ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Sunday, December 19, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၂၂)

အရှင်အင်္ဂုလိမာလမထေရ်မြတ်၏“သစ္စာ”စကားသည်
ဘေးရန်အန္တရာယ်မှန်သမျှကို တားဆီးတတ်သောကြောင့်
“မဟာပရိတ်တော်”ဟုပင် စာပေ၌မှတ်တမ်းတင်ခြင်းခံထားရပေ၏။ မနှိမ်နင်း မတားမြစ်နိုင်သော ဘေးရန်မည်သည် မရှိ၊ ဘေးရန်အားလုံးကိုပင် တာဆီးနှိမ်နင်းနိုင်သည်ဟု ဆိုထား၏။
အရှင်မြတ် သီတင်းသုံး၍သစ္စာပြုသွားသော နေရာ
(အင်းပျင်)ကိုရေဆေး၍ ကိုယ်ဝန်ဆောင်မိခင်၏ ဦးခေါင်းပေါ် ပက်ဖျန်းလျှင်ပင် ချက်ခြင်းရင်သွေးငယ်ကို ချမ်းသာလွယ်ကူစွာ
မွေးဖွါးနိုင်၏၊ထို့ပြင် အခြားသောရောဂါဘယများကိုလည်း  သက်သာပျောက်ကင်းစေနိုင်၏ဟု ဆိုထားပြန်၏။ ယင်းသစ္စာခေါ်“မဟာပရိတ်တော်”၏ အစွမ်းသတ္တိသည်
ကမ္ဘာတည်သ၍တည်တန့်နေမည်သာဖြစ်၏။


(ယင်း မဟာပရိတ်တော်၏အစွမ်းကိုသိ၍ အရဆောင်ကာ  အာစိဏ္ဏကံအဖြစ် အမြဲရွတ်ဖတ်နှလုံးသွင်းကြသောအားဖြင့်
ဘေးအန္တရာယ်ရောဂါဟူသမျှ ကင်းပျောက်နိုင်ကြပါစေ)။အရှင်မြတ်၏ ကျောင်းတော်ပြန်ခရီးသည် သွက်လက်နေ၏၊ စိတ်ချမ်းသာနေ၏၊ စိတ်ချမ်းသာတော့ ကိုယ်ပါလန်းဆန်းတက်ကြွနေ၏။သူသည်
“အဖျက်လုပ်ငန်း”သည် တွေးလိုက်တိုင်း စိတ်ဆင်းရဲရ၍
“အကျိုးပြုလုပ်ငန်း”သည် တွေးလိုက်တိုင်း
စိတ်ချမ်းသာရသည်ကို လက်တွေ့သဘောပေါက်သွား၏။
 အရှင်မြတ်သည် ဆရာမှန်တွေ့၍ နေရာမှန်ရောက်သွားပေပြီ၊ အကျင့်မှန်များကိုဆက်လက်၍ကြိုးကြိုးစားစား
အားထုတ်သွားတော့မည်ဟု အရှင်မြတ် ဆုံးဖြတ်လိုက်၏။ 


ကြိုးကြိုးစားစား အားထုတ်ခြင်းဟူသည်
“ကိုယ်နှင့်အသက် မငဲ့ကွက်ပဲ အရိုးကြေကြေ အရေခမ်းခမ်း
မလျော့တမ်းသောဇွဲဖြင့်”အားထုတ်ခြင်းဖြစ်၏။ယခင်က တရားအားထုတ်ပြီးဆိုလျှင် အတိတ်ကအရိပ်မဲသည် အမြဲတန်းပေါ်နေ၏၊'''ကျမဆင်းရဲသူလေးမို့ ချမ်းသာပေးပါ၊ အိမ်မှာကျန်ရစ်တဲ့သားလေး အမိမဲ့သား ရေနည်းငါးလိုဖြစ်မှာဖို့ ကျမကိုလွှတ်ပေးပါ၊ ကျမမရှိရင် အိုမင်းနေတဲ့မိဘနှစ်ပါး အားကိုးရာ ရှိမှာမဟုတ်၍ ချမ်းသာပေးပါ”စသည် စသည်ဖြင့် သနားစဖွယ် ဒူးထောက်ငိုယိုတောင်းပန်ကြသော်လည်း သနားရမှန်းသူမသိခဲ့၊ မသိခဲ့၍လည်း ရက်စက်မှိခဲ့သည်မဟုတ်ပါလား၊ အတိတ်၏ အရိပ်ဒါဏ်ကို ကောင်းစွာခံစားနေရပြီးဖြစ်၍ ဆက်လက်တရားမှတ်၍ မရတော့၊ အရှင်မြတ်သည် ထိုင်လိုက်ထလိုက် စင်္ကြံမှတ်လိုက်
ဒီလိုနှင့် နေ့-ရက်- ည- လ- တွေကုန်လွန်ခဲ့ရ၏။
ယနေ့ ယခင်လိုမဟုတ်တော့၊ တွေးလိုက်တိုင်းပျော်နေ၏၊


သူသည်လောကအတွက်လူသားတွေအတွက်
အကျိုးပြုခွင့်ရလိုက်ပြီမဟုတ်ပါလား၊“အတ္တ- ငါ”ကို ဗဟိုလ်ပြု၍
လုပ်ကိုင်ခဲ့မှုသည် ဆင်းရဲရသလောက်“ပရ-လောက”ကို ဗဟိုလ်ပြု၍ လုပ်ကိုင်ရခြင်းသည်“မိမိရော လောကပါ”နှစ်ဦးနှစ်ဖက် ချမ်းသာမှုရသည်ကိုကိုယ်တွေ့သိရပေပြီ။ အမြင်မှန်ရ လာပေပြီ၊
ထို့ထက် အမြင်မှန်ဖို့“အရိယသစ္စာ”တရားကို သိခွင့်ရဖို့
ဆက်လက်ကြိုးစားရပေအုံးမည်၊တရားရှုမှတ်အားထုတ်သူသည်
ကာယ၀ိဝေကဖြစ်ဖို့အရေးကြီး၏၊ အဖေါ်မမက်ရ၊
“ကိစ္စမများ- စကားနည်းစေ၊ အိပ်နေမှုနည်း- ကိုယ်တည်းပျော်စေ၊ ဆုံးမလွယ်ကြောင်း- မိတ်ကောင်းရှိစေ၊ မဆုတ်ရေး- ကျင့်ရေး(အားပေး)ဂုဏ်ခြောက်ထွေ”ဟု ဒေသနာအသေအချာ ရှိနေသည်မဟုတ်ပါလား။ထို့ကြောင့် တစ်ပါးတည်း
ဆိတ်ငြိမ်ရာရွေးချယ်၍ အရိပ်ကောင်းသော သစ်ပင်အောက် အသင့်ပါလာသော နေရာထိုင်အခင်းလေးခင်းကာ
“မူလရှုမှတ်နေကြ”ကမ္မဋ္ဌာန်းကိုပင်“သတိချပ် အသိကပ်”မိအောင် ယခင်ထက် ၀ီရိယကို မြှင့်၍ရှုမှတ်လေတော့သည်။ 


ကိုယ်ဝန်ဆောင်မိခင်နှင့်ရင်သွေးငယ်ကို ကယ်တင်လိုက်ရ၍
စိတ်ထဲ၌ ချမ်းသာနေ၏၊စိတ်ချမ်းသာတော့ သမာဓိရလွယ်၏၊သမာဓိရ၍ ပညာအဖြစ်မြန်၏၊ ရုပ်နာမ်-ကျိုးကြောင်း- လက္ခဏာသုံးပါး- ဖြစ်ပျက်
ထိုမှတစ်ဆင့်  အဆင့်ဆင့်တက်၍“မဂ်လေးဆင့် ဖိုလ်လေးဆင့် နိဗ္ဗာန်အမြင့်ထိ”အဆင့်ဆင့် အရှင်မြတ်တက်လှမ်း နိုင်ခဲ့ပေပြီ။
“ပဋိသန္ဓေနေရမှုကုန်ပြီး၊ မြတ်သောအကျင့်ကို ကျင့်သုံးပြီးပြီ၊
ပြုဖွယ်ဖြစ်သောမဂ်ဖိုလ်ကိစ္စ ပြုပြီးပြီ၊ မဂ်ဖိုလ်ကိစ္စအတွက် တစ်ပါးသောပြုဖွယ်ကိစ္စမရှိပြီ”ဟု ကိုယ်တိုင်
ကိုယ်ပိုင်အသိဥာဏ်ဖြင့် သိမြင်သွားလေပြီ၊ ဗုဒ္ဓလေးဆူတို့တွင်“စတုသစ္စဗုဒ္ဓ”စစ်စစ် ဖြစ်သွားတော်မူလေပြီ၊
အရှင်အင်္ဂုလိမာလသည် ကိလေသာ အာသဝေါကုန်ခမ်းသော
ရဟန္တာအရှင်မြတ်စာရင်းတွင် တစ်ပါးအပါအ၀င်ဖြစ်သွားလေပြီ။


ယခုမှပင် အရှင်မြတ်သည် ပြေးသွားနေရာမှ ရပ်တည်နေသူအဖြစ် ရောက်သွားပေပြီ၊ ပြေးခြင်းနှင့်ရပ်ခြင်းသဘောတရားကို ကောင်းစွာ
သဘောပေါက် သိမြင် သွားပေပြီးတကား။သက်ရှိ သတ္တ၀ါတိုင်းသည် အာဟာရကိုမှီ၍တည်နေကြရ၏ အသက်ရှင်နေကြရ၏၊
အရှင်အင်္ဂုလိမာလမထေရ်မြတ်သည်လည်း သက်ရှိ
ရဟန်းတော်တစ်ပါးပေမို့အသက်ရှင်ရပ်တည်ရေးအတွက် ဆွမ်းခံကြွတော်မူရ၏။ရဟန်းဟူသည် ခြေနှစ်ချောင်းကို အားကိုး၍ သဒ္ဓါတရားရှိသည့် ဒကာ ဒကာမများကို အမှီပြုကာ
နေထိုင်ကြရသည်မဟုတ်ပါလား။ယနေ့လည်း ခါတိုင်းကဲသို့ပင်
နံနက်ခင်းဝယ် သင်းပိုင်ဧကသီတို့ကို ကောင်းကောင်းမွန်မွန် ပြင်ဝတ်၍ သပိတ်ပိုက်လျှက် သာဝတ္ထိမြို့တွင်း ဆွမ်းခံကြွတော်မူ၏။ ထိုအခါ လူတို့သည်“ကျီး ခွေး ၀က် ကြက်တို့ကို”ခြောက်လှန့်သောအားဖြင့် ပစ်လွှင့်အပ်သော ကျောက်ခဲ အုတ်ခဲ တုတ် လှံတံ စသည်တို့သည် အရှင်မြတ်၏ ကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်လာကုန်၏။


ထိုအခါ အရှင်မြတ်၏ ဦးခေါင်းသည် ခဲထိမှန်၍ သွေးချင်းချင်း နီလေပြီ။လက်ခြေများလည်း ဒါဏ်ရာဒါဏ်ချက်များ မနည်းလှ၊ တိစီဝရိတ်ဆောင် အရှင်မြတ်ပေမို့ဆွမ်းခံရင်း
ဆောင်လာသော ဒုကုဋ် နှစ်ထပ်သင်္ကန်းကြီးပင် စုပ်ပြတ်
သွားပေပြီ၊ ၀မ်းရေးအတွက်ဖြေရှင်းပေးသာ ဧဟိဘိက္ခုအခေါ်ခံရစဉ်က ရရှိထားသော သပိတ်သည်ပင်ကွဲအက်၍သွားပေပြီ၊ဆက်လက်ဆွမ်းခံ၍
မဖြစ်တော့၊ ထို့ကြောင့် အရှင်မြတ်သည်“ကွဲသော ဦးခေါင်း ယိုစီးသောသွေး ကွဲအက်သောသပိတ် စုတ်ပြတ်နေပြီးဖြစ်သော ဒုကုဋ်နှစ်ထပ်သင်္ကန်းဖြင့် မြတ်စွာဘုရားရှင်ထံတော်ပါးသို့
ချဉ်းကပ်ရန် နှေးနှေးမှန်မှန် ကြွသွားတော်မူနေလေပြီ။မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရားသည်  အရှင်အင်္ဂုလိမာလမထေရ်ကို
“မကောင်းမှုကို အပပြုပြီးသောရဟန်း၊ သင် သည်းခံလော၊
မကောင်းမှုကိုအပပြုပြီးသော ရဟန်း သင် သည်းခံလော၊
 မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် သူတစ်ပါးအသက် သတ်ဖြတ်မှု အကုသိုလ်ကံ၏အကျိုးအားဖြင့် နှစ်ပေါင်းများစွာ နှစ်ရာပေါင်းများစွာ နှစ်ထောင်ပေါင်းများစွာပတ်လုံး
ငရဲ၌ ကျရောက်လေရာ၏၊မကောင်းမှုကို အပပြုပြီးသော ရဟန်း သင်သည် ပါဏာတိပါတကံ၏ ဆိုးကျိုးကို
ယခုဘ၀၌ပင်ခံစားရဘိ၏”ဟု မိန့်တော်မူ၏။(ဆက်ရန်)
ကောင်းသစ်

No comments: