ကောသလမင်းကြီးအရှင်အင်္ဂုလိမာလကိုပစ္စည်းလေးပါးဖိတ်မံခြင်းသည်
ကြည်ညို၍ဖြစ်ချင်ဖြစ်မည်၊၀တ်ကျေတန်းကျေဝတ္တရားအရ
ဖိတ်မံခြင်းလည်းဖြစ်ချင်ဖြစ်မည်။ မည်သို့ပင်ဖြစ်စေ ပစ္စည်းလေးပါးနှင့်ပါတ်သက်၍အလိုနည်းစွာကျင့်သုံးနေပြီးဖြစ်သော အရှင်အင်္ဂုလိမာလသည် မင်းကြီး၏ပစ္စည်းလေးပါးဖိတ်မံခြင်းကို ယဉ်ကျေးစွာပယ်မြစ်လိုက်လေပြီ၊အရှင်အင်္ဂုလိမာလထေရ်၏
“ရသမျှနှင့်ရောင့်ရဲစွာကျင့်သုံးနေထိုင်တတ်ပြီး ဖြစ်သောမိမိအဖို့ ပစ္စည်းလေးပါးပြည့်စုံပါပြီးဟု”ယဉ်ယဉ်ကျေးကျေးဖြင့် ပစ္စည်းလေးပါး
ဖိတ်မံခြင်းကိုပစ်မြစ်လိုက်သောစကားကြားရသောအခါ
ဘုရင်မင်းကြီးသည်အံ့သြသွား၏၊အံ့သြမည်ဆိုလျှင်လည်း
အံသြထိုက်ပေ၏အရှင်အင်္ဂုလိမာလသည်ကြမ်းတမ်းမှု“ဒေါသ”
ကိုသာမက၊အလိုလွန်ကဲမှု“လောဘ”ကိုပါထိမ်းချုပ်မှုစွမ်းအား
ရှိသွားလေပြီ၊အမှားအမှန်-အကျိုးရှိမရှိ-တရား မတရား-
အရာအာလုံးတို့အပေါ်၌ တွေဝေမှု
“မောဟ”တရားကိုပါသူပယ်ရှားနေပေပြီ၊
မဟာကရုဏာရှင် ရှင်တော်မြတ်ဘုရား၏“ရပ်သူနှင့်သွားနေသူ”
အတိုချုပ်တရား နာကြားခွင့်ရသောကြောင့်သူ၏ဘ၀သူ၏
ချေလှမ်းတို့သည်“သစ္စာတရား”ပေါ်၌ ကျောက်စာတိုင်ကဲ့သို့ ခိုင်မြဲစွာရပ်တည်နေပေပြီ။သူသည်သစ္စာမဲ့သော“အဓမ္မ”လုပ်ရပ်ကို
ဘယ်သောအခါမှလုပ်လိမ့်မည်မဟုတ်၊ပြောလိမ့်မည်လည်း
မဟုတ်တော့ချေ၊သူ၏ကိုယ်ကျင့်ဖြူစင်မှု“စာရိတ္တ”မဏ္ဍိုင်သည် ဘယ်သောအခါမှ ယိမ်းယိုင်တော့မည် မဟုတ်ချေ။
ကျောက်စိုင်ပေါ်စိုက်သော ကျောက်တိုင်ကဲ့သို့ ခိုင်မြဲသွားလေပြီ။
အရှင်အင်္ဂုလိမာလ လူကောင်းတစ်ယောက်ဖြစ်သွားသောကြောင့် မင်းနှင့်တကွလူထုတစ်ရပ်လုံး ဘေးကင်းသွားပေပြီ၊
ဤသည်မှာ စစ်မှန်သောဗုဒ္ဓဓမ္မ၏ ကျေးဇူးတရားပင် မဟုတ်ပါလော။
စာရိတ္တဗလကို ဘာသာတရားမှလွဲ၍ အဘယ်မှာရနိုင်ပါအံ့နည်း။
စာရိတ္တဗလမပါသော အခြားဗလများသည် တိုးတက်မှုကို ဖေါ်ဆောင်ကောင်း ဖေါ်ဆောင်နိုင်လိမ့်ဖြစ်သော်လည်း အရေးကြီးဆုံးဖြစ်သည့်“ငြိမ်းချမ်းမှု”ကိုတော့ ဘယ်သောအခါမှဖေါ်ဆောင်နိင်လိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် နိုင်ငံငြိမ်းချမ်းမှု ကမ္ဘာကြီးငြိမ်းချမ်းမှုကိုပါလိုလားသူဖြစ်လျှင်
ကိုယ်ကျင့်ကောင်းမွန်မှု“စာရိတ္တဗလ”ကိုပါ မြင့်အောင် မြှင့်တင်
သင့်ကြပေသည်။မင်းကြီးသည် အရှင်အင်္ဂုလိမာလအနားမှ ခွါ၍ ရှင်တော်မြတ်ဗုဒ္ဓအနားသို့ တဖန်ချဉ်းကပ်ပြန်၏၊
ထို့နောက်တော့မြိုသိပ်မထားနိုင်သောရင်တွင်းခံစားချက်ကို
ဘုရားရှင်အား လျှောက်ထားလေတော့၏။မင်းကြီး ဘုရားရှင်အား လျှောက်ထားသော စကားအပြည့်အစုံမှာ အရှင်ဘုရား
အံ့သြဖွယ်ရှိပေစွ၊ အရှင်ဘုရား မဖြစ်ဘူးမြဲဖြစ်ပါပေစွ၊ အရှင်ဘုရား မြတ်စွာဘုရားသည် မယဉ်ကျေးသောသတ္တ၀ါတို့ကို ယဉ်ကျေးအောင် လွန်ကဲစွာဆုံးမတော်မူတတ်ပါပေစွ၊မငြိမ်သက်သော သတ္တ၀ါတို့ကို လွန်ကဲစွာ ငြိမ်သက်စေတော်မူတတ်ပါပေစွ၊မငြိမ်းအေးသေးသော သတ္တ၀ါတို့ကို လွန်ကဲစွာ ငြိမ်းအေး စေ တော်မူတတ်ပါပေစွ၊ အရှင်ဘုရား အကျွန်ုပ်တို့သည် ယင်းအင်္ဂုလိမာလကို တုတ်လှံတံဖြင့်သော်လည်းကောင်း ဓါးလက်နက်ဖြင့်
သော်လည်းကောင်း ဆုံးမခြင်းငှာမစွမ်းနိုင်ကြပါကုန်၊
ထိုအဂုင်္လိမာလကိုမြတ်စွာဘုရားသည်တုတ်လှံတံလက်နက်မပါဘဲလျှက်
ဓါးလက်နက် မပါဘဲလျှက်သာလျှင်(ဓမ္မ-စာရိတ္တဗလဖြင့်)
ယဉ်ကျေးစေတော်မူနိင်ပါပေ၏၊ အရှင်ဘုရား အကျွန်ုပ်တို့သည်
ယခု သွားကြပါကုန်အံ့၊အရှင်ဘုရား အကျွန်ုပ်တို့သည် များသောပြုဖွယ်ကိစ္စ ရှိကြပါကုန်၏ ဟူ၍ဖြစ်၏။အထက်ပါ မင်းကြီး၏ ဘုရားရှင်အား လျှောက်ထားချက်သည် အကြောင်းမဲ့
လျှောက်ထားခြင်းမဟုတ်၊ ပြည်သူလူထုက လူဆိုးကြီးအင်္ဂုလိမာလကို နှိမ်နင်းရန် မတောင်းဆိုခင်ကပင် မင်းကြီးသည်အင်္ဂုလိမာလကို နှိမ်နင်းရန် ဆင်တပ်ကိုလွှတ်၍လည်း နှိမ်နင်းခိုင်းဘူး၏။
မြင်းတပ် ရထားတပ် ခြေလျှင်တပ်ကိုလည်း လွှတ်၍ နှိမ်နင်းခိုင်းဘူး၏။
တစ်ကြိမ်မက နှစ်ကြိမ်မက အကြိမ်များစွာပင်ဖြစ်၏၊ သို့သော် လွှတ်သမျှပြန်ရောက်လာသည်ဟူ၍မရှိပေ၊“ငါ အင်္ဂုလိမာလ ဟေ့”ဟု ကြိမ်းဝါးလိုက်လျှင်ပင် အသံကြားသူမှန်သမျှ ခံတိုက်မှု ခုခံမှုမရှိပဲ
လက်နက်စွန့်၍ ပြေးကြသည်သာများ၏၊သို့သော် သူလက်က လွတ်သူဟူ၍မရှိပေ၊(ပြန်လမ်းမရှိသောခရီးစဉ်ဖြစ်၍
နောက်တော့ အင်္ဂုလိမာလကိစ္စကို သူ့ထိုက်သူ့ကံဟုလျစ်လျူရှုကာ
မသိကျိုးနွံပြုနေတော့၏၊ ပြည်သူကတောင်းဆိုမှမလွှဲသာ၍
သူကိုယ်တိုင်ကြောက်ကြောက်နှင့် ဖမ်းဆီးရန်ထွက်လာရင်း ဘုရားရှင်ထံ ဖူးမျှော်ဝင်ရောက်ခြင်းဖြစ်၏)
တောဆင်ရိုင်း မြင်းရိုင်းများပင် သူနှင့်တွေ့က အသက်ချမ်းသာခွင့် ရသည်မရှိပေ၊တစ်ချိန်ကအရှင်အင်္ဂုလိမာလသည်“အဲဒီလောက်ကြမ်း၏၊
အဲဒီလောက်ရမ်း၏၊ အဲဒီလောက်ထိ စွမ်းခဲ့သူဖြစ်၏၊''ယခု ယခင်နှင့်မတူတော့ ရမ်းရာမှယဉ်(ယဉ်ကျေး)ကြမ်းရာမှကြင်(ကြင်နာ)
စွမ်းရာမှစင်(စင်ကြယ်)သူအဖြစ် မယုံနိုင်လောက်အောင်ပင် ပြောင်းလဲသွားပေပြီ၊ပြောင်းလွဲသွားပေပြီ။ ထိုဖြစ်ရပ်များသည် ကိုယ်တွေ့ဖြစ်ရပ်မှန်ဖြစ်၍ဘုရင်မင်းကြီးသည် အထက်ပါစကားကို ဘုရားရှင်အားလျှောက်ထားခြင်းဖြစ်၏။ထိုအခါ ရှင်တော်မြတ်ဘုရားက မင်းကြီးသွားတော့ ဟုလည်းမနှင်၊ နေပါအုံးဟုလည်းမတား၊
သွား မသွားမှာအသင်မင်းကြီး၏သဘောပင်ဖြစ်၏၊သွားရန်အချိန်ကို သင်သိ၏ဟုမိန့်တော်မူ၏။ထိုအခါ ပသေနဒီကောသလ
မင်းကြီးသည် နေရာမှထ၍မြတ်စွာဘုရားကိုရှိခိုးလျှက်
အရိုအသေပြုကာဖဲခွါသွားလေ၏၊
အရှင်အင်္ဂုလိမာလသည် သင်းပိုင်ကိုဒူးဆစ်အောက် လက်ရှစ်သစ်ခန့်
ညီညာမှုရှိအောင် သေသေချာပြင်ဝတ်၏၊သေချာပြီးဆိုမှ
ခါပန်းကြိုးကိုပတ်၏၊ ထို့နောက်ဧကသီကို ဒူးဆစ်အောင် လက်လေးသစ်ခန့် ၀န်းဝိုင်းညီညာမှုရှိအောင် ဂရုတစိုက်းဝတ်ရုံ၏၊
အနားပါတ်သီးကိုလည်းသေသေချာချာတပ်၏၊လည်ပင်း
လက်ကောက်ဝတ်မပေါ်ရအောင်လည်း ဖုံးရသေး၏၊
အရှင်သည် ပင့်ဆွမ်းကိုလက်မခံ၊အိမ်စဉ်လှည့်၍ အလှူခံရသော
ဆွမ်းကိုသာဘုဉ်းပေး၏။ ထို့ကြောင့် စက္ခုနြေ္ဒချ မိမိရှေ့လေးတောင်လောက်သာကြည့်ရှု့လျှက် အိမ်စဉ်လှည့်ကာ သပိတ်ပိုက်လျှက် ဆွမ်းခံကြွတော်မူ၏၊ တစ်နေ့မဟုတ် တစ်ရက်မဟုတ် ရဟန်းဖြစ်ပြီး သာဝတ္ထိပြည်သို့ရောက်သည့်နေ့မှစ၍ နေ့စဉ်ပင် ကြွတော်မူခြင်းဖြစ်၏။ကြွတော်မူသောအခါ၌လည်း ကိုယ်လှုပ်ခြင်း လက်မောင်းလှုပ်ခြင်း ဦးခေါင်းလှုပ်ခြင်းစသော ဣနြေ္ဒမဲ့အမူအယာများ လုံးဝမပြုမိစေရန်“အမှတ် သတိ”ဖြင့်ကြွတော်မူ၏။ထို့ကြောင့် တည်ငြိမ်မှုရှိလှသော အရှင်အင်္ဂုလိမာလကို အရင်လို
“ကြောက်စရာဟုမမြင်၊ ကြည်ညိုဖွယ်ရာ”အသွင်ဖြင့်သာ လူအများ ဖူးမြင်ရတော့၏၊ဟိုတစ်ချိန်ကသောကကိုဖြစ်စေသော အင်္ဂုလိမာလသည် ယခုတော့ သုခကိုဖြစ်စေသော
အရှင်အင်္ဂုလိမာလထေရ်ဖြစ်နေပေပြီ။(ထို့ကြောင့်“စိတ်”တစ်ခု ပြောင်းလဲလိုက်လျှင်ပင်“ဘ၀”တစ်ခုလုံးပြောင်းလွဲသွားနိုင်၏၊)
တစ်ခုသောနေ့၏ နံနက်ခင်းအချိန်ပင်ဖြစ်၏၊ အရှင်အင်္ဂုလိမာလသည် အခါတိုင်းကဲ့သို့ပင် သင်းပိုင်ဧကသီတို့ကို ကောင်းစွာဝတ်ရုံ၍ သပိတ်ပိုက်ကာ အိမ်စဉ်လိုက်ဆွမ်းခံကြွတော်မူစဉ်
“သားမဖွါးနိုင်၍ မသက်မသာ ဆင်းရဲဒုက္ခအလူးအလဲခံနေရသော”
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်ကို တွေ့မြင်ရ၏၊
ညီးညူသံ သဲ့သဲ့ကိုလည်းကြားနေရ၏ထိုအခါ ယခင်ကကြမ်းတမ်းမှုကို အမြဲနေရာပေးထားရသော သူ၏နှလုံးသားသည်ယခုအခါ ထူးထူးဆန်းဆန်း ကရုဏာကြာပန်းများပွင့်လန်းလာပေပြီ။
အကြင်နာ ရနံ့များသင်းပျံ့လာပေပြီ။
(သူ၏ မဲညစ်သောနှလုံးသားသည် ယခုအခါ ပန်းနုရောင်သမ်းသော နူးညံ့သည့် နှလုံးသား ဖြစ်သွားလေပြီ၊ အော် နှလုံးသားသည်လည်း အရောင်ပြောင်းတတ်ပေသည်တကား)(ဆက်ရန်)
ကောင်းသစ်
No comments:
Post a Comment