်အသက်နှင့်ခန္ဓာ
တည်သမျှကာလပါတ်လုံး ရှင်တော်ဘုရား၏သာသနာတော်၌ ပျော်မွေ့တော်မူပါ။တပည့်တော်ကောသလမင်းကြီးသည်
အရှင်ဘုရားအတွက်“သင်္ကန်းဆွမ်းကျောင်းအိပ်ရာနေရာသူနာ၏
အထောက်အပန့်အသက်၏အရံအတားဖြစ်သော လိုအပ်သမျှသောဆေးပစ္စည်းတို့ဖြင့်”ကြောင့်ကြစိုက်၍ ထောက်ပန့်လှူဒါန်းပါမည့်ဘုရားဟုပစ္စည်းလေးပါးဒကာအဖြစ် အားလုံး၏ရှေ့၌ လျှောက်ထားလေ၏။ဓုတင်ဟူသည် ကိလေသာကို ခွါဖို့ပယ်ဖို့နည်းဖို့ကျဲဖို့ကင်းဖို့ရှင်းဖို့ကျင့်ကြံသော အကျင့်မြတ်ဖြစ်၏။
ယင်းအကျင့်ကို အရှင်အင်္ဂုလိမာလ ကျင့်သုံးနေပေပြီ၊
သာသနာ့ဘောင်အရောက်နောက်ကျသော်လည်း
အကျင့်အောက်မကျစေရန်ကျင့်သုံးနေသော အတုယူဖွယ် ရဟန်းတော်တစ်ပါးအဖြစ်ရပ်တည်နေလေပြီ။
သူသည်ဓုတင်အကျင့်မြတ်“၁၃”ပါးလုံးကိုကျင်သုံးနေသူဖြစ်၏
သို့သော်ယင်းကိုအနည်းစုကသာသိ၏၊ အများစုကမူ“အရညကဓုတင် ပိဏ္ဍပါတ်ဓုတင်ပံသုကူဓုတင်တိစီဝရိတ်ဓုတင်”ဟူသောဓုတင်
“၄”မျိုးသာကျင့်သုံးနေသည်ဟုထင်နေကြ၏။ထင်လည်းထင်စရာပင်၊
တစ်ချို့သောရဟန်းတော်အရှင်မြတ်တို့သည်မိမိတို့အကျင့်မြတ်
(တရားထူး)ကို သူတစ်ပါးမသိအောင် သိုသိုသိပ်သိပ်နေတော်မူကြ၏
အထူးလျှို့ဝှက်နေထိုင်တော်မူကြ၏။


ထို့ကြောင့်ရဟန္တာအရှင်မြတ်နောက်သပိတ်ပိုက်လိုက်နေသော
တောထွက်ရဟန်းတစ်ပါးသည် မိမိဆရာရဟန္တာဖြစ်နေကြောင်းကိုပင် မသိရှာပေ။(ဈာန် မဂ် ဖိုလ် တရားထူးနှင့်ပါတ်သက်ရှိ မရှိပဲမရပဲ ရှိသည်ရသည်ဟုလူဒကာဒကာမများအထင်ကြီးအောင်ဘုန်းကြီးအောင်
လိမ်ညာပြောဆိုပါကသာသနာတော်၌ဆက်လက်နေထိုင်ခွင့်မရှိဟု
ရှင်တော်မြတ်ဘုရားသည်ဝိနည်းဥပဒေကိုပင်တင်းတင်းကျပ်ကျပ်
ထုတ်ထားတော်မူ၏။ရရှိနေသည်ကိုပင်လူဒကာဒကာမများ
(အထင်ကြီးအောင်ဘုန်းကြီးအောင်)ပြောလျှင်အပြစ်ဖြစ်၏၊
ပါစိတ်အာပါတ်သင့်၏။(ပညာနောက်ထား၍သဒ္ဓါမြှောက်စားသော
ခုခေတ်ဗုဒ္ဓဘာသာဝင်များသတိထားဖွယ်ပင်ဖြစ်၏၊ ပညာမပါသော ယုံကြည်ချက်သည် အကန်းနှင့်တူ၍အကျင့်မပါသော ယုံကြည်ချက်သည်အကျိုးနှင့်တူ၏တဲ့၊ကိုးကွယ်မှု၌
ပညာ သဒ္ဓါ စုံသူဖြစ်နိုင်ကြပါစေ)ထို့ပြင်“အံ့သြစရာတိုင်းသည် အားကိုးစရာမဟုတ်”ဟူသောအဆို အမိန့်သည်လည်း
မှတ်သားစရာပင်ဖြစ်၏။ ပုထုဇဉ်တွေးတွေးလျှင် ဘုရင်မင်းကိုယ်တိုင်ကပစ္စည်းလေးပါးဖိတ်၍ပစ္စည်းလေးပါးဒကာခံလျှင်
ဘ၀င်မြင့်ချင်စရာဖြစ်၏၊မင်းကိုးကွယ်ခံဆရာတော်ဟု
လူအများအထင်ကြီးစရာဖြစ်၏။သို့သော် ထိုအထဲ အရှင်အင်္ဂုလိမာလ မပါဝင်ချေ။ထို့ကြောင့်လည်း“မင်းကြီးတန်ပြီ၊ငါအား(သင်္ကန်း)ပြည့်စုံပြီ
”ဟုပြန်လည်မိန့်ကြားလိုက်၏၊ ပြည့်စုံပြီဟု မိန့်ကြားခြင်းဖြင့် မင်းကြီး၏ပစ္စည်းလေးပါးဖိတ်မာန်မှုကို ယဉ်ယဉ်ကျေးကျေးဖြင့် ပယ်မြစ်လိုက်ခြင်းဖြစ်၏။ရှိသမျှနှင့်ရောင့်ရဲတတ်သောရဟန်းတော်အဖို့
အခါခပ်သိမ်းပြည့်စုံနေပါ၏။မရောင့်ရဲတတ်သူအဖို့တော့ပြည့်စုံခြင်း
ဟူသည်ဘယ်သောအခါမှရှိနိုင်လိမ့်မည်မဟုတ်ပေ၊“ရလေလိုလေ”
ဖြစ်နေမည်သာဖြစ်ပါ၏။“ပင်လယ်-ရေဖြင့်ပြည့်သည်မရှိ၊ မီး-လောင်စာဖြင့်ပြည့်သည်မရှိ၊လောဘ-ပစ္စည်းဖြင့်ပြည့်သည်မရှိ”တဲ့။
ထို့ကြောင့်ပြည့်စုံသူဖြစ်လိုလျှင်“ရှိသမျှနှင့်ရောင့်ရဲတတ်ဖို့”
အရေးကြီး၏၊''သန္တုဋ္ဌီ ပရမံ ဓနံ”ဟုတရားသဘော
ဘုရားဟောပင် ရှိသည်မဟုတ်ပါလား။(ဆက်ရန်)
ကောင်းသစ်

No comments: