ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Wednesday, December 15, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း...အပိုင်း(၂၀)

“ကရုဏာ”လူတိုင်းထားထိုက်သော ပွါးထိုက်သော ဗြဟ္မစိုရ်တရားဖြစ်၏်။ မိမိရှေ့မှောက် ဒုက္ခရောက်ဆင်းရဲနေသည်ကို မြင်ရ ကြားရသည့်အခါ သူတော်ကောင်းတို့၏“နှလုံးသားကို တုန်လှုပ်စေတတ်သောတရားကို ကရုဏာဟု ခေါ်ရ၏၊“ဒုက္ခဖြစ်အင် ကြုံတွေ့မြင်သော် သူတော်စင်များ စိတ်ချောက်ချား၍ သနားသမှု လှုပ်အောင်ပြု မှတ်ရှုကရုဏာ”တဲ့။
သဘာဝဘေးဒါဏ်ကြောင့်ဖြစ်စေ သက်ရှိဘေးဒါဏ်ကြောင့်ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ဒုက္ခရောက်နေသည်ကို မြင်နေ ကြားနေရပါလျှက်“နှလုံးသားမတုန်လှုပ်”ဟုဆိုလျှင် ထိုသူသည် ကရုဏာမကိန်းသောကြောင့်ဖြစ်၏၊ဒေါသနှင့်ကရုဏာသည်“မီးနှင့်ရေ- နေနှင့်လပမာ”လုံးဝဆန့်ကျင်သည့် သဘာဝတရားဖြစ်၏။ဒေါသသည် သူတစ်ပါးကို ဒုက္ခရောက်အောင် ပြုလုပ်တတ်သော မဲညစ်သည့်
“အဖျက်”တရားဖြစ်၍ကရုဏာသည်အကြောင်းတစ်ခုခုကြောင့်
ဒုက္ခရောက် နေသူကို ထိုဒုက္ခမှလွတ်အောင် တတ်နိုင်သမျှ
ကူညီဖေးမတတ်သော ဖြူစင်သည့်“အပြု”တရားဖြစ်၏၊ထိုကြောင့် ကရုဏာကိန်းသောသူသည်“မိမိရှေ့မှောက် ဒုက္ခရောက်နေသူကို
မြင်ရကြားရသောအခါလက်ပိုက်ကြည့်၍ မနေတတ်၊
မနေနိုင်၊ တတ်နိုင်သည့်နေရာမှ ကယ်ဆယ်ခြင်း ဖေးမခြင်း ကူညီခြင်းလုပ်ငန်းကို လုပ်ဖြစ်အောင်လုပ် လိုက်သည်သာဖြစ်၏။


ထိုအခါ သူတို့နှစ်ဦးသည် သဟဇာတ ဖြစ်သွားတော့၏
သဟဇာတဖြစ်လျှင် အညမညပါ ဖြစ်သွားတော့၏။
အညမညဟူသည်အပြန်အလှန်(ကျေးဇူးပြုသည့်)စည်းလုံးသည့် သဘောဖြစ်၏၊ထိုအခါ သူတို့နှစ်ဦးသည်(လူတန်းစားနှစ်မျိုးသည်) မည်သူတွေ ဘယ်လောက်ခွဲခွဲ ကွဲသွားလိမ့်မည်မဟုတ်တော့။
သဟဇာတ အညမညသဘောကို ပေါက်ဖွါးပေးတတ်သော ယင်းကရုဏာတရားသည် ယခု အရှင်အင်္ဂုလိမာလ၏ နှလုံးသားထဲနေရာယူနေပေပြီ၊ တဒင်္ဂမဟုတ်
တစ်ခဏလည်းမဟုတ် ထာဝရနေရာယူထားခြင်းဖြစ်၏။
ထို့ကြောင့် တစ်ချိန်ကလူပေါင်းများစွာကို“မြေခစေရာ၌”လက်မရွံ့ခဲ့သော
လက်မတွန့်ခဲ့သော(အကြင်နာမဲ့ခဲ့သော)အရှင်အဂုင်္လိမာသည်ယခုတော့ သွေးမတော်သားမစပ်မိမိနှင့်ဘာမှမပါတ်သက်သောကိုယ်ဝန်ဆောင်
အမျိုးသမီး တစ်ယောက်၏ဒုက္ခကို မြင်ရ ကြားရသောအခါ ယခင်ကဒေါသကြောင့် မဲညစ်နေသော အမဲရောင်နှလုံးသားသည် ယခုအခါ ကရုဏာကြောင့် ပန်းနုရောင်အသွင်ပြောင်းသွားလေပြီ၊ ထိုအခါ နုနယ်နေသော ပန်းနုရောင်နှလုံးသားသည်“တုန်လှုပ်မှု”
ကြာပန်းကို ပွင့်လန်းစေလေပြီ၊တုန်လှုပ်မှုကြာပန်းမှထွက်လာသော
“အမျိုးသမီးငယ်အား သားမဖွါးနိုင်ခြင်းဒုက္ခမှကယ်တင်လိုသော အကြံဖြစ်ပေါ်လာမှု”ရနံ့များသင်းပျံ့၍လာပေပြီ။ 


အရှင်၏စိတ်ထဲ၌“အချင်းတို့ သတ္တ၀ါတို့သည် ပင်ပမ်းကုန်စွတကား၊ အချင်းတို့ သတ္တ၀ါတို့သည် ပင်ပမ်းကုန်စွတကား”ဟုသနားမှု တုန်လှုပ်မှုရနံ့သည် ယနေ့ထက်တိုင် သင်းပျံ့နေဆဲဖြစ်၏။
အမှန်အားဖြင့် ကမ္ဘာတည်သ၍ သင့်ပျံ့နေမည်သာဖြစ်ပါ၏။
အရှင်၏ခြေလှမ်းတို့သည်လေးလံနေ၏၊ သို့သော် နှေးနှေးမှန်မှန်ဖြင့် ဆက်လက်လျှောက်လှမ်းနေရ၏၊ အများပေါင်းစု၍ ကောင်းမှုအဖြစ်
တည်ဆောက်ထားသောသာဝတ္ထိမြို့တွင်းရှိ ဓမ္မာရုံ(ဆွမ်းစားဇရပ်)
အလွှာမျိုးစုံမှ လောင်းလှူလိုက်သော ဖြူနီကြောင်ကြား အကြမ်းအနု အပူအအေး ချိုချဉ် စပ်ငန် ဖန်ခါး အရသာမျိုးစုံပေါင်းစပ်နေပြီး
ဖြစ်သောဆွမ်းကို တစ်လုပ်ခြင်းတစ်လုပ်ခြင်းဘုဉ်းပေးနေ၏
ဘုဉ်းပေးနေ၏ဆိုသော်လည်း အလွတ်ဘုဉ်းပေးနေသည်တော့မဟုတ်၊
ဆွမ်းအလှူရှင်များကိုချမ်းသာဖို့ ဆင်းရဲမှလွတ်မြောက်ကြဖို့ မေတ္တာပို့၏
သဒ္ဓါဖွေးဖြူ ပေးလှူအပ်သော ဤဆွမ်းကို“မြူးရယ်မာန်ကြွ လှပရေဆင်းပြည့်ဖြိုးခြင်းငှာ ဘုဉ်းပေးသည်မဟုတ်''၊ပထ၀ီ အာပေါ တေဇော ၀ါယောဟူသော ဓါတ်ကြီးလေးပါးဖြင့်တည်ဆောက်ထားသော
ဤခန္ဓာကိုယ်ကြီး ရည်ရှည်တည်တန့်ဖို့ အသက်ရှည်ဖို့ဖြစ်၏။ 


အသက်ရှည်မှ“စာပေကျန်းဂန် သင်အံပို့ချခြင်းပရိယတ္တိလုပ်ငန်း၊ တရားဘာဝနာရှုပွါးမှု ပဋိပတ္တိလုပ်ငန်း”သာသနာ့လုပ်ငန်းကြီးနှစ်ခုကို ကျယ်ကျယ်ပြန့်ပြန့် တွင်တွင်ကျယ်ကျယ်ထမ်းဆောင်နိုင်မည်
ဖြစ်၏ဖြန့်ဝေနိုင်မည်ဖြစ်၏၊ထို့ကြောင့်“အစာစားဖို့
အလုပ်လုပ်သည်မဟုတ်၊အလုပ်လုပ်ဖို့ အစာစားခြင်းဖြစ်၏”ဟု
နှလုံးသွင်းဆင်ခြင်၏၊ ဆွမ်းလုပ်တိုင်းကိုလည်းအမှတ်သတိဖြင့်
ဘုဉ်းပေးသုံးဆောင်၏၊အရှင်အင်္ဂုလိမာလသည်ဆွမ်းဘုဉ်းပေးတိုင်း
ဘုဉ်းပေးတိုင်း ဆွမ်းဒကာ ဆွမ်းအမများကိုသီးသန့်မေတ္တာပို့ခြင်းအလုပ်၊
ပစ္စဝေက္ခဏာဆင်ခြင်ခြင်းအလုပ်၊ ဘာဝနာရှုမှတ်ခြင်းအလုပ်ဟူသော
“လုပ်ငန်းကြီးသုံးခုကို”လုပ်မိအောင် လုပ်နေသည်သာဖြစ်၏၊ အားကျဖွယ် အတုယူဖွယ် ကြည်ညိုဖွယ် အရှင်အင်္ဂုလိမာလမထေရ်မြတ်ပေတကား။
အရှင်မြတ်သည် ဆွမ်းဘုဉ်းပေးပြီးနောက် ကျောင်းတော်သို့ ပြန်ရောက်သောအခါ ရှင်တော်မြတ်ဘုရားထံချဉ်းကပ်၍လက်အုပ်ချီကာ ဆွမ်းခံရင်းကြုံတွေ့ခဲ့ရသော“ကိုယ်ဝယ်ဆောင်မိခင်တစ်ဦး၏ဒုက္ခနှင့် သူအကြံဖြစ်ပုံ”ကိုပါလျှောက်ထားလေ၏။ထိုအခါ မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရားက အဂုင်္လိမာလသို့ဖြစ်မူသင်သည် ထိုကိုယ်ဝန်ဆောင် အမျိုးသမီးထံသွား၍-နှမ ငါသည် မွေးဖွါးသောအခါမှစ၍ သေစေလိုသောစေတနာဖြင့်သတ္တ၀ါတို့ကို
သတ်ဖူးသည်ဟုမသိစဘူး၊ထိုသစ္စာစကားကြောင့် သင်အားလည်းကောင်းကိုယ်ဝန်သူငယ်အားလည်းကောင်း
ချမ်းသာခြင်း ဖြစ်စေသတည်း”ဟု သစ္စာပြုရန် မိန့်တော်မူ၏၊


အရှင်အင်္ဂုလိမာလသည် ဘုရားရှင်၏ စကားကို အမှတ်မဲ့မနာ အမှတ်မဲ့မနေ စကားလုံးတိုင်းကို“ဂရုတစိုက်”နားထောင်နေ၏၊ နာယူနေ၏၊ဘုရားရှင်ညွှန်ကြားတော်မူသော“သစ္စာ”စကားထဲ၌“-
မွေးဖွါးသည်မှစ၍”ဟူသော စကားကိုပြန်လည်စဉ်းစားလိုက်၏၊
သူ့ဘ၀၏ အတိတ်ကို ပြန်ကြည့်ခြင်းဖြစ်၏ထိုအခါ
“ပညာ၏ဥပစာရအတွက်ဟု”အကြောင်းပြကာ
လူများစွာကိုသေစေခဲ့သော အရိပ်မဲကြီးသည်ပေါ်လာတော့၏။ ထိုသို့ဆိုလျှင်“သစ္စာမထိုက်သော သစ္စာပြုခြင်းသာ”ဖြစ်ပေတော့မည်၊ မုသားကို သစ္စာထင်အောင် ပုံမှားရိုက်ခြင်းသာ ဖြစ်နေပေတော့မည်။ အရှင်သည် မုသားဖက်သော သစ္စာကိုမပြုချင်၊ပြုလျှင်လည်း စွမ်းမည်မဟုတ်၊“အသိ သတိ”ဖြင့် အကုသိုလ်ဆိုရင် မှဲ့တစ်ပေါက်စာမျှပင်မထင်ရအောင်ကျင့်သုံးနေသည့်အရှင်ဖြစ်နေလေပြီ။


ထို့ကြောင့် ရှင်တော်မြတ်ဘုရားကို ပြန်လည်လျှောက်ထားလေ၏
ယင်းသစ္စာသည်တပည့်တော်နှင့်မထိုက်တန်ပါဘုရား၊တပည့်တော်သည်
ပညာရေးအတွက်ဟုအကြောင်းပြမှားကလူများစွာကိုသတ်
လက်ဖြတ်ခဲ့ဘူးသည့်အတိတ်ကအရိပ်မဲ ရှိနေပါသည်၊
ထို့ကြောင့်ယင်းသစ္စာသည်အခြားအရှင်မြတ်များအတွက်
“ပြုထိုက်သော သစ္စာ”ဖြစ်ကောင်းဖြစ်နိုင်သော်လည်း
အတိတ်မသန့်သောတပည့်တော်အတွက်တော့သစ္စာမဖြစ်ပဲ
မုသားဖြစ်နိုင်ပါသည်ဘုရား။ထိုအခါမဟာကရုဏာရှင်
ရှင်တော်မြတ်ဘုရားသည် အရှင်အင်္ဂုလိမာလကို
“တစ်ကိုယ်နှစ်ဘ၀”ခွဲကာ သစ္စာပြုနည်း ပြင်၍ပေးတော်မူ၏။
အရှင်အင်္ဂုလိမာလထေရ်သည် ပြင်ပေးလိုက်သော“သစ္စာပြုနည်း”ကို မှတ်သား၍ ကရုဏာလွှမ်းသော ခြေလှမ်းတို့ဖြင့် မိမိဆွမ်းခံစဉ်က မြင်တွေ့ခဲ့သောသားမဖွါးနိုင်သောကြောင့် ဒုက္ခရောက်နေရသည့် ကိုယ်ဝန်ဆောင်မိခင်ဆီသို့ဦးတည်၍ ကြွသွားနေလေပြီ၊ သူ၏ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းတို့သည် …….(ဆက်ရန်)
ကောင်းသစ်

No comments: