ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Tuesday, November 30, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း...အပိုင်း(၁၂)

ဒါတွေဘာတွေ မဲ့မနေပါနှင့်တော်၊ ရှင်းအောင်သာ
မြန်မြန်ပြောစမ်းပါ၊ရှင်မကလည်းလောလိုက်တာ
စကားကိုဆုံးအောင်တော့နားထောင်အုံးမှပေါ့၊
မလောလို့ ဖြစ်မလား၊ ဒါသားတော့ သား-
ကိုးလလွယ် ဆယ်လဖွါးတဲ့ကျမရဲ့ရင်တွင်းဖြစ်သားလေ၊ 
အေးပါ မင့်သားလည်းငါ့သားပါပဲကွာကျမသားလေးဘာလေးနှင့် ခွဲခြားခွဲခြား ပြောမနေပါနှင့်၊ကဲပါတော်ရှင်နှင့်စကားနိုင်လု
မနေချင်ပါဘူးအဖြစ်မှန်ကိုသာမြန်မြန်ပြောစမ်းပါ
အေး-ငါကသားနှင့်အနေဝေးပေမဲ့သတင်းစကားအမြဲကြားနေရတယ်၊
ကြားဆိုအမြဲတန်းနားစွင့်နေတယ်လေ၊ သားလေးက ဆရာတို့နှင့်အတူနေ ဖြစ်တော့ အိမ့်ဝတ္တရားလည်းကျေပြွန် စိတ်ထားကလည်းကောင်း ပညာကလည်း တော်ဆိုတော့ ဆရာနှင့် ဆရာကတော်တို့ မိသားစုက အရေးပေးတယ်ဆိုပဲ။ 

အိမ်ထောင်ရေးတာဝန်ကိုဆရာကတော်က
အဓိကချယ်လှယ်တာဆိုတော့ ဆရာကတော်နှင့်အနီးကပ် နေရတဲ့အချိန်လည်း များတယ်၊ ဆရာကြီးကတော့ တပည့်တွေကို ပညာသင်ပေးရင်း အချိန်ကုန်တာ များတယ်လေ၊ဒါကို တပည့်အများစုကမကျေနပ်ဘူး ၊ ဒို့သားလေကိုပဲ အရေးပေးတယ်၊ဦးစားပေးတယ်၊
မျက်နှာလိုက်တယ်ဆိုပြီး ဆရာကြီးကို 
သားလေးနှင့်ဆရာကတော်“သာမန်ထက်ပိုတဲ့သံယောဇဉ်”
 ဖြစ်နေကြပြီးလို့မဟုတ်မဟပ်လုပ်ဇာတ်ခင်းတိုင်ကြတယ်ဆိုပဲ၊
အမှန်တော့ ဆရာကတော်နှင့်သားလေးဟာ
ဖြူစင်ရိုးသားတဲ့ သံယောဇဉ်နှင့်နေကြတာပါ၊အင်း ယောက်ျားတွေဆိုတာလည်း ခက်သားပဲ၊ မယားနှင့်ပါတ်သက်လာလျှင်“မယားထိဓါးကြည့်”ဆိုသူတွေကများတော့ 
တပည့်တွေစကား ဆရာကြီးက“ယုံ”သွားတယ် ကြားတယ်၊ အင်း သဘာဝကလည်း“အချစ်ပိုလေသ၀န်တိုလေ”တဲ့လေ၊

ဆရာကြီးက ဆရာကတော်ကို သိပ်ချစ်လွန်းတော့ သ၀န်တိုမှာပေါ့လေ
သ၀န်တိုရုံတင်မက နောက်တော့“သံသယ”ပါ ပိုလာတယ်လေ၊ သံသယဖြစ်လာမှတော့ သောကလည်းပါလာတော့မှပေါ့၊
သောကဆိုတာလည်းပူလောင်တဲ့ မီးတောင်တစ်ခုလေ၊
မီးဆိုတာ အေးချမ်းတဲ့အရာမှ မဟုတ်တာ၊ 
ဆရာကြီးဟာ အချစ်ကပေါက်ဖွါးလာတဲ့ 
ရင်တွင်းမီးရဲ့ လောင်မြိုက်ခြင်းကို ခံနေရတယ်လေ၊
သံသယ ရှိနေသ၍ သောက- ပူလောင်တဲ့မီး-ဒါတွေဟာ ဆက်လက်ရှင်သန်နေအုံးမှာပဲ၊ သံသယဆိုတာလည်းသူ(သားလေး အဟိံသက)ရှိနေသ၍ ရှိနေအုံးမှာ၊ သူမရှိတော့မှ သံသယမရှိမှာ၊ သံသယမရှိမှ သောက-ပြီးတော့ ပူလောင်တဲ့ရင်တွင်းမီး-
ဒါတွေအားလုံး မရှိတော့မှာ၊ အဓိကတရာခံက သူပဲလို့ ဆရာကြီးက သားလေးကို(အထင် အမြင် လွဲမှားမှုကြောင့်) မှားယွင်းစွာ 
ယတိပြတ် ကောက်ချက်ချလိုက်တယ်လေ။
နောက်တော့ ဆရာကြီးက 

ပညာရှိပီပီသားလေးကိုတက္ကသိုလ်ကျောင်းသားဘ၀ကနေ 
“အကြမ်းဖက်သမား” လူဆိုးကြီး ဖြစ်အောင် မသိမသာ 
ဖန်တီးပေးလိုက်တယ်လို့ ထင်တာပဲလေ၊
တကယ်တော့ ဖြူစင် ရိုးသား 
သနားကြင်နာတတ်တဲ့ သားလေးဟာ ပါတ်ဝန်းကျင်ရဲ့ 
(ဆရာကြီးနှင့် မနာလိုသောကျောင်းသားများရဲ့) 
အရောင်ဆိုးမှုကို ခံလိုက်ရတာပါပဲ၊ ဒါ့ကြောင့် ရှေးလူကြီးများက 
“ပါတ်ဝန်းကျင်ကောင်း”လိုတယ်လို့ သတိပေး 
ဆုံးမ ခဲ့ကြတယ်လေ။ အတွင်းစိတ်ကောင်း 
အပြင်မိတ်ကောင်း အကောင်းရှိမှ ချမ်းသာရတဲ့၊ 
အတွင်း“အဇ္ဈတ္တ” သန္တာန်မှာ စိတ်ကောင်းရှိဖို့လိုအပ်သလို
အပြင်“ဗဟိဒ္ဓ”သန္တာန်မှာလည်း မိတ်ကောင်းရှိဖို့ အထူးလိုအပ်တယ်လေ။“ဆရာကောင်းတပည့် ပန်းကောင်းပန်”တဲ့၊
ငါ့သားလေးကတော့ ပန်းကောင်း မပန်ရပဲ“သေပန်း”ကို
အမြဲတန်း ပန်ဆင်နေရတယ်လေ၊

“မိတ်ဆွေတစ်ရာ ရှိသော်လည်း ရန်သူတစ်ယောက်ရှိက ဆင်းရဲ၏” 
တဲ့ ၊ ငါ့သားလေးမှာ ရန်သူတစ်ယောက်မက တစ်ရာမက များလွန်းလှပါတယ် ရှင်မရယ်၊ဒါဆို ရှင်ကဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ၊ သူ့ကိုအချိန်မှီ ဒီနိုင်ငံနယ်နိမိတ်က
ထွက်ပြေးနိုင်အောင် အသိပေးမှ ဖြစ်မယ်၊
အဲဒါ ငါသွားလို့တော့ မဖြစ်ဘူး၊
သွားလည်း မသွားရဲဘူး၊ဒါဆို ကျမသွားမှာပေါ့၊
သွားဆို မြန်မြန်သွားမှနောက်ကျရင် လွတ်မြောက်ဖို့
လမ်းစသိပ်မမြင်ဘူး၊ အချိန်ဟာ သားလေးအသက်ရှင်
လွတ်မြောက်ဖို့အတွက် အရေးကြီးတယ်၊ပုဏ္ဏေးမကြီးဟာ စားစရာသောက်စရာများပြင်ဆင်ပြီး အထုပ်လေး
ခေါင်းပေါ်ရွက်ကာသားလေး အဟိံသက ရှိမည့်
တောအုပ်ဆီသို့သုတ်ချေတင်၍သွားပေပြီ၊
စိတ်ထဲမှလည်းငါ့သားလေး အန္တရာယ်ကင်းပါစေငါ့သားလေး
လွတ်မြောက်ပါစေငါ့သားလေး ချမ်းသားပါစေလို့
မေတ္တာဓါတ်များမပြတ်ပို့လျှက်ပင်၊

အဟိံသကသည် တောထဲမှာ တစ်ကောင်ကြွက်
လူဆိုးကြီး ဘ၀ဖြင့် နေရသည်မှာ လအတန် ကြာခဲ့လေပြီ၊
ဖြစ်သလိုနေ ဖြစ်သလိုစား ဖြစ်သလို အိပ်ခဲ့ရသောညပေါင်းများလှပေပြီ၊
လက်ရှိဘ၀ကို ငြီးငွေ့လှပေပြီ၊ ဒီဘ၀ ဒီအခြေအနေမှ လွတ်လိုလှပြီ၊ လက်ညှိုးတစ်ထောင်ပြည့်ရန် တစ်ချောင်းသာ လိုတော့သည်၊ တစ်ထောင်ပြည့်၍ အဆင့်မြင့် ပညာရပ်ရဲ့“ဥပစာရ”ကိစ္စ ပြီးလျှင်တောပုန်းဘ၀ ရောက်သည်မှစ၍ 
တစ်ကြိမ်မျှ မရိတ်မပယ် ..ပဲ ထားသောဆံပင်များကို ညှပ်ရ ဖြတ်ရအုံးမည်၊ မုတ်ဆိုးမွေးများ ရိတ်ရအုံးမည်။ ထို့နောက်တော့ အ၀တ်အစား သစ်သစ်လွင်လွင် လှလှပပလေး ၀တ်ဆင်ပြီးမိဘရပ်ဌာန်
တိုင်းပြည်ကိုပြန်၍ မိဘများကိုတွေ့မည်၊သူငယ်ချင်းများကို တွေ့မည်၊ နောက်ပြီးတော့….၊တတ်မြောက်ထားသော ပညာရပ်များဖြင့် နိုင်ငံနှင့်လူမျိုးကို မြှင့်တင်မည်။“ပညာရေးဖြင့် ခေတ်မှီ ဖွံဖြိုးတိုးတက်သော နိုင်ငံဖြစ်အောင် အတွေး အရေး အပြောဖြင့်မဟုတ်ပဲ လက်တွေ့ ကျကျ တည်ဆောက်မည်” 
ပညာပေးပညာရေးသင်ခန်းစာများကို
ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်မည်၊

ပညာရေးသည်နိုင်ငံတစ်နိုင်ငံ တိုးတက်ရေး၌
အဓိကနေရာကပါရှိနေသည်ကိုလူထုတစ်ရပ်လုံး
သိရှိနားလည်လာအောင်ဟောပြောပွဲများ
နိုင်ငံအနှံ့ ပြုလုပ်ပေးမည်၊
နိုင်ငံသည် င့ါအတွက် မဖြစ်စေရ၊
ငါသည်သာ နိုင်ငံတော်အတွက် ဖြစ်စေရမည်၊
ကမ္ဘာ့အလယ်မှာ ငါ့နိုင်ငံဟာ ထင်ရှားတဲ့ကျော်ကြားတဲ့
နိုင်ငံတစ်ခု ဖြစ်လာစေရမည်၊ဖြစ်လာအောင်လည်းငါ့ဘ၀တစ်ခုလုံး
နှစ်မြှုပ်ပြီး စွမ်းစွမ်းတမံ ကြိုးစားမည်၊နိုင်ငံတော် တိုးတက်ရေး
အတွက် ကြိုးစားသူများကိုလည်း တတ်နိုင်သည့်ဘက်က
ကူညီပေးမည် ထောက်ပံ့ပေးမည်၊
စောင့်ရှောက်ပေးမည်၊

“ပညာ နရာနံ ရတနံ”တဲ့ပညာသည် လူတိုင်းအတွက်
တန်ဘိုးမြင့်“ရတနာ”ဖြစ်၏၊ပညာရွှေအိုး လူမခိုး-တဲ့၊
ပညာရဲရင့် ပွဲလယ်တင့်-တဲ့၊ မီးရောင် လရောင် နေအရောင်ထက် ပညာရောင်သည်သာအလင်းဆုံးအတောက်ပဆုံးအရောင်အလက်ဆုံး- 
တဲ့၊အဟိံသကသည် အနာဂါတ် အမိနိုင်ငံတော်၏
ပညာရေးအတွက် ကြိုတင်တွေး၍ပင် ပျော်နေလေပြီ၊
အင်း ဒီနေ့ အရင်ဆုံးတွေ့သူတော့ နောက်ဆုံး ကံဆိုးသူပဲဖြစ်ရတော့မယ်၊သူဟာ ပညာရဲ့ 
“ဥပစာရ”အတွက် နောက်ဆုံး အဖြည့်ခံပဲ၊
ဒါပေမဲ့ ငါ့အတွက်တော့ ကံကောင်းခြင်းပါပဲလေ၊
ဤသို့တွေး၍ အင်္ဂုလိမာလသည် တောအုပ်အ၀င်ဝ တစ်နေရာမှ
စောင့်၍“လူလာမည့်လမ်း”မျှော်မှန်းကာ နေလေတော့၏၊  (ဆက်ရန်)
     ကောင်းသစ် 

Monday, November 29, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၁၁)

ပြည်သူအားကိုးထိုက်သောမင်းပေတကား။ဤသို့ထင်ကောင်း
ထင်ပေလိမ့်မည်၊တွေးကောင်းတွေးပေလိမ့်မည်။ကောသလမင်းကြီးသည်
ပြည်သူလူထူကတိုင်တမ်း၍သာအင်္ဂုလိမာလကို
မလွှဲသာမရှောင်သာဖမ်းဆီးရန်ပြင်ဆင်ခြင်းဖြစ်၏၊အမှန်အားဖြင့်
နယ်စပ်ရှိအထောက်တော်များ၏သတင်းပေးပို့ချက်အရစောစောကပင်
အင်္ဂုလိမာလ၏ရက်စက်ဆိုးသွမ်းကြောင်းကိုသိပြီးသားဖြစ်၏၊ တစ်ယောက်နှင့်ယှဉ်ယှဉ်တစ်ဆယ်နှင့်ယှဉ်ယှဉ်တစ်ရာနှင့်ယှဉ်ယှဉ်
သူကပင် အမြဲအောင်ပွဲဆင်နေ၏၊ထို့ပြင်
သုံးယူဇနာ(တစ်ယူဇနာ ၈-မိုင်နှုံး၊ နှစ်ဆဲ့လေးမိုင်)ခရီးကို မနားတမ်းပြေးနိုင်၏၊လက်နက်ငါးမျိုးကိုအရန်သင့်အဆင်သင့်
အမြဲဆောင်ထား၏ထို့ကြောင့်ပင်အင်္ဂုလိမာလကိုလန့်၏၊ကြောက်၏၊ ရင်ဆိုင်တိုက်ခိုက်ဖမ်းဆီးဖို့ဝန်လေးနေ၏၊သို့သော်ပြည်သူလူထုက
တိုက်ရိုက်တိုင်တမ်းလာပြီးဖြစ်၍သည်တိုင်းနေလို့မဖြစ်၊ ရှောင်လွှဲနေ၍မဖြစ်တော့၊တာဝန်ကိုလွှဲဖယ်ရာကျပေမည်၊ထို့ကြောင့်
“ဟန်ကိုယ့်ဖို့”ဆိုသည့်အတိုင်းစနစ်တကျလေ့ကျင့်
သင်ကြားပေးထားသောလက်ရွေးစင်အထူးမြင်းတပ်
စစ်သည်တော်(၅၀၀)တို့ကိုအဆင်သင့်ပြင်ဆင်ထားဖို့
ညွှန်ကြားလိုက်လေသည်၊မြင်းတပ်ကိုရွေးချယ်ရာ၌ရည်ရွယ်ချက် နှစ်မျိုးရှိ၏၊မိမိက အောင်နိုင်လျှင် မြင်းတပ်ဖြင့် အစဉ်လိုက်ကာ အင်္ဂုလိမာလကိုလက်ရဖမ်းဆီးဘို့နှင့်အကယ်၍ မိမိက ရှုံးနိမ့်ခဲ့လျှင်ခပ်မြန်မြန်ထွက်ပြေးနိုင်ရန်စီစဉ်ထားခြင်းဖြစ်၏၊မင်းကြီးသည်
အကောင်းဆုံးကိုကြိုတင် တွက်ဆထားသလို အဆိုးဆုံးအတွက်လည်း ကြိုတင် ပြင်ဆင်ထားပြီးသားဖြစ်၏။ 

ဘဂ္ဂ၀ပုဏ္ဏားကြီးသည်စဉ်းစားခန်းဖွင့်နေ၏၊ဒီလူဆိုးလူစွမ်းကောင်း အင်္ဂုလိမာလဆိုတာအခြားသူမဖြစ်နိုင်ဘူး၊ငါ့သားလေးအဟိံသကပဲ
ဖြစ်ရမယ်၊ဟုတ်တယ်လေသူမွေးဖွါးတုန်းက တစ်နိုင်ငံလုံးရှိသမျှ လက်နက်အားလုံးအရောင်တောက်ခဲ့တယ်၊ငါကိုယ်တိုင်ပဲ
“တစ်ကိုယ်တော်လူဆိုး”ဖြစ်မယ်လို့နိမိတ်ဖတ်ခဲ့သေးတယ်။ ကောင်းကင်မှာစောရနက္ခတ်နှင့်ကြုံနေတယ်လေ၊အခုတော့တကယ်ပဲ
နိမိတ်ဖတ်ခဲ့တဲ့အတိုင်းဖြစ်လာခဲ့ပြီးကိုး၊သြော်..အတိတ်တဲ့နိမိတ်တဲ့
နက္ခတ်တဲ့တစ်ဘောင်တဲ့လူ့ဘောင်မှာဖြစ်တတ်တဲ့ သဘာဝတွေကိုး၊ရာဇ၀တ်ဘေးပြေးမလွတ်-တဲ့၊ဒါပေမဲ့ပြေးလွတ်မည့်နည်းလမ်းရှာမှ ဖြစ်မယ်၊
အင်းကောင်းတော့တစ်ကွက်-ဆေးကောင်းတော့တစ်စက်-ယတြာကောင်းတော့တစ်ချက်တဲ့၊ တစ်လက်ကောင်းရှာမှ ကြံမှဖြစ်မယ်၊ဥပဒေကို လက်တစ်လုံးကြားက ဘယ်လိုရှောင်ထွက်ရမလဲ ၊စဉ်းစားစမ်း စဉ်းစားစမ်း၊ ဘဂ္ဂ၀ပုဏ္ဏားကြီးသည် ဇရာကြောင့် ဖြူဖွေးနေသော သူ့ဦးခေါင်းရှိဆံပင်များကို ပွတ်သပ်လိုက် ဖြူလွှလွှဖြစ်နေသောမုတ်ဆိတ်မွေးများကိုဆွဲဆန့်လိုက်နှင့် သူ့ဥဏှောက်ကို အလုပ်ပေးနေလေသည်ဟုတ်ပြီး လွတ်ချင်ရင်တော့လွတ်အောင်ပြေးဖို့ပဲရှိသည်၊တစ်ခြားနိုင်ငံကိုခိုလှုံခွင့်
တောင်းခိုင်းရမည်၊သို့မဟုတ်သူ့လက်ရုံးရည်နှလုံးရည်အစွမ်းအစနှင့်
အမှုတော်ထမ်းခိုင်းရမည်၊သည်နိုင်ငံနယ်နိမိတ်ကလွတ်အောင် အမြန်ဆုံးပြေးခိုင်းမှဖြစ်တော့မည်၊လက်ရှိအခြေအနေအရ
''အချိန်သည်အသက်ဖြစ်၏''၊ထို့ကြောင့်အချိန်မှီ အသိပေးမှဖြစ်မည်၊သို့သော်ငါကိုယ်တိုင်သွားပြောလို့မဖြစ်၊
“လူဆိုးနှင့်မင်းဟောင်းခင်းသက်ထား ” ဤလေးပါးကျွမ်းကားမ၀င်ရာလို့ရှေးပညာရှိဆိုစကားရှိတယ်၊

မိခင်တိုင်း၏ နှလုံးသားသည် သားသမီးအတွက် အမြဲတမ်း“နူးညံ့၏”တဲ့၊မေတ္တာတရားကိုဖွင့်ဆိုရာ၌ပင်“မာတာယထာ”ဟု
မိခင်စိတ်ကိုစံနမူနာအဖြစ်ညွှန်ပြခဲ့၏၊ထို့ကြောင့်ရောင်ပြန်ဟပ်သော
သဘာဝနိယာမအရသားသမီးအများစုသည်“မိ-ခင်” ဆိုသည့်အတိုင်း အမိကို“ပိုခင်”ကြ၏၊ပိုချစ်ကြ၏၊ပိုပြီးလည်း“နွဲ့”တတ်ကြ၏၊ထို့ကြောင့် သားလေး၏မိခင်အမယ်အိုကိုပဲသားဆိုးလေးဆီအချိန်မှီအမြန်ဆုံး
လွှတ်ရတော့မှာပဲ၊အင်းဒုက္ခ..ဒုက္ခ...ဒုက္ခ…အမယ်အိုကို အမြန်သွားပြောခိုင်းမှပဲလေ၊
ပုဏ္ဏားကြီသည်ညီလာခံပြီးတယ်ဆိုရင်ပဲ..ချက်ခြင်းအိမ်သို့
သုတ်ချေတင်ကာခပ်ကုပ်ကုပ်လေးပြန်လာခဲ့လေသည်၊အမယ်အိုသည်
ခပ်သုတ်သုတ်ခပ်ကုပ်ကုပ်လေးပြန်လာသောပုဏ္ဏားကြီးကိုကြည့်ရင်း..
ရှင့်နှယ့်တော်ရေကြီးသုပ်ပြာနှင့်ဘာဖြစ်လာတာတုန်း၊
မျက်နှာအမူအယာကလည်းမကောင်းပါလား၊ရင်တွေတုန်လိုက်တာ၊
တကတဲနောက်က ကျားလိုက်လာတဲ့အတိုင်းပဲ၊ကျားလိုက်တာထက် ဆိုးတယ်ရှင်မရေ၊ရှင်ကလဲ ရှင်းအောင်ပြောစမ်းပါတော် ၊ တကထဲပဟေဠိဆန်နေလိုက်တာနောက်က ဘာမှ လိုက်လာတာလဲမမြင်ရပဲနှင့်၊ဘယ်မြင်ရပါ့မလဲနန်းတော်မှာ
ဖြစ်နေတဲ့ဟာကို၊နန်းတော်မှာဘာဖြစ်လို့လဲရှင်ကလဲ
စကားပြတ်တောက်ပြတ်တောက်နဲ့၊နန်းတော်မှာ
“ဆင်တပ်မြင်းတပ်ချေလျှင်တပ်ရထားတပ်”ဆိုတဲ့တပ်လေးတပ်ထဲက
အထူးမြင်းတပ်စီစဉ်နေတယ်၊အဲဒါဒို့သားလေးကို ဖမ်းဖို့တဲ့လေ၊အခုတစ်လောသတင်းထွက်နေတဲ့တစ်ကိုယ်တော်လူဆိုး
အကြမ်းဖက်သမား အင်္ဂုလိမာလဆိုတာ ဒို့သားလေး“အဟိံသက” ပဲ၊
ဘာ?၊ပုဏ္ဏေးမကြီး၏နှုတ်မှကျယ်လောင်စွာထွက်ပေါ်လာသော
အသံဖြစ်၏၊သားလေးကိုဖမ်းဘို့ဟုတ်လား၊ မဖြစ်နိုင်တာတော်၊
သားလေးကတက္ကသိုလ်မှာပညာသင်နေတာမဟုတ်လား၊
သတင်းစကားကြားရတာကတော့ဒိသာပါမောက္ခတက္ကသိုလ်ဆရာကြီးတို့ မိသားစုနှင့်လည်း မိသားစုဝင်တွေလိုရင်းရင်းနှီးနှီးနေကြတယ်တဲ့၊ နောက်ပြီးပညာစုံသလောက်ကုန်သလောက်ရှိနေပြီးမို့..
မကြာခင်ပြန်လာတော့မယ်တဲ့၊သားလေးဟာ ငယ်စဉ်ထဲက သနားကြင်နာတတ်သူလေးပါ၊ဘယ်လိုလုပ်ပြီး“အကြမ်းဖက်သမား” ဖြစ်နိုင်မှာလဲ၊စဉ်းစားပြီးမှ ပြောစမ်းပါတော်၊ရှင်မ ပြောတာလည်း ဟုတ်တော့ဟုတ်ပါတယ် ဒါပေမဲ့၊   (ဆက်ရန်)
                                                      ကောင်းသစ်
                                                                         



Sunday, November 28, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း အပိုင်း(၁၀)

                         တပည့်ဆီမှ“ဆရာ့စကားမပယ်ရှားတော့ပါ''ဟုကြားလိုက်ရသောအခါ ဆရာကြီး မျက်နှာသည် ပြုံးရိပ်သန်းလာ၏၊ သို့သော်  ပီတိပြုံးမဟုတ်၊
ရှက်ပြုံးလည်းမဟုတ်၊မချိပြုံးလည်းမဟုတ်၊ လှောင်ပြုံးလည်း မဟုတ်“အကြင်နာမဲ့ပြုံး”ဖြစ်၏။ယင်းအပြုံးသည်
အပြုံးဟု ခေါ်ရသော်လည်းအပြုံးစစ်တော့မဟုတ် ဒေါသ အာဃာတ(တစ်ဖက်သတ်)အမုန်းတရားကြောင့် ဖြစ်ပေါ်လာသော အမုန်းတရား၏ သင်္ကေတ“အပြုံးတု” ဖြစ်၏၊ မျက်နှာက ပြုံး၏၊ နှလုံးသားက မုန်း၏၊သို့သော် အဟိံသက.ကတော့
ဆရာကြီး၏ ရင်တွင်း အမုန်းကို မမြင်၊မျက်နှာတွင် ထင်ဟပ်သော“အတုပြုံး”ကိုပင်“ပီတိပြုံး”ဟု အထင်မှားနေလေသည်၊ ထို့ကြောင့် သူသည် ဆရာကြီးကို ပြန်ပြုံးပြလိုက်၏၊
“ပိုးဖလံမျိုး မီးကိုတိုး”သည်ထက် သူ့ဘ၀အခြေအနေ ဆိုးလာမည်ကိုသာ သူအကယ်၍ သိရလျှင်
ထိုကဲ့သို့ သူပြုံးနိုင်ပါမလား၊ကဲ ဒါဆို ငါ့တပည့်ပြင်တော့လေ၊
အစစအရာရာ သတိတော့ထားပေါ့ကွယ် ငါ့တပည့် ပြန်လာမည့်ရက်ကို ဆရာစောင့်မျှော်နေပါ့မယ်၊ ပညာစုံပညာကုန်တတ်လာတဲ့င့ါတပည့်ကို မိဘဆွေမျိုး အသိုင်းအ၀ိုင်းကသာမက တိုင်းပြည်လူထုကပါ သောင်းသောင်းဖျဖျ ကြိုဆိုကြမည့် အရေးကို
ဆရာ မြင်ယောင်ပါသေးတယ်ကွယ်၊ 

(ယင်း စကားသည်တစ်ဖက်သား၏“ပျော့”ကွက်ကိုကိုင်၍သူ့ဘ၀ကို
“ချိုင်”လိုက်ခြင်းဖြစ်သည်)အဟိံသကသည် ဆရာကိုကန်တော့၏၊ ထို့နောက် ဆရာကတော်ကိုကန့်တော့၏၊ သူ ပညာသင်ဘက် သူငယ်ချင်းများကို နှုတ်ဆက်၏၊ပြီးလျှင်“ပဉ္စာဝုဓ”လက်နက်ငါးမျိုးကို လွယ်လျှက် အားလုံးကို ကျောပေးကာထွက်ခွါသွားလေတော့၏
 ( ပဉ္စာဝုဓ- လေးမျှား ၊ သံလျှက်၊ ခက်ရင်း- တောက်၊ လက်ရိုက်တုတ်တို ၊ လှံ)ကျောခိုင်း ထွက်ခွါသွားသော
သူ၏ ကျောပြင်ကို ကြည့်လျှက် ဆရာကြီး ပြုံးနေ၏၊ ဆရာကတော်လည်း ပြုံးနေ၏၊ သူ၏ မိတ်ဆွေတ(ပူးသတ်) 
ပညာသင်ဘက် ကျောင်းသားများလည်း ပြုံးနေ၏၊ သို့သော် အပြုံးချင်းတော့မတူကြ၊ ဆရာကတော်၏အပြုံးကတော့ သန့်ရှင်း၏ ဖြူစင်၏၊ ဆရာနှင့် ကျန်တပည့်တို့၏အပြုံးကတော့ … ၊သူ၏ ချေလှမ်းတိုင်း ချေလှမ်းတိုင်းသည် ပညာရေးအတွက်ဟု အကြောင်းပြကာ စင်စစ်အားဖြင့် ကြမ်းဖို့ ရမ်းဖို့ ရက်စက်ဖို့ ဖြစ်နေသည်ကို သူမသိလေရော့သလား  မသိချင်ယောင် ဆောင်လေရော့သလားပင် မသိတော့၊

ပစ္စည်းလောဘပဲဖြစ်ဖြစ်  ပါဝါလောဘပဲဖြစ်ဖြစ် ပညာလောဘပဲဖြစ်ဖြစ် လွန်ကဲလာလျှင်“မိုက်ဘက်”ယိမ်းယိုင်တတ်သည်မှာ သဘာဝဖြစ်၏၊ သူသည်လည်း  ပညာလောဘကြောင့် အမှားအမှန်မသိတော့ ၊ အသိဥာဏ်မဲ့သွားလေပြီ၊ အသိဥာဏ်မဲ့လျှင် အရှိကိုအရှိတိုင်း မမြင်တော့၊ မသိတော့၊ ထိုအခါ မှားပြီးရင်းမှားရင်း- ကြာသောအခါ ယင်းအမှားကို သူ“အမှန်တရား”ဟုထင်လာတော့၏ မြင်လာတော့၏၊ ထိုအခါ“မိစ္ဆာဒဿန”ကိုသူခိုင်မြဲစွာစွဲကိုင်တော့၏၊ဆရာ၏“ပယောဂ” 
သူ၏“လောဘ”ကြောင့် လောကကြီး“ဒုက္ခ”ရောက်ရပေတော့မည်၊
“ပစ်ရာတစ်ခြား ထိရာ တစ်ခြား“ ဖြစ်ပေတော့မည်၊ဆရာကြီးအတွေးက သူတစ်ပါးလက်ချက်ကြောင့် သူ့တပည့် အဟိံသက သေစေရန်ဖြစ်၏၊ လက်တွေ့အားဖြင့်ကား သူတပည့်လက်ချက်ကြောင့်
“လူအများ”မြေဇာဖြစ်သွားရရှာ၏။သူသည် တောနက်ကြီးအလယ်၌ တစ်ယောက်တည်းနေ၏၊ တွေ့သမျှလူကိုသတ်၏၊ ထို့နောက် လက်ချောင်းကိုဖြတ်၏၊ တစ်ယောက်ပြီးတစ်ယောက်၊တောနက်ထဲ လူများမလာရဲတော့၊ ထိုအခါ တောစပ်နားသွားပြန်၏၊
တွေ့သမျှသတ်၏ ထို့နောက် လက်ချောင်းဖြတ်၏၊ ပစ္စည်း လက်ဝတ်လက်စား သူဘာတစ်ခုမှမယူ၊ သူယူချင်တာ ပညာရဲ့“ဥပစာရ”အတွက် လက်ချောင်းလေးများ၊

အစပိုင်း၌ လက်ချောင်းလေးများကို ဖြတ်သောနေရာပစ်ထား၏၊ ထိုအခါလက်ချောင်းလေးများကို ကျီးကလည်းချီ၏၊ တောခွေး မြေခွေးများကလည်း စား၏၊လက်ချောင်းလေးများ မစုမှိ၊ ထို့နောက်တော့ လက်ချောင်းလေးများကိုဖေါက်ကာ ပန်းသီသလို ကြိုးလေးဖြင့်သီကာ လည်ပင်းမှာချိတ်ဆွဲထား၏ ထိုအခါမှစ၍
 အဟိံသက-ဟူသော ငယ်နာမည်ပျောက်ကာ“အဂုင်္လိမာလ”ဟူသော နာမည်သစ်ကို သူရရှိလေသည်၊ လူထုကပေးသော အခြားနာမည် များလည်းရှိသေး၏၊“အကြင်နာမဲ့-သွေးစွန်းလက်-ရက်စက်သူ” တဲ့။
ယခင်ကဆိုလျှင် ဤတော ဤမြေ ဤဒေသသည် ထင်းခုတ်သူ ဟင်းရွက်ခူးသူသစ်ခွပန်းရှာသူ ပျားဖွတ်သူ တော(အမဲ)လိုက်သူ
နွားကျောင်းသူ ဆိတ်သိုးကျောင်းသူတို့ဖြင့် လူသူလေးပါးပြတ်သည် မရှိ၊ထို့ပြင် တောတောင်၏သဘာဝအလှကို ဖွဲ့ဆိုသော“တောလား” ကဗျာများကိုပင် ဤတောအုပ်ကို အမှီပြု၍ ကဗျာဆရာများဖွဲ့နွဲ့ ရေးသားကြ၏ ထို့ကြောင့် စည်ကားသောတောအုပ်လေး ဖြစ်၏၊ 

ယခုတော့ ယခင်နှင့်မတူ၊ အသွင်ပြောင်းကာ လူသူကင်းဆိတ်သော တောအုပ်လေး ဖြစ်သွားရလေပြီး၊ ဟန်လင်းဗိဿနိုးမြို့ဟောင်းများသည်
မည်သူကြောင့် ပျက်သုဉ်းသွားရသည်ကို မသိ၊သိသည်ကား ဤတောအုပ်လေး အလှသည် အဟိံသကကြောင့် ပျက်သုဉ်းသွားရလေပြီ၊ အဖေါ်မဲ့အကျည်းတန်ဖြစ်သွားရလေပြီ၊
သူရှိနေ၍ တောအုပ်သို့ လူများမလာရဲတော့၊ လူများမလာသောအခါ သူကသွား၏၊ ညဥ့်အခါ တံခါးကိုခြေနှင့်ကန်ဖွင့်၏၊ ထို့နောက် တွေ့သမျှလူကိုဖြောင်၏၊ လက်ချောင်းများကိုဆောင်၏၊ တစတစရွာများလူမဲ့ကုန်၏၊ထို့နောက်နိဂုံးဇနပုဒ်၊ထိုမှတစ်ဆင့်
ကောသလမင်းထီးနန်းစိုက်သောသာဝတ္ထိသို့ပင် လူများ ပြောင်းရွေ့နေထိုင်ကြရတော့၏၊သာဝတ္ထိမြို့စွန်၌သစ်ခဲတဲအိမ်လေးများ ရွက်ဖျဉ်တဲလေးများသည်ကွက်သစ်လေးပမာပေါ်ပေါက်လာလေတော့၏၊
သို့သော်လည်း အနေ၏ ချို့တဲ့ခြင်း အစား၏ချို့တဲ့ခြင်း ကျန်းမာရေး၏ချို့တဲ့ခြင်းအပြင် အဂုင်္လိမာလ၏ဘေးရန်မှလည်း  လုံခြုံမှုမရှိ။ ထို့ကြောင့်သူတို့သည် ပြည်သူများဘ၀လုံခြုံမှု ရှိဖို့အတွက
“အင်္ဂုလိမာလကို”တားဆီးနှိမ်နင်းပေးပါရန်ဘုရင့်နန်းတော်သို့သွားကာ
“ကောသလဘုရင်မင်းတြားကြီးကို သံတော်ဦးတင်ကြ၏ ပြည့်သူတို့၏ လက်ရှိအခြေအနေကို တင်ပြကြ၏၊အကြောင်းမှန် ဖြစ်ရပ်စုံကို သိရသောအခါ ကောသလမင်းကြီးသည် မူးမတ်များနှင့် တိုင်ပင်ဆွေးနွေးကာ ပြည့်သူ့ဘ၀ လုံခြုံမှုရှိဘို့အရေး သူကိုယ်တိုင်ပင်ဦးစီးကာ“အင်္ဂုလိမာလ”ကို နှိမ်နင်းမည်ဖြစ်ကြောင်း ပြည်သူလူထုကို အသိပေးခိုင်းလိုက်လေတော့သည်။ပြည်သူ အားကိုးထိုက်သောမင်းပေတကား(ဆက်ရန်)                     
                                                            ကောင်းသစ်

Monday, November 22, 2010

ဖျားနေတဲ့ မုတ်သုန်မြို့

                                                 

          ငရဲကြီးရှစ်ထပ်နဲ့ နတ်ပြည် ခြောက်ထပ် 
         ဘုံဘ၀ အစုံပါတဲ့ မြို့တစ်မြို့ကို ပြပါဆိုရင်တော့
   ဘင်္ဂလား ပင်လယ်အော်ကို
အထက်စီးက ကြည့်နေတတ်တဲ့
ရန်ကုန်ဆိုတဲ့ မြို့တစ်မြို့။
ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေမှာဒေါ်လာ 
၁၅၀တန် ညအိပ်ခန်းတွေ ရှိသလို
ငွေငါးရာကျပ်နဲ့ ကျောတစ်ခင်းစာလည်း ရနိုင်တဲ့မြို့။
တချိန်တုန်းကတော့ အတိတ်ပီပီ 
ရွှေထီးဆောင်းခဲ့တဲ့ ကာလတွေ ရှိခဲ့ဖူးတယ်။
ဒါပေမယ့် အဲဒီ ဈာပနက 
အဖြူအမည်း ကားချပ်တွေထဲမှာ 
ခပ်ဝါးဝါးသာဆတွေးနိုင်တဲ့ အခြေအနေ။
တစ်မြို့လုံးမှာ အပေါဆုံးက
ကြွပ်ကြွပ်အိတ်နဲ့ KTV လို့
အဲဒီမြို့သားတစ်ယောက်က 
နာနာကျည်းကျည်း မှတ်ချက်ချတယ်။
အသက်အာမခံချက် မရှိသလို 
ပေါက်ပြဲနေတဲ့ ပလက်ဖောင်းတွေနဲ့ ပြည့်နှက်နေတယ်။
အထူးယာဉ်တန်းတွေအတွက် 
နာရီပိုင်းအတွင်း လမ်းသစ်တွေ ခင်းပြတတ်သလို
ရက်ပိုင်းအတွင်း သက်တမ်းကုန်တတ်တဲ့ 
ကတ္တရာလမ်းတွေနဲ့ လမ်းလျှောက်တတ်ခဲ့တဲ့မြို့လေ။
တချိန်တုန်းကတော့ စိမ်းလန်းခဲ့ဖူးတယ်။
တချိန်တုန်းက ကြွယ်ဝခဲ့ဖူးတယ်။
တချိန်တုန်းကတော့ ပညာတတ်ခဲ့ဖူးတယ်။
အခုတော့ 
ကူးစက်ရောဂါ ထိသွားတဲ့ မိန်းမပျက် တစ်ယောက်လို 
ဘယ်သူမှ အဆက်အဆံမလုပ်ချင်တော့ဘူး။
ဘကုန်း၊ စလုံး၊ ဂငယ်ကုန်းအထိ 
ခြေဆန့်သွားခဲ့တဲ့ သူ့မြို့သားတွေကတောင်
ဝလုံးလို့ လှောင်ပြောင် ခေါ်နေကြပြီ။
မြို့အင်္ဂါရပ်တွေထဲမှာ 
လျှပ်စစ်မီး ရှိရမယ်၊
သန့်ရှင်းရေးစနစ် ရှိရမယ်၊
ကျန်းမာရေး စောင့်ရှောက်မှု ရှိရမယ်၊
သောက်သုံးရေ သန့်ရှင်းစွာ ရရှိရမယ်၊ 
ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဖက်လှဲတကင်း ဖြစ်ရမယ်
အဲဒီိလို တစ်ယောက်ယောက်က ပြောခဲ့ရင်
သူဟာ မြို့တစ်မြို့ မဟုတ်တော့ဘူးပေါ့။
ဒါပေမယ့် 
လူဦးရေ ခြောက်သန်းကျော်ဟာ 
သူ့ရင်ဘတ်ထဲမှာ ရှင်သန် နေထိုင်တုန်းပါ။
သူ့အရေပြားပေါ်မှာ လူသူမရှိတဲ့ 
ကွန်ဒိုတိုက်ခန်းတွဲတွေ ရှိနေသလို
တစ်ယောက် ကိုယ်ငွေ့ တစ်ယောက် ပြန်ချုံလို့ ရတဲ့ 
မြို့သစ်တဲစုလေးတွေလည်း ရှိနေတယ်လေ။
လေးတိုင်စင်ဝါးခင်းကို 
ကမ္ဘာဆန်မှုက ထောက်ကူပေးထားတဲ့ 
ပလတ်စတစ်ရွက်ဖျင်စတွေလည်း 
လွယ်လွယ်ကူကူ ၀ယ်လို့ရတယ်လေ။
ရာသီဥတု သာတောင့်သာယာ ဆိုပေမယ့် 
ချူချာတတ်တဲ့ ကလေးငယ်တွေလည်း ရှိနေတတ်တဲ့မြို့။
အရင်ကတော့ နယ်မြို့တွေသွားရင် 
ရန်ကုန်သားတွေကလေဆိုပြီး 
ပုံပြင်တွေအမျိုးမျိုး ကြားရတတ်တဲ့မြို့။
အခုတော့ 
ပတ်စ်စပို့အနီတွေ ထုတ်ထုတ်ပေးပြီး
ပြန်လာတဲ့သူတွေကို
ဘာလက်ဆောင်ပါသလဲလို့ 
စီးစီးမေးတတ်တဲ့မြို့လေ။
အင်္ဂါဂြိုဟ်ပေါ်က မြေအနေအထားကို 
မှန်ပြောင်းနဲ့ လှမ်းကြည့်လို့ ရသလို
အ၀ီစိသွားတဲ့ အထူးရထားကို လှမ်းတားပြီး 
အထက်တန်းက တက်စီးလို့ရတဲ့မြို့။
ဟံသာဝတီ ဧကရာဇ် ရာဇာဓိရာဇ် တစ်ယောက် 
တိမ်းရှောင်ခဲ့ဖူးတဲ့မြို့။
ရန်သူတွေ ကြားထဲကနေ သီပေါမင်းတစ်ယောက် 
ရွှေတိဂုံတက်ဖူးဖို့ ရောက်ခဲ့ဖူးတယ်။
ပြည်တွင်းစစ်ကာလမှာ 
ဝါရှင်တန်မြို့သားတွေ သူ့မြို့ကို 
ကိုယ်တိုင် ထွက်ကာကွယ်ရသလို
ဗိုလ်စိန်မှန်တစ်ယောက် 
တပ်စိတ်လေးတစ်စိတ်နဲ့ အပျော်တမ်းတပ်၊
တက္ကသိုလ်ကျောင်းသားတပ်တွေနဲ့ 
အင်းစိန်တိုက်ပွဲမှာ တစ်လက်မချင်း
ခုခံခဲ့ရတဲ့မြို့။ 
အဲဒီအချိန်ကလည်း တချို့တွေက 
ရန်ကုန်ကိုဟားတိုက်ခဲ့တာပဲ။
ရာဇသင်္ကြန် ဒလက ပြန်တုန်းကလို 
ဖောက်ပြန်တဲ့ အတွေးမျိုးတော့ 
ရန်ကုန်ကမတွေးခဲ့ရိုးအမှန်ပါ။
ပုံသေကားချပ်နေ့တွေကို တင်ဆက်ပြီးရင် 
အပြောင်းအလဲကို ညနေစာငတ်သူတစ်ယောက်လို 
သူ ဆာလောင်တတ်ခဲ့တယ်။
မပြောင်းလဲနိုင်တဲ့ သူကိုယ်တိုင် 
မကျေမနပ်နဲ့။
အချိန်ကာလက ဇရာ ဘယ်လောက်ပြပြ 
သူသံဝေဂယူလို့ မရဘူး။
သူမှ မစောင့်ရှောက်ရင် 
အုပ်ထိန်းသူမဲ့တော့မယ့် မြေးငယ်တွေကို 
သနားတဲ့အဘွားအိုတစ်ယောက်လိုပေါ့။
ဒါပေမယ့် သူကိုယ်တိုင် 
ယိုင်တိယိုင်တိုင်နဲ့ဆိုတာ သူသိတယ်။
ရုတ်တရက်ကြည့်ရင် စစ်ပြီးစ မြို့တစ်မြို့လို 
မုဆိုးမ၊ တစ်ခုလပ်နဲ့ကလေးငယ်တွေ သိပ်များနေတဲ့မြို့။
အဝေးရောက် လင်သားတွေ 
အလုပ်အကိုင် အဆင်ပြေပါစေ 
ဆုတောင်းနေရတဲ့မြို့။
လယ်ကန်သင်းတွေကို ဖြို၊ 
မြေကွက်အသစ်တွေရိုက်လို့ 
သူ့မြို့ခံတွေကိုနေရာထိုင်ခင်း လုပ်လုပ်ပေးရတယ်။
အချက်အချာ မြို့လယ်ခေါင် 
တိုင်းတပါးသား လက်အောက်တွေ ကျရောက်နေလို့။
သူက တစ်ခါတစ်ခါ 
မောင်ချောနွယ် ပြောသလိုလဲ နေတတ်တယ်
`နာကျင်တဲ့အခါ မအော်ဘဲ၊ 
ပျော်ရွှင်တဲ့အခါ ရယ်မောဖို့ နောက်မကျအောင် နေတတ်ခဲ့´
အခုတော့ ခေတ်နဲ့အညီ 
သူ့ဆီမှာ ကြေးစားကလပ်အသင်းတွေလည်း ရှိနေပြီ။
လောင်းကစားဒိုင်ကတော့ 
အရင်ကတည်းက မှိုလိုပွနေတာမို့ 
သူ့အတွက် သိပ်အရေးမကြီး။
ကမ္ဘာပေါ် ဦးနှောက်ကြီးကြီးတွေ 
ခေါင်းစားအောင် ပြဿနာရှာပေးတတ်ပြီ။
ကူးစက်ရောဂါတွေကိုလည်း 
ဖောဖောသီသီ လက်ခံသလို 
အဏုမြူဗုံး ထပေါက်မှာစိတ်မပူတတ်တော့ဘူး။
မနက်ဆိုရင် 
ပါးစပ်ပေါက်ခြောက်သန်းကို
ဘယ်လိုကျွေးမလဲ ခေါင်းစားနေရပေမယ့်
ညကျရင်တော့ ဘီယာပရိုမိုးရှင်းတွေနဲ့ 
အသောက် မပျက်တဲ့မြို့။
လူ့ဘ၀စည်းစိမ်မှာ 
အဆိုး လောကဓံ လေးပါးကို ထိန်ချန်လို့ မရဘူး။
အခါးသီးဆုံးညဆိုတာ အချိုမြိန်ဆုံး မနက်ဖြန်လို့ 
တဘောင်လိုလိုငကြောင်လိုလိုနဲ့ 
မူး မူးပြီး ထပြောတတ်တဲ့မြို့။
မြေပုံတလွဲကြီးနဲ့ 
ရတနာတွေ ရှိရာဆီ သွားမယ်လို့ 
အရူးတွေ ဆော်သြပြီးနောက်ဖေးပေါက်က ပြန်တက်၊
သူများ ညစာတွေ ခိုးခိုးစားတတ်တဲ့ 
အရူးတွေ ရှိနေတတ်တဲ့မြို့။
မြို့တစ်မြို့ရဲ့ ဂုဏ်ထူးတွေထဲမှာ 
မိန်းမပျက်အကြောင်းတွေပါရင် 
Grade(A)ရနိုင်မယ့်မြို့လေ။
အတုကလည်း 
ဘယ်လောက်တောင်များသလဲဆိုတော့ 
ခင်ဗျား မြင်မြင်သမျှ 
အကုန်အတုကြီးပဲ။
ဆေးဝါးအတု၊ ပွဲစားအတု၊ 
ကားအတု၊ တိုက်အတု၊ လက်ကိုင်ဖုန်းအတု၊
ကွန်ပျူတာ ဆော့ဖ်ဝဲလ်အတု၊ 
ဗိုင်းရပ်စ်အတု၊ ပြီးတော့ မျက်နှာအတုနဲ့ လူတွေ၊
အမွေစား အမွေခံအတု၊ 
လက်ထပ်စာချုပ် အတုကနေ 
အတုဆိုရင် အကုန်ရှိနေတတ်တယ်။
ပလက်ဖောင်းပေါ် လမ်းမလျှောက်ပါနဲ့၊
ကြိုက်တဲ့နေရာ အမှိုက်ပစ်ပါ၊
တရားဥပဒေကို လက်တစ်လုံးခြား လိုက်နာပါ၊
အသက်ရှူကျပ်ရင် 
ကင်းမြီးကောက် ထောင်ပြီး နေထိုင်ပါ၊
မီးပျက်ပျက် မီးလာလာ ဒီဈေးပဲ၊
ဒါဟာ အခွင့်အရေးတစ်ရပ်။
အဲဒီလို မြင်တတ်ဖို့ 
မုတ်သုန်ကို လွယ်အိတ်လို လွယ်ပြီး
အသက်အရွယ်မရွေး 
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်ချေအတွက်
အလုပ်လက်မဲ့ပေမယ့်လည်း 
တစ်ယောက် လက်ဖက်ရည် တစ်ယောက် 
မျှသောက်တတ်တဲ့ ရန်ကုန်။
လမ်းကြုံရင် လာလည်ပါ။
ညအိပ်စရာ ခက်တဲ့အတွက် 
မိတ်ဆွေကို တကူးတက ဖိတ်မနေတော့ပါဘူး။
( မိုးလှိုင်ည)

အပြုံးပိုင်ရှင်

နားလည်မှုလွဲတာနဲ့ ကြုံတဲ့အခါ
ခပ်ဟဟရယ်နိုင်တာက 
ရည်မွန်ခြင်းတစ်မျိုးဖြစ်တယ်။
မှားယွင်းမှုနဲ့ကြုံတဲ့အခါ 
ခပ်ပွင့်ပွင့်ရယ်နိုင်တာက
သဘောထားကြီးခြင်းတစ်မျိုးဖြစ်တယ်။
အကျိုးမဲ့စေတာနဲ့ကြုံတဲ့အခါ 
ခပ်ပျော်ပျော်ရယ်နိုင်တာက 
ရက်ရောခြင်းတစ်မျိုးဖြစ်တယ်။
ရှေ့မတိုးနောက်မဆုတ်သာတဲ့ကိစ္စနဲ့ ကြုံတဲ့အခါ 
ကိုယ့်ကိုယ်ကိုပြက်ချော်ချော်ရယ်နိုင်တာက 
အသိဥာဏ်တစ်မျိုးဖြစ်တယ်။
အပျက်အဆီး၊ ဒုက္ခနဲ့ကြုံတဲ့အခါ 
စိတ်အနှောင့်အရှက်ကင်းကင်း ရယ်နိုင်တာက
သဘောထားကြီးခြင်း တစ်မျိုးဖြစ်တယ်။
မထေမဲ့မြင်ပြုခံရတဲ့အခါ 
တည်တည်ငြိမ်ငြိမ် ရယ်နိုင်တာက
ကိုယ့်ကိုယုံကြည်မှုတစ်မျိုးဖြစ်တယ်။
အသဲကွဲတဲ့အခါ 
သိမ်သိမ်မွေ့မွေ့ ရယ်နိုင်တာက 
ချုပ်ချယ်မှုကင်းနည်းတစ်မျိုးဖြစ်တယ်။
ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်... 
ဘယ်လိုအကြောင်းမျိုးမှာဖြစ်ဖြစ်
နေ့တိုင်းပြုံးရယ်နိုင်ဖို့ 
လိုအပ်ပါတယ်။

တန်ဘိုးထားတတ်ပါစေ

                        "ပိုင်ဆိုင်ခဲ့ဖူးတာကိုမမေ့နဲ့၊
လက်ရှိပိုင်ဆိုင်တာကိုပိုတန်ဖိုးထားပါ။ 
ကိုယ့်အတွက်သတ်မှတ်ထားတဲ့အရာကို
လက်မလွတ်နဲ့၊ဆုံးရှုံးခဲ့ဖူးတာကိုအမှတ်တရထားပါ။
လိုချင်တာကိုရအောင်ကြိုးစားပါ။မောပန်းလာရင်
စိတ်ကိုကမ်းကပ်ဖို့မမေ့ပါနဲ့။
ရွေးချယ်ပြီးနောက်နောင်တမရနဲ့၊
အပင်ပန်းခံမှပြည့်ဝတာကိုနားလည်မယ်၊
အနာခံမှဘဝကိုနားလည်မယ်။ 
စိတ်ထိခိုက်အားငယ်မိမှကြံ့ခိုင်တာကိုနားလည်မယ်
လေတိုက်တဲ့မနက်ဆိုတာရှိသလို 
လှပတဲ့ညနေဆည်းဆာလည်းရှိမယ်။
ကြယ်ကြွေညတွေလည်းရှိနိုင်မယ်။ 
ဘဝဆိုတာ အပြန်မရှိတဲ့လက်မှတ်တစ်စောင်နဲ့တူတယ်။ 
ဘဝဆိုတာ...အစမ်းလေ့ကျင့်မှုတွေမရှိတဲ့ 
တိုက်ရိုက်သရုပ်ဆောင်မှုတွေဖြစ်တယ်။
သရုပ်ဆောင်မှုတိုင်းကို ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာက 
လူ့ဘဝကိုအကောင်းဆုံးတန်ဖိုးထားနည်းပဲဖြစ်တယ်"
   (..............)

Wednesday, November 17, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၉)

မနက်ဖန် ဟုတ်လားဆရာကြီး …အေး မနက်ဖန်ကစပြီး အဆင့်မြင့်အတတ်ပညာရဲ့“အထွဋ်အထိပ်”ရောက်ဖို့ ပညာရဲ့“ဥပစာရ”ကို စပြီးလုပ်ရမယ်၊ အကောင်ထည် ဖေါ်ရမယ်၊ဥပစာရ-ဆိုတာ-ဘာလဲ ဆရာကြီး၊ဥပစာရ-ဆိုတာ လူအရှင်ရဲ့လက်ညှိုးကို ဖြတ်ယူရမယ်၊ အဲဒါ လတ်ဆပ်သော“လက်ချောင်းများ”ဖြစ်ဖို့လိုတယ်လက်ညှိုးပေါင်း တစ်ထောင်ပြည့်ရင်ရပြီး၊ခင်ဗျာ၊တပည့်-လက်ညှိုးတစ်ထောင် ဖြတ်ရမယ်ဟုတ်လားဆရာကြီး၊အေးဟုတ်တယ်လေ၊
ဘာဖြစ်လို့လဲတပည့်တို့မျိုးနွယ်စုဟာ“အကြင်နာတရားနှင့်ပြည့်စုံ”တဲ့ မျိုးနွယ်ပါ၊ဘိုးဆင်ဘောင်ဆက် လောကကိုအကြင်နာတရာနှင့်ပြုမူ ပြောဆိုခဲ့တာအခုချိန်ထိပါ၊တပည့်ကိုတောင်မှ မျိုးနွယ်စုရဲ့ဂုဏ်ကို ဆက်လက်ထိမ်းသိမ်းနိုင်အောင်“အဟိံသက”မောင်ကြင်နာ(ခ) သနားတတ်သူလို့နာမည်ပေးခဲ့တာပါ၊

ဖေဖေဟာ သက်တော်ရှည် မင်းတိုင်ပင်အမတ်ကြီးဖြစ်ပေမဲ့ ပြည်သူတွေအပေါ် ယဉ်ယဉ်ကြေးကြေးပဲ ပြောဆိုဆက်ဆံခဲ့ပါတယ်၊ ပြည်သူတွေ ဒုက္ခရောက်မည့် အကြံ ဘယ်တုန်းကမှမတင်ပြခဲ့ပါဘူး၊ ပြည်သူ့ဘ၀ လုံခြုံမှုရှိဖို့နှင့် ပြည်သူ့စားဝတ်နေရေး
အဆင်ပြေဖို့နည်းလမ်းများကိုသာ စဉ်းစားပြီး ဘုရင်မင်းမြတ်ကြီးကို အကြံပြုတင်ပြခဲ့တာပါ၊စေတီဘုရား တည်ထားကောင်းလျှက် ညောင်ပင်ဖျက်၊“တိုင်းပြည်အရှင် မင်းပင်ကောင်းလျှက် မင်းမြှောင်ဖျက်”ဆိုတဲ့အထဲမှာ ဖေဖေမပါပါဘူး၊ မင်းနှင့်ပြည်သူ အမြင်ချင်းမတူရင်တောင်မှဖေဖေက နှစ်ဦးနှစ်ဖက်အဆင်ပြေအောင် အမြင်များကိုညှိနှိုင်းပေးခဲ့ပါတယ်၊  ဒါကြောင့်မင်းနှင့်ပြည်သူဟာ
ခုချိန်ထိကြီးမားတဲ့“၀ိရောဓိ”ဆိုတာမရှိပါဘူး၊
ဖေဖေဟာ“အမှန်တရားနှင့်အကျိုးရှိမှု”ဆိုတဲ့ မူဝါဒကို ခိုင်ခိုင်မြဲမြဲ လက်ကိုင် ကျင့်သုံးသူဖြစ်ပါတယ်၊ဒါကြောင့် ဘုရင်မင်းရောပြည်သူပါ လေးစားတဲ့အလေးထားတဲ့မင်းတိုင်ပင်ခံ သက်တော်ရှည်အမတ်ကြီးပါ။

ဒါကြောင့် အတတ်ပညာပြီးမြောက်ဖို့ “လက်ညှိုးတစ်ထောင်ဖြတ်ရမယ်”ဆိုတာ မျိုးနွယ်အနေနှင့်ကြည့်ရင်လဲ မသင့်တော်ပါဘူး၊ဓမ္မလမ်းကြောင်းနှင့်ကြည့်ပြန်တော့လည်း
“သတ်ဖြတ်မှုနှင့် ညှဉ်းဆဲမှု”နှစ်မှု နှစ်ပြစ် မကောင်းမှုဖြစ်နိုင်ပါတယ်၊
ဒါဆို အဓမ္မ(အောက်လမ်းနည်း)ကျင့်သုံးရာရောက်သွားပါလိမ့်မည်။ ဒါကြောင့်ဒီ အတတ်ပညာရဲ့ရှေ့ပြေး“ဥပစာရ”ကိုမပြုပါရစေနဲ့တစ်ခြားနည်းကိုသာ ပြောပါဆရာကြီး၊အင်း ခက်တယ်ကွယ်၊ ဆရာကြီးလဲ ဒီလို ဘယ်လုပ်စေချင်ပါ့မလဲ၊ ဒါပေမဲ့ဒီအတတ်ရဲ့“ဥပစာရ”က တစ်ခြားနည်းလမ်းမရှိဘူး၊ ဒီတစ်နည်းပဲ ရှိတာမို့ငါ့တပည့်ကိုပြောရတာပါ၊ ဆရာကြီးဟာ ငါ့တပည့်ကောင်းစားဖို့ ပညာတွင်“ယှဉ်ဘက်မရှိ”အောင်လို့သာ စေတနာဖြင့် ပြောတာပါ၊

 (စေတနာကောင်းဖြင့်  ငရဲသို့သွားမည့် လမ်းကိုညွှန်ပြပါ၏-ဟူသော ဒဿနသည် ဤစေတနာမျိုးကိုဆိုလိုဟန်တူပါ၏)ဘယ်တုန်းကများ ဆရာဟာ ငါ့တပည့်ရဲ့အကျိုးမဲ့ကိုပြုဘူးခဲ့လို့်လဲ၊ ငါ့တပည့် စဉ်းစားစေချင်ပါတယ်၊ နောက်ပြီးတော့ အဆင့်မြင့်ယှဉ်ဘက်မရှိတဲ့ ပညာရပ်ကြီး တတ်မြောက်သွားရင် ငါ့တပည့်အတွက်တင်မဟုတ်၊ ငါ့တပည့်ရဲ့ တိုင်းပြည်နှင့်လူမျိုးအတွက်ပါဆိုတာ ငါ့တပည့် သိထားစေချင်တယ်၊နောက်ပြီး  ငါ့တပည့်မကြာမကြာပြောနေတဲ့ စကားလေးကိုလည်း သတိယစေချင်တယ်၊ ဘာတဲ့-ငါတတ်မြောက်ထားသော အဆင့်မြင့်ပညာဖြင့် တိုင်းပြည့်နှင့်လူမျိုးကို
“မြှင့်တင်ပါအံ့”ဆိုတာလေ၊“တစ်မိပေါက် တစ်ရောက်ထွန်း”ဆိုတာလို ဒီပညာရပ်ဟာ တပည့်တိုင်းသင်ယူခွင့်ရှိတာမဟုတ်ဘူး၊ငါတပည့်သာ ဥာဏ်လည်းထက် ဆရာတို့မိသားစုအပေါ်လည်းကျေးဇူးများတဲ့အပြင် စိတ်နေစိတ်ထားလဲ အားလုံးအပေါ်ဖြူစင်သူတစ်ယောက်မို့ ဆရာကသီးသန့်သင်ပေးတာပါ၊ သီးသန့် သင်ခွင့်ပြုတာပါ၊
အမှန်ပြောရရင်င့ါတပည့်ကို“ကျေးဇူးဆပ်”တာလဲတစ်ကြောင်းပါပါတယ်၊
ဆရာကြီးရဲ့ စေတနာနှင့်ကျေးဇူးပြုမှုကို င့ါတပည့် အသိအမှတ်ပြုစေချင်ပါတယ်အသိအမှတ်ပြုမယ်လို့လည်း
ဆရာကြီး တစ်ထစ်ချယုံကြည်ပါတယ် 

(ဤစကားသည် အဟိံသကကို အပိုင်ကိုင်လိုက်ခြင်းသာဖြစ်သည်၊)ဒါဟာ ငါ့တပည့်အပေါ် နောက်ဆုံးအနေနှင့် တိုက်တွန်းခြင်းလည်းဟုတ် တောင်းပန်ခြင်းလည်းဟုတ်ပါတယ်ကွယ်၊ ငါ့တပည့် ငြင်းလည်း မငြင်းပါနဲ့ ငြင်းဖို့လည်း စိတ်မကူးပါနဲ့ကွယ်၊ ငါ့တပည့်ဟာ ဆရာကြီးရဲ့
“တစ်ယောက်တည်းသော”မျှော်လင့်ချက်ပါ၊ငါ့တပည့်မှတစ်ပါး အခြားမရှိပါဘူးကွယ်၊အဟိံသက-စဉ်းစားရလေပြီ၊အကယ်၍ ပညာရဲ့ရှေ့ပြေး“ဥပစာရ”ကိုမပြုလုပ်ဟု ယတိပြတ်ငြင်းလိုက်လျှင် ဆရာ့စေတနာကို စော်ကားရာများကြလေမလား၊ ဆရာ့စကားကို ပယ်ပြီး ဆရာကိုခွါရာတိုင်းသူဟု အများကပြောစရာများဖြစ်လေမလား၊ ပညာစုံ ကုန်အောင်မသင်ခဲ့ဘူးဟု-မိဘများက အပြစ်တင်စကားများ ပြောလေမလားစသည်ဖြင့်“လား”ပေါင်းများစွာသည်
သူ့ဥဏှောက်ထဲသို့ ပျံသန်းနေလေပြီးပညာမစုံခဲ့ရင် ငါဟာ ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ပညာဖြင့်အကျိုးပြုနိုင်တော့မှာမဟုတ်ဟု သူတွေးမှိလေသည်၊သူဆုံးဖြတ်ချက်ချလိုက်၏၊ ဆရာ့စကားကို မပယ်ရှားတော့ပါဟု-(ဆရာ့စကားယုံစား၍ လူမိုက်ဖြစ်ရသူတို့တွင် သူလည်း တစ်ယောက်အပါအ၀င် ဖြစ်သွားရလေပြီ၊)(ဆက်ရန်)
                                                         ကောင်းသစ်

Sunday, November 14, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၈)

“ဆီးနှင့် မြူ တိမ် သူရိန် မီးခိုး ”ညစ်မျိုးငါးဝ ကင်းလှသဖြင့်“ရွှေလစန္ဒာသည်သာချင်တိုင်းသာနေ၏၊ လပြည့်ညမို့လည်း ပို၍ သာနေသည်ထင်၊ငွေကြယ်လေးများသည် လင်းလင်းလက်လက် အရောင်မျိုးစုံ ထွက်နေကြ၏၊လပြည့်ညလေးသည်“ငွေကြယ်ပွင့်လေးများနှင့် ရွှေလစန္ဒာ”ကြောင့် ခါတိုင်းညထက် ပို၍ လှနေသည် ထင်ရပါ၏၊ ထို့ပြင် လေညှင်းများ သယ်ဆောင်လာသော “ ဇွန် ” ပန်းရနံ့ကလည်း သင်းပျံ့ပျံလေး မွှေးကြိုင်၍နေပါ၏၊ ဆရာကြီသည် ပြာလဲ့လဲ့ ကောင်းကင်အောက်မှာ သာနေသောလ လက်နေသောကြယ်ပွင့်လေးများ ကို ကြည့်ရင်း  သြော် င့ါဘ၀ ဒီညလို ဘယ်တော့မှ“လှ”ပါ့မလဲကွယ်တဲ့၊

လမင်းနှင့်လူသား အကြား တိမ်တိုက်အခြားမရှိ၍ လ၏အလှကို“ကြည့်ခွင့်” ရှိ၏ လရောင်၏အတွေ့ကို “ ထိခွင့်”ရှိ၏၊ လ၏ငြိမ်းအေးမှု ရသကို“သိခွင့်”ရှိ၏၊ပါရမီဖြည့်ဘက် ဘ၀လက်တွဲဖေါ်ဖြစ်တဲ့“စန္ဒပဘာ”နှင့် ငါ့အကြားမှာတော့အဟိံသကနှင့်ပါတ်သက်ပြီး“သံသယ”တိမ်တိုက် ခြားနေတဲ့အတွက် ဒီလ ဒီည ဒီအလှမျိုးကို ခံစားခွင့် မရပါလားကွယ်၊အဖေါ်ရှိလျှက် အထီးကျန်ဖြစ်နေရတဲ့ င့ါဘ၀၊ အခြွေအရံရှိလျှက် တစ်ကောင်ကြွက်ဖြစ်နေရတဲ့ ငါ့ဘ၀၊ ဥစ္စာရှိလျှက် စိတ်ဆင်းရဲနေရတဲ့ ငါ့ဘ၀.. ဒါတွေ အားလုံးဟာ သူ့ကြောင့် ဟုတ်တယ် အဟိံသကဆိုတဲ့ သူ့ကြောင့်ပဲ၊  သူဟာ င့ါအတွက် တိမ်တိုက်၊ သူ့ဟာ ငါ့အတွက် သံသယ ၊သူဟာအင့ါအတွက် မီးတောင်၊ သူဟာ င့ါအတွက် သောကဆူး၊ သူဟာ င့ါအတွက်“မာရ်နတ်”၊ သူမရှိမှ င့ါဘ၀ဟ အပြစ်ကင်းတဲ့လလို အပြစ်ကင်းတဲ့ ညလို သာယာနိုင်မှာ၊ ပျော်ရွှင်နိုင်မှာ အေးချမ်းနိုင်မှာ၊

ဟုတ်ပြီး … သူ့ကို အဆင့်မြင့်ဆုံးပညာရပ်ရဲ့ “ဥပစာရပဲ”လို့  မုသားစကားလုံး အသုံးပြုပြီး လူတွေရဲ့လက်ညှိုးပေါင်းတစ်ထောင်ဖြတ်ယူခဲ့ခိုင်းရမယ်၊အရှင်လတ်လတ် လူရဲ့ လက်ညှိုးပဲဖြစ်ရမယ်၊ ဒါအရေးကြီးဆုံးပဲ၊ဒါဟာတပည့်ကောင်းစားဖို့အတွက်၊တပည့်လူမျိုးတပည့်နိုင်ငံကောင်းစားဖို့အတွက်ပဲလို့
ခပ်ပိုပိုလေး ပြောရမယ် ၊သူ့ဟာသနားတတ်တယ်ကြင်နာတတ်တယ်၊ရိုင်းပင်းကူညီတတ်တယ်၊သူ့အတွက်ဆို သူလုပ်ချင်မှ လုပ်မည်၊“နိုင်ငံနှင့်လူမျိုး”သည်အတွက်ဆို သူမုချလုပ်လိမ့်မည်၊ သူသည် သူ့လူမျိုးကို ချစ်၏၊ သူ့နိုင်ငံကိုချစ်၏၊ တစ်ခြားနိုင်ငံ တခြားတိုင်းပြည်များနှင့် ရင်ဘောင်တန်းနိုင်အောင် သူ့ပညာဖြင့် နိုင်ငံနှင့်လူမျိုးကို မြှင့်မည်ဟု ကြုံးဝါးနေသူဖြစ်၏၊


ငါသည် အတွေးဖြင့်မဟုတ် ၊ အရေးဖြင့်မဟုတ် ၊ အပြောဖြင့်မဟုတ်၊“အလုပ်ဖြင့် သက်သေပြမည်”ဟု ခိုင်မြဲစွာခံယူထားသူလည်းဖြစ်၏၊သူသည်ဆရာကို“ကျောက်ထီးတန္တု”အလေးပြုသူလည်းဖြစ်၏။
ဆရာ့စကားကိုမြေ၀ယ်မကျနားထောင်သူလည်းဖြစ်၏၊ထို့ကြောင့်သူသည်အဆင့်မြင့်ပညာ
တတ်မြောက်ရေးအတွက် လူကိုသတ်၍ လက်ညှိုးကို ဖြတ်လိမ့်မည်၊ ထိုအခါတစ်စုံတစ်ရောက်၏ လက်ချက်ဖြင့် သူ အသက်ဆုံးရှုံးရမည်၊ထိုအခါ လောကကြီ၌ သူမရှိတော့၊သူမရှိလျှင်“စန္ဒပဘာ”နှင့် ငါ့အကြားသောကတိမ်တိုက်လည်း ရှိတော့မည် မဟုတ်၊ပေါက်ကွဲ ပူလောင်တတ်တဲ့ မီးတောင်လည်း ရှိတော့မည်မဟုတ်၊ထို့အခါင့ါဘ၀သည်တိမ်ကင်းသောလမင်းကဲ့သို့သာယာခြင်းရှိပေတော့မည်။
အေးချမ်းခြင်းရှိနေတော့မည်၊


(အမှန်အားဖြင့် လူသတ်လက်ညှိးဖြတ်ခြင်းသည် ပညာရပ်နှင့်လုံးဝ မဆိုင်ပေ၊ ဆရာကြီးက သူ့တပည့်အပေါ် သက်သက်အကောက်ဥာဏ် ကြံခြင်းသာဖြစ်၏)ဆရာကြီးသည်“အတတ်လည်းသင် ပဲ့ပြင်ဆုံးမ သိပ္ပမချန် ဘေးရန်ဆီးကာ သင့်ရာအပ်ပို့ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ ” မှ သွေဖယ်လေပြီး၊ဆရာကြီးသည် တစ်ပည့်မိုက်တို့၏စကားကို“ယုံစား”မှိ၏၊ ဆရာကြီး၏စကားကိုလည်း အဟိံသက“ယုံမှား”မှိပေတော့မည်၊ ဒီအကြံကို ငါ့လက်တွေ့အကောင်အထည်ဖေါ်ရမယ် ၊ဒီညပဲစမယ်၊ အော် အခုပဲစတာကောင်းပါတယ်လေ၊ အချိန်ဆွဲနေရင်အခြေအနေဆိုတာ ပြောင်းလွဲသွားတတ်တယ်၊ သူ့ကြောင့် ငါ့ဘ၀ ပြောင်းလွဲသွားသလို
( ဤသည်မှာ ဆရာကြီး၏ အထင်မျှသာ ) င့ါကြောင့် သူ့ဘ၀လည်း ပြောင်းလွဲသွားစေရမယ်၊ လုံးဝကို ပြောင်းလွဲသွားစေရမယ်၊“ဆရာကြီး”၊အသံသည်တိုးတိုးလေးသာ၊သို့သော်ဆရာကြီးနားထဲမှာတော့
“ဟိန်း”နေ၏၊ သူ့အနားအဟိံသက ရောက်လာသည်ကိုပင် ဆရာကြီး မသိလိုက်၊  အိမ်ထဲ ဆရာကြီး မတွေ့လို့  လိုက်ရှာတာ ဆရာကြီးက ဒီရောက်နေတာကို၊ အေးချမ်းတဲ့ညနှင့်သာနေတဲ့ လရဲ့ အရသာကို ဆရာကြီး ခံစားနေတယ် ထင်တယ်၊ တပည့်ရောက်နေတာ ကြာပြီး၊ ဆရာကြီး အတွေးပျက်မှာ စိုးတာနဲ့ အသံမပြုပဲနေတာ၊ ညဥ့်နက်တော့ အေးလာပြီး ဆရာကြီး၊ ဒီ အနွေးထည်လေး ဆရာကြီး ၀တ်လိုက်ပါအုံး၊ တော်ကြာ ဆရာကြီး အအေးပါတ်နေလို့ တပည့်တွေကို“ပညာ”သင်မပေးနိုင်ပဲ ဖြစ်နေအုံးမယ်။ 

အဟိံသကသည်  ရင်တွင်းဖြစ် တကယ့်ကောင်းမွန်သော“စေတနာ”အစစ်ဖြင့် ပြောလိုက်ခြင်းဖြစ်၏၊ သို့သော် ဆရာကြီးကား စေတနာအစစ်ဟု မထင်၊ စေတနာ အတုဟု မြင်၏၊(ခေတ်ပြော ပြောရလျှင် စေတနာကို ဝေဒနာ ဟုမြင်လေ၏၊)“အော် အေး  အဲ”(ဆရာကြီး၏အသံ)လတ်တလော ဘာပြောရမှန်းမသိ ဖြစ်သွား၏၊ ငါ့အတွေးများ သူသိသွားလေပြီးလားဟုပင်စိတ်မလုံဖြစ်သွား၏၊သို့သော်ဆရာကြီးသည်
ဆရာကြီးမဟုတ်ပါလား၊အေးင့ါတပည့်အတွက်ဆရာစဉ်းစားနေတာ၊အခုတပည့်ဒီရောက်လာတာ
နှစ်အတော်ကြာသွားပြီး၊ ပညာလည်း စုံသလောက် ကုန်သလောက် ရှိသွားပြီး၊ အခု လက်ရှိသင်ကြားနေတဲ့ နောက်ဆုံး အဆင့်မြင့်ပညာရပ်“အထွဋ်အထိပ်”ရောက်ဖို့ ငါ့တပည့်အလုပ်တစ်ခု လုပ်ရမယ် ၊ အဲဒါ သင်ကြားဆဲ ပညာရပ်ရဲ့“ဥပစာရ”ပဲ၊ အိမ်တစ်အိမ် ၀င်ရောက်တဲ့အခါ အိမ့် ဥပစာကို ဖြတ်ကျော်ပြီးမှ အိမ်ထဲ ၀င်ရောက်နိုင်သလို အတတ်ပညာရဲ့“ဥပစာရ”ကို ပြုလုပ်ပြီးမှသာ  အတတ်ပညာ အထွဋ်အထိပ်ရောက်မယ်၊ ပညာကို အသုံးပြုလို့ ရမယ်၊ အဲဒါတပည့်အချိန်ဆွဲနေလို့ မဖြစ်ဘူး၊ မနက်ဖန် စလုပ်ရမယ် …
မနက်ဖန် ဟုတ်လား ဆရာကြီး … ( ဆက်ရန် )
                                               ကောင်းသစ်

အမေ...



အစဉ်အလာအားဖြင့်
( သားသမီးအပေါ် )
အကြဉ်နာထားတာ “အမေ”


ကိုယ်တိုင်မူအရိုးစား 
သမီးသားကို အသားကြွေး
စားရေးအတွက် အပြစ်မရှာ
အနစ်နာခံတာ “အမေ”

ရသမျှ - ရှိသမျှ
သိသမျှ
ပိုင်ဆိုင်မှု မှန်သမျှ
သမီးသားအတွက် သုံး
အမြဲတန်း ပြုံးနေတာ “အမေ”


အမုန်းကို မတေး
အရှုံုးကို မတွေး
အလုံးစုံး ပေးနေတာ “အမေ”

သားမထိနဲ့ - သမီးမထိနဲ့
ရှိသမျှ ခွန်အား
ရန်သူကို တွန်းတားတာ “အမေ”


အကြင်နာတေး သီ
ရင်မှာအေး သည်
မယှဉ်သာ ဖေးသည်ကား “အမေ”


အမေဟာ ဗြဟ္မာ
အမေဟာ မာတာ
အမေဟာ
(သားသမီးတို့အတွက်)
ထာဝရမှီခိုရာ“သီရိဂေဟာ”ကြီးတစ်ခုပါပဲ။
သစ်လွင်

Friday, November 12, 2010

                 ကြမ်းတမ်းခြင်းမှကြင်နာခြင်း..အပိုင်း(၇)

ဆရာကတော်နှင့်အဟိံသကတို့သည်အရင်လိုပင်“မူ”မပျက်

နေထိုင်ကြ၏၊ပြောဆိုကြ၏၊မိသားစုဝင်တွေလိုနေထိုင်သည်မို့
ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းပင်ရှိလှ၏၊ဆရာကတော်သည် 
“ဥစ္စာပေါ ရုပ်ချော ပညာတတ် အမျိုးမြတ်”ဖြစ်သည့်အပြင်
ကိုယ်ကျင့်တရားလည်း ဖြူစင်သူဖြစ်၏၊ “အမရာ- ကိန္နရီ မဒ္ဒီ-သမ္ဘူလ” တော်လေး၀၀င်အမျိုးသမီး စာရင်းတွင်မပါဝင်သော်လည်း
တော်ဝင်“စံ”ထားထိုက်သောအမျိုးသမီးဖြစ်၏၊“အိမ်တွင်းမှုလုပ် သိမ်းထုပ်သေချာ မိစ္ဆာရှောင်ကြဉ်လျှော်အောင်ဖြန့်ချီပျင်းရိမမူ”ဟူသော အိမ်သူ ၀တ္တရားငါးပါးနှင့်လည်း စင်းလုံးချောပြည့်စုံသူဖြစ်၏၊ ယင်းငါးချက်ကို“သံမဏိ”စည်းမျဉ်းကဲသို့အလေးထား လေးစားလိုက်နာသူဖြစ်၏၊သို့သော်“သံသယမျှားချက်”ကြောင့်
နှလုံးသား“အက်”နေသည့်ဆရာကြီးကမူ“မူ”ပျက်နေတော့သည်
ဆရာကတော်နှင့် သူတပည့်အဟိံသကကို ဘာပဲလုပ်လုပ် တစ်မျိုးမြင်နေ၏၊ဘာပဲပြောပြော တစ်မျိုးထင်နေ၏၊ သံသယကြောင့်
“အမြင်မှား အထင်မှား”တို့သည် ဆက်တိုက်ဖြစ်နေတော့၏၊
အမှားနောက်မှာ“အမျက်”ပါ ဆင့်ပွါး ဖြစ်လာတော့၏ အမျက်သည် အဖျက်ကိုပါ ဆက်လက်မွေးဖွါးတတ်၏။“ပညာရှိအမျက်အပြင်မထွက်”
ဆိုသည့်အတိုင်းဆရာကြီးသည်ပညာရှိပီပီ ရင်တွင်းရှိ အမျက်ကို အပြင်မထွက်အောင် တော်တော်ထိမ်းထားရ၏။တပည့်တစ်စုတို့သည် ဆရာကြီးရှိရာသို့ ခပ်သုတ်သုတ် ရောက်လာကြပြန်၏ဆရာကြီး ရက်ကွက်ထဲ မြို့ထဲမှာလည်း ဆရာကတော်နှင့် အဟိံသကတို့ သတင်းတွေ ပျံ့နေပြီး နှံ့နေပြီး ၊တစ်ခြား တိုင်းပြည်ထိတောင် သတင်းတွေပျံ့နှံ့ကုန်ပြီးလားမသိပါဘူးဆရာကြီးရယ်၊
ဆရာကြီး“မယုံ”ရင် ကိုယ်တိုင် စုံစမ်း ထောက်လှမ်းနိုင်ပါတယ် - ဟု
နာနာနှင့်သာသာလေး ပြောလိုက်ကြ၏။“နှဲ့ပါးများရင်နဲ့တတ်တယ်”တဲ့၊
ယေဘုယျဖြစ်တတ်တဲ့သဘာဝလေးပါ၊ဆရာကြီး၏နှလုံးသားသည်
“သံမဏိနှလုံးသား”မဟုတ်သာမန်သူလိုကိုယ်လိုသွေးသားနှင့်
တည်ဆောက်ထားသောနှလုံးသား ဖြစ်ပါ၏ထို့ကြောင့် ဆရာကြီး“ခံနိုင်ရည်“မရှိတော့ပါ၊တပည့်တို့၏“အကြံအဖန်လုပ်ဇာတ်”ကို
ဆရာကြီး“ယုံ”မှိသွားလေပြီ။“ယုံ”အောင်လည်း
“ပုံ”ဖေါ်ကောင်းကြသည်ကို၊အသံဟန်အမူအရာ..အချိန်အချိတ်အဆက်
အပေးအယူအားလုံးကိုသူတို့အုပ်စုက ကိုယ်တိုင် ဒါရိုက်တာလုပ်၍ ကိုယ်ပိုင်သရုပ်ဆောင်သွားကြလေသည်၊ဆရာကြီးကမူသူတို့ အမှန်တကယ် ငါ့အကျိုးကို လိုလားလို့ ပြောကြတာပဲဟုယုံစားမိလေ တော့သည်၊စုံစမ်းခြင်း ထောက်လှမ်းခြင်း မပြုတော့ပေ၊ဤသည်မှာ ဆရာကြီး၏ပြင်မရသည့်“မဟာ အမှားကြီး”ပင် ဖြစ်တော့၏၊သို့သော် ဆရာကြီးသည်မှားမှန်း မသိနိုင်တော့ပေ၊ အရာအာလုံးသည် အမှောင်ကျသွားလေပြီး။ထောင်ထဲတွင်ကာမထောင်သည်
“အခိုင်ခန့်ဆုံး”၊ အမှောင်ထဲတွင်“ကာမ”အမှောင်သည်“အမှောင်ဆုံး”
အဆိုပင်ရှိသည် မဟုတ်ပါလား၊သြော် -“သူတို့ တကယ် ဖြစ်နေကြပြီးကိုး”တဲ့၊ဆရာကြီး ရင်ထဲမှာတိုးတိုးလေးရွတ်နေမှိပြန်၏။
သို့သော်“နှလုံးသား”ထဲမှာတော့အင်အားအပြင်းထန်ဆုံးသော
အသံကြီးလို ဆင့်ကဲဆင့်ကဲ ကြားနေပြန်၏၊အော် တပည့်တို့၏“ပိသုဏ”စကားလုံးသည်ဟီးရိုးရှီးမား မြို့ကို ကျဲချတဲ့အဏုမြူဗုံးထက်ပင် ပြင်းထန် နေပါရော့လား။
သူတို့သည်ဆရာကြီး၏“ငိုင်”နေသာ”အမူအရာကိုကြည့်၍
သူတို့တိုက်ကွက်“ပိုင်”ပြီဟုတွက်လိုက်ကြ၏၊အဟိံသကကို“ချိုင်”ဘို့
သေချာပြီးဟုလည်းတစ်ဆက်တည်းပင်တွက်လိုက်ကြ၏၊ထို့ကြောင့်
အချင်းချင်းမျက်ရိပ်ပြကာဆရာကြီးတပည့်တို့ပြန်ပါရစေတော့
“ဆရာကြီး သိအောင်သာ လာပြောရတာပါ စိတ်တော့ မကောင်းပါဘူး”
ဟု..ပင်အတွန့်လေးနဲ့ပြောပြီးအလျိုအလျိုပန်သွားကြ၏၊မျက်နှာ
အမူအရာမကောင်းကြ၊သို့သော်ဆရာကြီးပညာပြ၍အဟိံသကတော့
ဒုက္ခလှလှကြီးခံရပေတော့မည်ဟုစိတ်ထဲမှာတော့ကြိုတင်
ကြိတ်ပြုံးပြုံး၍ပင်နေကြ၏၊သူတို့ကဒါရိုက်တာဇာတ်ဆောင်နေရာမှသည်
“ပွဲကြည့်ပရိသတ်”အဖြစ်နေရာယူလိုက်တော့သည်၊သူတို့သည်
“တစိမ့်စိမ့်တွေးရင်း”ခေါင်းတညိမ့်ညိမ့် ဖြစ်ကာ ကြိတ်၍ ၀မ်းသာနေကြတော့သည်၊“ပွဲကြီးပွဲကောင်းတော့”ကြည့်ကြရပေအုံးမည်။
ကျွန်ယုံတစ်ဖက်ကဏ်း သားသမီးယုံ“စုံလုံး”ကဏ်း တဲ့။ ဆရာကြီးကမူ
“တပည့်ယုံ”၍(မျက်လုံးသာမကနားနှစ်ဘက်နှင့်အသိတရားပါ)
အကုန်လုံးကဏ်းရလေပြီ၊ဆရာကြီးသည်နှလုံးသား နာကျင်မှု
“အကျိတ်”ကို၊ မှိတ်၍ ခံ၏၊ မှိတ်၍ခံလေ နာကျင်မှုကတစတစ
ကြီးထွားလာလေဖြစ်၏၊မေ့ဘို့ကြိုးစားခြင်းသည်ပင်မမေ့နိုင်ခြင်း၏
အကြောင်းတရားတစ်ခုဖြစ်နေ၏တဲ့၊ဆရာကြီးသည်လည်း“သိခံ”လေ
ဒေါသထွက်လေဖြစ်နေလေတော့သည်၊သံသရာအစဉ်က
ကိန်းပါလာသော“အနုသယ”များသည်“သမုဒယ”တရားကြောင့်
“အမောက်ထောင်”လာလေပြီ၊သိကြသေးတာပေါ့အဟိံသကရယ်၊
ဆရာကြီးသည် စိတ်ထဲမှ ကြုံးဝါးနေမှိ၏ထို့နောက် ဆရာကြီးသည် သူ့“ဖျောင်”ဘို့အရေးနည်းမျိုးစုံ တွေးနေမှိ တော့သည်။အကယ်၍ သူ့ကိုကိုယ်တိုင်“ဖျောင်”လိုက်လျှင်ဆရာကြီးသည်တပည့်များကို
အပြစ်တွေ့ကအသက်ကိုပင် ချမ်းသာမပေးဟု သတင်းပျံ့ကာ ပညာသင်တပည့်များ လာကြတော့မည် မဟုတ်၊ ထိုအခါ ဥစ္စာလည်း ရတော့မည် မဟုတ်၊ ဥစ္စာမရှိလျှင်အခြံအရံလည်းရှိတော့မည် မဟုတ်၊ ဥစ္စာမရှိသောသူသည်လောက၌ သေလူနှင့် ဘာထူးတော့မည်နည်း၊
အရာရာ မျက်နှာငယ်ငယ်နှင့်နေရခြင်းသာ အဖတ်တင်ပေမည်၊ ပစ္စည်းဥစ္စာမရှိလျှင်“ဆင်းရဲလျှက်ပညာရှိသော်မှနင်ဘာသိပြောချင်”
သောခေတ်ဖြစ်၏၊တပည့်ကိုမှီ၍အသက်မွေးဆရာသည် 
တပည့်နှင့်ကင်း၍ မရပေ၊ အခဖြင့်“ပညာ”ပေးသော ဆရာသည် တပည့်နှင့်“အညမည” ကျေးဇူးပြုသူများဖြစ်ကြ၏၊ ဆရာသည်“ပညာ” ဖြင့် ကျေးဇူးပြု၍ တပည့်သည်“ငွေ” ဖြင့် ကျေးဇူးပြု၏၊ ဤသည်ကို ဆရာကြီး တွက်မိလေ၏၊အဟိံ သကသည် ပညာတတ် ဖြစ်လို၍
“ပညာငတ်”နေသူ ဖြစ်၏သူ့ကို ပညာဖြင့် ဖြားယောင်း၍ပင်ပညာပြရ ပေတော့မည်။ဝဋ်ရှိသ၍“ခံ”ပေအုံးတော့ အဟိံသကရေ ဟု
ဆရာကြီးသည် နှစ်ကြိမ်မြောက် စိတ်ထဲမှကျိတ်၍ ကြုံးဝါးနေမှိပြန်၏။
( ဆက်ရန် )                      ကောင်းသစ်

Thursday, November 11, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း အပိုင်း(၆)

ဆရာကြီးသည် မလာစဘူး အလာထူးသော သူ့တပည့်တို့ကို ကြည့်နေ၏၊ သူတို့ မျက်နှာများမကောင်းကြ၊ နောက်ပြီး တစ်ယောက်မျက်နှာ  တစ်ယောက် ကြည့်နေကြ၏၊ သူပြောနိုး ငါပြောနိုး တွက်နေကြ၏၊ ပြောရမှာ  သူတို့ စိုးရွံ့နေကြဟန်တူ၏ အားနာနေကြဟန် တူ၏၊ ဆရာကြီးသည် သူတို့၏“ အမူအရာကို ”  မြင်၏၊ သို့သော် သူတို့၏ စိတ်ကို တော့ မမြင်မှိချေ။ သည်တိုင်းနေလျှင် သူတို့ စကား စပြောရဲကြမည်မဟုတ်ဟု အထင်ဖြင့်ဆရာကြီးက ဘာများ ပြောစရာစရာရှိလဲ၊ သင်ယူခဲ့တဲ့ ပညာရပ်ထဲကနားမလယ်တာ မရှင်းလင်းတာများ ရှိလို့လားဟု စကားလမ်းကြောင်း စ.ပေးလိုက်၏။ ထိုအခါ သူတို့က မဟုတ်ပါဘူးဆရာကြီး တခြားကိစ္စ  ဆရာကြီးကို ပြောစရာရှိလို့ပါ၊ အဲဒါ ပြောသင့် မပြောသင့် ချင့်ချိန်နေလို့ပါ၊ပြောစရာရှိတာ ပြောပါ၊ ဆရာကြီး၏ ခွင့်ပြုချက်ရသည်နှင့် တစ်ပြိုင်နက် သူတို့ပြောလိုက်ကြ၏၊ ( …………..) ပြောချင်တာက အဲဒီ သတင်းပါဆရာကြီး၊ဆရာကြီး ပြုံးနေ၏၊  မဖြစ်နိုင်တဲ့  “ အပုတ်ချ ” သတင်း ဖြစ်မှာပါကွယ်၊ငါ့တပည့် “ အဟိံသက ” ဒီလို စိတ်ထားမျိုး လုံးဝရှိမယ် မထင်ပါဘူး၊ငါတို့ မိသားစုနှင့် အဟိံသက ဟာ မိသားစုဝင်တွေလို နေကြတာပါ။ နောက်ပြီးသူက ကိုယ်ကျင့်ဖြူစင်ပြီး ပညာတော်သူလည်း ဖြစ်တယ်၊ သူကို မနာလို့တဲ့သူကတမင် ဖန်တီးပြီး သတင်းလွှင့်တာ ဖြစ်နိုင်ပါတယ်၊ တပည့်တို့ စိုးရိမ်လို့ ပြောတာတော့ ဆရာကြီး ကျေးဇူးတင်ပါတယ် ၊ ဒါပေမဲ့ နောက်ဒီသတင်းမျိုး လာမပြောကြနဲ့၊ ကဲ တပည့်တို့ ကိုယ့်ပညာရေးကို ကိုယ်ကြိုးစားကြ၊ ကြားကြလား ၊ဟုတ်ကဲ့ပါ ဆရာကြီး၊ ပထမအုပ်စု ဆရာကြီးထဲမှ ထပြန်လာကြ၏၊ သူတို့ မျက်နှာအမူအရာများ မကောင်းကြ၊ သို့သော်  စိတ်ထဲမှာတော့ သူတို့ “ ပျော် ” နေကြ၏၊သူတို့ ပြောချင်တဲ့ “ လမ်းခင်းစကားဆရာကြီး ကြားသွားခဲ့ပြီး  မဟုတ်ပါလား ။သိပ်မကြာခင်မှာပဲ နောက်ထပ် ကျောင်းသားတစ်စု ဆရာကြီးထံ ရောက်လာ ကြပြန်လေပြီး၊ ဆရာကြီးသည် သူတို့၏ အခြေအနေကို စောင့်ကြည့်နေ၏၊ သူတို့ဆရာကြီးရှေ့ ငြိမ်ငြိမ်လေး ထိုင်နေကြ၏၊ ကုတ်ကုတ်လေး ထိုင်နေကြ၏၊  ဘာစကားမှတော့ သူတို့ မပြောကြ၊ တစ်ခါတစ်လေ စကားမပြောခြင်းသည်ပင် “ပြောခြင်း ”မည်၏တဲ့၊ သူတို့အုပ်စု ယင်းနည်းဗျူဟာကို ကျင့်သုံးနေခြင်းဖြစ်၏၊ အသံတိတ် “ စနစ် ” ကို ကျင့်သုံးနေကြခြင်း ဖြစ်၏။ ဆရာကြီး သဘောပေါက်၏၊ ကဲ မင်းတို့ မပြောလဲ ပြောချင်နေတယ်  ဆိုတာ ဆရာကြီး “ သိ ” တယ်၊ လောကကြီး ဘာဖြစ်နေလို့လဲ ၊ ဘာဖြစ်နေပြီလဲ၊ ဒါမှ မဟုတ်မင်းတို့ချင်း ဘာဖြစ်နေကြတာလဲ၊ လောကကြီးလည်း ဘာမှ မဖြစ်ပါဘူး၊ တပည့်တို့လည်းဘာမှ မဖြစ်ကြပါဘူး ၊ ဖြစ်နေတာက ဆရာကြီး “ အိမ် ” ပါ၊“ ဘာ ? ဆရာကြီးထံမှ တုန်ယင်စွာ ထွက်လာသော အသံဖြစ်၏၊ သို့သော်ယင်းအသံကို ထိုအုပ်စု မကြား၊ ဆရာကြီး၏ ရင်ထဲမှာသာ ဟိန်းထွက်နေသော အသံဖြစ်၏၊ တစ်ယောက်က ဆက်၍ ပြောနေပြန်၏၊ တပည့်တို့လည်း ပြောရကောင်းနိုင်း မပြောရကောင်းနိုး စဉ်းစားရင်း အချိန်နဲနဲ ကြာသွားပါတယ်မပြောပဲ ထားရင်တော့ ဆရာကြီးဂုဏ်သိက္ခာ ထိခိုက့်နိုင်သည့်အပြင် ပညာသင်ကျောင်းတော်ကြီးပါ ဂုဏ်သိက္ခာကျဆင်းပြီး နောင်လာမည့်  မျိုးဆက်သစ်များ “ ခေတ်မှီ ” ပညာရေးစနစ်ကြီး ဆုံးရှုံးသွားမှာကိုလည်းစိုးရိမ်မှိပါတယ်၊ ဟုတ်ပါတယ် ဆရာကြီး၊   ဒီသတင်းဟာ တပည့်တွေအားလုံး “ တီးတိုး တီးတိုး” ပြောနေကြပါပြီး။ဟိုသွားလဲ ဒီသတင်း ဒီနားလဲ ဒီသတင်း ပြောဆိုနေကြပါပြီး၊တပည့်တို့တောင် ဘယ်မှ မသွားရဲလောက်အောင် ဖြစ်နေပြီး၊ ဆရာကြီးအတွက် ဆရာကြီးတို့ မိသားစုအတွက် “ မခံနိုင်လွန်းလို့ ” ပါ ဆရာကြီးရယ်၊ ခက်ချေပြီး၊ ဟိုနေ့ကလည်း တပည့်တစ်စု ဒီအကြောင်းပဲ လာပြောသွားကြသည်၊ခုလည်း ဒီအကြောင်း အင်း စဉ်းစရာတော့ ဖြစ်နေပြီးထင်တယ်ဟု ဆရာကြီးစိတ်ထဲတွေး နေမှိပြန်သည်၊ သို့သော် စကားလွန်လို့ “ စကားကျွန် ” လို့ မဖြစ်သေးပေ၊ ကြမ်းကျွန်လျှင် နှုတ်ရသည် ၊ စကားကျွန်ရင် နှုတ်မရလို့ စကားပုံ ရှိသည် မဟုတ်ပါလား။ ဆရာကြီးကို စိုးရိမ်လို့ သတိပေးတာ ကျေးဇူတင်ပါကွယ် ၊ ကဲ တပည့်တို့ ကိုယ့်နေရာကို ပြန်နိုင်ကြပါပြီး၊ ဆရာကြီး  စကားဖြတ်ပစ်လိုက်သည် ၊ သို့မဟုတ်ပါက မကြားချင်သည့် မကြားလိုသည့် စကားများ ကြားနေရပေအုံးမည်။ ဒုတိယတိုက်ကွက်သည် ဆရာကြီးနှလုံးသားကို “ သံသယ ” မျှားချက်အဖြစ် “ ဒက် ” ခနဲ ထိမှန်သွား တော့သည်၊ တပည့်များ ထပြန်သွားကြ၏၊ တုန့်နှေးတုန့်နှေးနှင့်  ပြန်သွားကြခြင်းဖြစ်၏ စိတ်ထဲမှာတော့ အရိပ်အကဲခပ်၍နေ၏၊သူ့တို့စကား ဆရာကြီးနှုလုံးသား “ ထိ”သွားသည်ကိုတော့  သူတို့ “ သိ ” သွားကြ၏၊  ထို့ ကြောင့် မျက်နှာမှာ ပြုံးရိပ်မထင် သော်လည်း စိတ်ထဲမှာတော့ အပြုံးကိုယ်စီနှင့်ပင်၊“ဆရာကတော်နှင့် အဟိံသက ” တို့အပေါ် ဆရာကြီး၏သံသယကား အဟုန်ပြင်းစွာ စိုက်ဝင် သွားလေပြီး၊
ဒီကရှေ့ “ မျက်လုံးဒေါက်ထောက် ” ကြည့်ရပေအုံးတော့မည်၊(ဆက်ရန်)                                               ကောင်းသစ်



Tuesday, November 9, 2010

ကြမ်းတမ်းခြင်းမှ ကြင်နာခြင်း အပိုင်း(၅)

               
ဤသည်မှာ“မုဒိတာ”မပွါးတတ်သော“ဣဿာ”သမားတို့၏ ဖြစ်ရိုးဖြစ်စဉ်မြင်ရိုးမြင်စဉ်ဖြစ်၏၊မသူတော်တို့၏လမ်းဟောင်းဖြစ်၏
ကောင်းသောလမ်းကြောင်းတော့မဟုတ်၊လျှောက်သင့်သောလမ်းတော့
မဟုတ်၊သို့သော်သူတို့လျှောက်နေကြသည်၊ဆက်လည်း
လျှောက်ကြပေလိမ့်အုံးမည်၊သူတို့အုပ်စုတိုင်ပင်နေကြသည်၊
အကောင်းတိုင်ပင်ခြင်းတော့မဟုတ်၊အဟိံသက”အပေါ် ဆရာကြီးအထင်လွဲသွားစေရန် အထင်လွဲမှားစေရန် တိုင်ပင်နေကြခြင်းဖြစ်သည်၊ခေတ်ပြောပြောရလျှင်“လုပ်ဇာတ်
ဖန်နေကြခြင်းဖြစ်၏၊ပညာရေး“ဟာ”ကွက်ကိုကြည့်၏သူသည်
အားလုံးတို့ထက်အမြဲသာနေ၏အပြစ်ရှာမရ၊ကျင့်ဝတ်ကိုကြည့်၏၊
ချွတ်ယွင်းချက်”မတွေ့၊ အမျိုးဇာတ်ကိုကြည့်၏မြင့်မြတ်နေပြန်၏၊

(ယင်းခေတ်အခါကမင်းမျိုးနှင့်ပုဏ္ဏားမျိုးကိုဇာတ်မြင့်သူ”ဟု
အယူသည်းကြ၏၊အဟိ.ံသကသည်ပုဏ္ဏားမျိုးဖြစ်နေ၏၊) 
“ဆီ”လိုအပေါက်ရှာသော်လည်းသူ၏“အပြစ်အနာအဆာ”ကို
လုံးဝမတွေ့ရပဲဖြစ်နေ၏။တစ်ယောက်အပြစ်ကိုအများဝိုင်းရှာသော်လည်း
ရှာမတွေ့ကြ၊သူသည်အဲဒီအချိန်က အဲဒီလောက်ထိ ကိုယ်ကျင့်ဖြူ၍ပညာမြင့်သူဖြစ်၏၊“ပိသုဏ”အက္ခရာသုံးလုံး၊
အဏုမြူဗုံးသုံးလုံးထက်ပင်ကြောက်စရာကောင်း၏၊စွမ်းအားပြင်းထန်၏၊ 
သုံးဦးသုံးဖလှယ်အထိနာတတ်၏၊နီးစပ်ရာသူများအထိ
စက်ကွင်းမိတတ်၏၊ဒီဘ၀တွင်မကသံသရာအထိထိမှန်၏၊
ယင်းကိုသူတို့သုံးရန်နည်းလမ်းရှာနေကြ၏၊ ပိသုဏ-ဟူသည် အတိုကောက်စားလုံးဖြစ်၏၊အပြည့်အစုံအားဖြင့်“ပိယ သုည ကရဏ”ဖြစ်၏၊ ချစ်ခင်မှုစည်းလုံးမှုညီညွတ်မှုကို“မြူမှုံမျှ”မကျန်ရအောင်
ကြိတ်ချေနိုင်သော“လက်နက်စွမ်း”ဖြစ်၏၊ချစ်ခင် စည်းလုံး ညီညွတ်မှု ၁၀၀ရာခိုင်နှုံးမှသည်“၁”ပျောက်၍သုညဒီဂရီအဖြစ်ရောက်သွားအောင်ထိ ပြုမူနိုင်၏၊ရှေးခေတ်ကရန်သူတိုက်ခိုက်ရာ၌“ဘေဒဥပါယ်”ကို
နည်းဗျူဟာကောင်းတစ်ခု အဖြစ်အသုံးပြု၏၊ ဝေသာလီစစ်ဆင်ရေး၌ “၀ဿာကာရ“ပုဏ္ဏားကြီးအသုံးပြုဘူး၏။အမှန်အားဖြင
 ပိသုဏနှင့်ဘေဒဥပါယ်ဟူသည်စကားလုံးမတူသော်လည်း အဓိပ္ပါယ် ဦးတည်ချက်တူညီသည်သာ ဖြစ်၏။သို့သော်ပိသုဏသည်သူုတို့နှစ်ဦးကွဲပြားသွားစေရုံသက်သက်နှင့် မိမိကို အချစ်ပိုလာစေရန်”ရည်ရွယ်၏၊ဘေဒဥပါယ်ကမူ သူတို့ကိုကွဲအောင်ခွဲ၍ မိမိကအောင်နိုင်သူအဖြစ် ရပ်တည်နိုင်ရန်ဖြစ်၏၊ ဦးတည်ချက်အနေအားဖြင့် အချင်းချင်း“ကွဲ”အောင်“ခွဲ”ချင်းအားဖြင့် တူညီသည်သာဖြစ်၏၊အဟိသကသည်ဆရာကတော်နှင့်ရင်းနှီးသည်ကို
သူတို့သိကြ၏မြင်ကြ၏၊အမှန်အားဖြင့်မိသားစုအပေါ်ဝတ်ကျေ
အလိုက်သိသည့်အပြင်ပညာတော်၍မိသားစုစိတ်ဓါတ်ဖြင့် ရင်းနှီးခြင်းဖြစ်၏ ထို့ကြောင့် ယင်းနှီးမှုသည်“ဖြူစင်”၏.သန့်ရှင်း၏ အပြစ်ကင်း၏၊ မှဲ့တစ်ပျောက်စာမျှပင်အနာအဆာမရှိ၊ဆရာကြီးသည်
ဆရာကတော်ကိုအလွန်ချစ်၏တာနောယက္ခထဲကစကားလုံးကို
ယူသုံးရလျှင်“ငုံ“ထားမလောက်ပင်အချစ်ကြီးသူဖြစ်၏၊ချစ်၍လည်း
ယုံသည်၊ယုံ၍လည်းအရာအားလုံးကို“ပုံ”အပ်ထားသူဖြစ်၏
ဆရာကြီးသည်“ပညာသင်ကြားရေး”ဘက်၌သာစီမံ၏၊ ကျန်အိမ်မှုကိစ္စ လူမှုရေးကိစ္စဘာသာရေးကိစ္စငွေကြေးကိစ္စစသည်တို့ကို
ဆရာကတော်ကိုသာ အားလုံး ပုံအပ်ထားပြီးသားဖြစ်၏၊ အ၀တ်အစားအစားအသောက်ကအစ..ဆရာကတော်စိတ်တိုင်းကြ
စီမံခွင့်ပြုထားသူဖြစ်၏ဆရာကတော်ပြုသမျှ“နု”နေသူသာဖြစ်၏၊ ဆရာကြီးသည် အဲဒီလောက်ထိ အချစ်ကြီးသူဖြစ်၏ တစ်ခါတလေအချစ်ကြီးရင်“သံသယ”ပါကြီးလာတတ်၏၊
သံသယသည်ဖွဲမီးကဲ့သို့တမြေ့မြေ့လောင်ကျွမ်း၏၊
ရှားမီးကဲ့သို့လည်းပူပြင်းလှ၏။ထို့နောက်စိုးရိမ်မှုသောကမီးတောက်တို့ပါ
ကူးစက်လာတတ်၏။ယင်းဖြစ်တတ်သည့်သဘာဝတရားကိုသူတို့အားလုံး
သိကြ၏၊ယင်းအချက်ဖြင့်ဆရာကြီးကိုကိုင်တွယ်ရလျှင်“ထိ”နိုင်သည်ဟု
သူတို့တထစ်ချကြိုတင်တွက်ဆထားကြ၏၊.မကောင်းဥာဏ်
အကောက်ဥာဏ်သုံးရာ၌လောကရှိလူမိုက်အားလုံးက“ဆရာတင်ရမည့်”
အုပ်စုဖြစ်၏၊“မယားထိဓါးကြည့်”ယင်းဗျူဟာနည်းသူတို့အသုံးပြုရန်
တိုင်ပင်ကြ၏ဆရာကတော်နှင့်အဟိံသကတို့၏ဖြူစင်မှုသန့်ရှင်းမှု
အပြစ်ကင်းမှုကိုပြောင်းပြန်ဖြစ်သွားအောင်..
(အထင်အမြင်လုံးဝလွဲမှားသွားအောင်) သူတို့သုံးအုပ်စု ခွဲ၍ 
တိုက်ကွက်ဆင်ကြမည်။တိုက်ကွက်ဆင်ကြသည်၊
ယင်းတိုက်ကွက်ကြောင့်“အဟိံသကနှင့်ဆရာကတော်ဆရာကြီး”
သာမက တခြားလူအများပါ အသက်အိုးအိမ် စည်းစိမ်ဆုံးရှုံးကြရသည်၊ ရွာသိမ်ရွာငယ်နှင့်စည်ကားနေသည့် ရွာကြီး မြို့ငယ် မြို့နယ်များပါ ပျက်စီးကြရသည်၊သည်အထိ နစ်နာကြတော့မည်ကို 
မသမာသူထိုအုပ်စု ကြိုတင်၍မတွက်ဆမှိကြချေ၊ သူတို့ဖြစ်ချင်တာ
သူတို့လုပ်ချင်တာကိုသာ စိတ်လောနေကြ၏၊စိတ်စောနေကြ၏၊
ဆရာကြီးတို့မိသားစုသူတို့ကိုပြန်လည်ချစ်ခင်
အရေးပေး လာစေလိုမှု“လောဘအမိုက်”အဟိသကကိုမကျေနပ်မှု “ဒေါသအမိုက်”ဖြစ်ပွါးလာမည့်အကျိုးဆက်တို့ကိုမသိမှု“မောဟအမိုက်” ယင်းအမိုက်တောထဲသူတို့တစ်စုရောက်နေကြသည်၊
ထို့ကြောင့်သူတို့ဘာမှမမြင်ရတော့၊ယင်း“မမြင်ခြင်း”ကိုပင်သူတို့က
“မြင်ခြင်း”ဟုအထင်မှားနေကြလေပြီ၊“မိုက်လေစွ”၊မိုက်လို့လည်း“
ရိုက်ကွက်”ထွင်နေကြခြင်းဖြစ်၏၊“တိုက်ကွက်”ဆင်နေကြခြင်းဖြစ်၏၊
ကျွဲနှစ်ကောင်“ခတ်သည့်အရေး”မြေဇာမြက်များ
“အသက်ပေး”ကြရပေအုံးတော့မည်။မသမာသူလူတစ်စုကား
အရှက်အကြောက်ကင်းစွာသူတို့ကြိုတင်အကွက်ဆင်ထားသည့်“
ပိသုဏ-ဘေဒဥပါယ်တိုက်ကွက်ကို”စတင်ပါလေပြီ (ဆက်ရန်)
                ကောင်းသစ်