ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Sunday, November 28, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း အပိုင်း(၁၀)

                         တပည့်ဆီမှ“ဆရာ့စကားမပယ်ရှားတော့ပါ''ဟုကြားလိုက်ရသောအခါ ဆရာကြီး မျက်နှာသည် ပြုံးရိပ်သန်းလာ၏၊ သို့သော်  ပီတိပြုံးမဟုတ်၊
ရှက်ပြုံးလည်းမဟုတ်၊မချိပြုံးလည်းမဟုတ်၊ လှောင်ပြုံးလည်း မဟုတ်“အကြင်နာမဲ့ပြုံး”ဖြစ်၏။ယင်းအပြုံးသည်
အပြုံးဟု ခေါ်ရသော်လည်းအပြုံးစစ်တော့မဟုတ် ဒေါသ အာဃာတ(တစ်ဖက်သတ်)အမုန်းတရားကြောင့် ဖြစ်ပေါ်လာသော အမုန်းတရား၏ သင်္ကေတ“အပြုံးတု” ဖြစ်၏၊ မျက်နှာက ပြုံး၏၊ နှလုံးသားက မုန်း၏၊သို့သော် အဟိံသက.ကတော့
ဆရာကြီး၏ ရင်တွင်း အမုန်းကို မမြင်၊မျက်နှာတွင် ထင်ဟပ်သော“အတုပြုံး”ကိုပင်“ပီတိပြုံး”ဟု အထင်မှားနေလေသည်၊ ထို့ကြောင့် သူသည် ဆရာကြီးကို ပြန်ပြုံးပြလိုက်၏၊
“ပိုးဖလံမျိုး မီးကိုတိုး”သည်ထက် သူ့ဘ၀အခြေအနေ ဆိုးလာမည်ကိုသာ သူအကယ်၍ သိရလျှင်
ထိုကဲ့သို့ သူပြုံးနိုင်ပါမလား၊ကဲ ဒါဆို ငါ့တပည့်ပြင်တော့လေ၊
အစစအရာရာ သတိတော့ထားပေါ့ကွယ် ငါ့တပည့် ပြန်လာမည့်ရက်ကို ဆရာစောင့်မျှော်နေပါ့မယ်၊ ပညာစုံပညာကုန်တတ်လာတဲ့င့ါတပည့်ကို မိဘဆွေမျိုး အသိုင်းအ၀ိုင်းကသာမက တိုင်းပြည်လူထုကပါ သောင်းသောင်းဖျဖျ ကြိုဆိုကြမည့် အရေးကို
ဆရာ မြင်ယောင်ပါသေးတယ်ကွယ်၊ 

(ယင်း စကားသည်တစ်ဖက်သား၏“ပျော့”ကွက်ကိုကိုင်၍သူ့ဘ၀ကို
“ချိုင်”လိုက်ခြင်းဖြစ်သည်)အဟိံသကသည် ဆရာကိုကန်တော့၏၊ ထို့နောက် ဆရာကတော်ကိုကန့်တော့၏၊ သူ ပညာသင်ဘက် သူငယ်ချင်းများကို နှုတ်ဆက်၏၊ပြီးလျှင်“ပဉ္စာဝုဓ”လက်နက်ငါးမျိုးကို လွယ်လျှက် အားလုံးကို ကျောပေးကာထွက်ခွါသွားလေတော့၏
 ( ပဉ္စာဝုဓ- လေးမျှား ၊ သံလျှက်၊ ခက်ရင်း- တောက်၊ လက်ရိုက်တုတ်တို ၊ လှံ)ကျောခိုင်း ထွက်ခွါသွားသော
သူ၏ ကျောပြင်ကို ကြည့်လျှက် ဆရာကြီး ပြုံးနေ၏၊ ဆရာကတော်လည်း ပြုံးနေ၏၊ သူ၏ မိတ်ဆွေတ(ပူးသတ်) 
ပညာသင်ဘက် ကျောင်းသားများလည်း ပြုံးနေ၏၊ သို့သော် အပြုံးချင်းတော့မတူကြ၊ ဆရာကတော်၏အပြုံးကတော့ သန့်ရှင်း၏ ဖြူစင်၏၊ ဆရာနှင့် ကျန်တပည့်တို့၏အပြုံးကတော့ … ၊သူ၏ ချေလှမ်းတိုင်း ချေလှမ်းတိုင်းသည် ပညာရေးအတွက်ဟု အကြောင်းပြကာ စင်စစ်အားဖြင့် ကြမ်းဖို့ ရမ်းဖို့ ရက်စက်ဖို့ ဖြစ်နေသည်ကို သူမသိလေရော့သလား  မသိချင်ယောင် ဆောင်လေရော့သလားပင် မသိတော့၊

ပစ္စည်းလောဘပဲဖြစ်ဖြစ်  ပါဝါလောဘပဲဖြစ်ဖြစ် ပညာလောဘပဲဖြစ်ဖြစ် လွန်ကဲလာလျှင်“မိုက်ဘက်”ယိမ်းယိုင်တတ်သည်မှာ သဘာဝဖြစ်၏၊ သူသည်လည်း  ပညာလောဘကြောင့် အမှားအမှန်မသိတော့ ၊ အသိဥာဏ်မဲ့သွားလေပြီ၊ အသိဥာဏ်မဲ့လျှင် အရှိကိုအရှိတိုင်း မမြင်တော့၊ မသိတော့၊ ထိုအခါ မှားပြီးရင်းမှားရင်း- ကြာသောအခါ ယင်းအမှားကို သူ“အမှန်တရား”ဟုထင်လာတော့၏ မြင်လာတော့၏၊ ထိုအခါ“မိစ္ဆာဒဿန”ကိုသူခိုင်မြဲစွာစွဲကိုင်တော့၏၊ဆရာ၏“ပယောဂ” 
သူ၏“လောဘ”ကြောင့် လောကကြီး“ဒုက္ခ”ရောက်ရပေတော့မည်၊
“ပစ်ရာတစ်ခြား ထိရာ တစ်ခြား“ ဖြစ်ပေတော့မည်၊ဆရာကြီးအတွေးက သူတစ်ပါးလက်ချက်ကြောင့် သူ့တပည့် အဟိံသက သေစေရန်ဖြစ်၏၊ လက်တွေ့အားဖြင့်ကား သူတပည့်လက်ချက်ကြောင့်
“လူအများ”မြေဇာဖြစ်သွားရရှာ၏။သူသည် တောနက်ကြီးအလယ်၌ တစ်ယောက်တည်းနေ၏၊ တွေ့သမျှလူကိုသတ်၏၊ ထို့နောက် လက်ချောင်းကိုဖြတ်၏၊ တစ်ယောက်ပြီးတစ်ယောက်၊တောနက်ထဲ လူများမလာရဲတော့၊ ထိုအခါ တောစပ်နားသွားပြန်၏၊
တွေ့သမျှသတ်၏ ထို့နောက် လက်ချောင်းဖြတ်၏၊ ပစ္စည်း လက်ဝတ်လက်စား သူဘာတစ်ခုမှမယူ၊ သူယူချင်တာ ပညာရဲ့“ဥပစာရ”အတွက် လက်ချောင်းလေးများ၊

အစပိုင်း၌ လက်ချောင်းလေးများကို ဖြတ်သောနေရာပစ်ထား၏၊ ထိုအခါလက်ချောင်းလေးများကို ကျီးကလည်းချီ၏၊ တောခွေး မြေခွေးများကလည်း စား၏၊လက်ချောင်းလေးများ မစုမှိ၊ ထို့နောက်တော့ လက်ချောင်းလေးများကိုဖေါက်ကာ ပန်းသီသလို ကြိုးလေးဖြင့်သီကာ လည်ပင်းမှာချိတ်ဆွဲထား၏ ထိုအခါမှစ၍
 အဟိံသက-ဟူသော ငယ်နာမည်ပျောက်ကာ“အဂုင်္လိမာလ”ဟူသော နာမည်သစ်ကို သူရရှိလေသည်၊ လူထုကပေးသော အခြားနာမည် များလည်းရှိသေး၏၊“အကြင်နာမဲ့-သွေးစွန်းလက်-ရက်စက်သူ” တဲ့။
ယခင်ကဆိုလျှင် ဤတော ဤမြေ ဤဒေသသည် ထင်းခုတ်သူ ဟင်းရွက်ခူးသူသစ်ခွပန်းရှာသူ ပျားဖွတ်သူ တော(အမဲ)လိုက်သူ
နွားကျောင်းသူ ဆိတ်သိုးကျောင်းသူတို့ဖြင့် လူသူလေးပါးပြတ်သည် မရှိ၊ထို့ပြင် တောတောင်၏သဘာဝအလှကို ဖွဲ့ဆိုသော“တောလား” ကဗျာများကိုပင် ဤတောအုပ်ကို အမှီပြု၍ ကဗျာဆရာများဖွဲ့နွဲ့ ရေးသားကြ၏ ထို့ကြောင့် စည်ကားသောတောအုပ်လေး ဖြစ်၏၊ 

ယခုတော့ ယခင်နှင့်မတူ၊ အသွင်ပြောင်းကာ လူသူကင်းဆိတ်သော တောအုပ်လေး ဖြစ်သွားရလေပြီး၊ ဟန်လင်းဗိဿနိုးမြို့ဟောင်းများသည်
မည်သူကြောင့် ပျက်သုဉ်းသွားရသည်ကို မသိ၊သိသည်ကား ဤတောအုပ်လေး အလှသည် အဟိံသကကြောင့် ပျက်သုဉ်းသွားရလေပြီ၊ အဖေါ်မဲ့အကျည်းတန်ဖြစ်သွားရလေပြီ၊
သူရှိနေ၍ တောအုပ်သို့ လူများမလာရဲတော့၊ လူများမလာသောအခါ သူကသွား၏၊ ညဥ့်အခါ တံခါးကိုခြေနှင့်ကန်ဖွင့်၏၊ ထို့နောက် တွေ့သမျှလူကိုဖြောင်၏၊ လက်ချောင်းများကိုဆောင်၏၊ တစတစရွာများလူမဲ့ကုန်၏၊ထို့နောက်နိဂုံးဇနပုဒ်၊ထိုမှတစ်ဆင့်
ကောသလမင်းထီးနန်းစိုက်သောသာဝတ္ထိသို့ပင် လူများ ပြောင်းရွေ့နေထိုင်ကြရတော့၏၊သာဝတ္ထိမြို့စွန်၌သစ်ခဲတဲအိမ်လေးများ ရွက်ဖျဉ်တဲလေးများသည်ကွက်သစ်လေးပမာပေါ်ပေါက်လာလေတော့၏၊
သို့သော်လည်း အနေ၏ ချို့တဲ့ခြင်း အစား၏ချို့တဲ့ခြင်း ကျန်းမာရေး၏ချို့တဲ့ခြင်းအပြင် အဂုင်္လိမာလ၏ဘေးရန်မှလည်း  လုံခြုံမှုမရှိ။ ထို့ကြောင့်သူတို့သည် ပြည်သူများဘ၀လုံခြုံမှု ရှိဖို့အတွက
“အင်္ဂုလိမာလကို”တားဆီးနှိမ်နင်းပေးပါရန်ဘုရင့်နန်းတော်သို့သွားကာ
“ကောသလဘုရင်မင်းတြားကြီးကို သံတော်ဦးတင်ကြ၏ ပြည့်သူတို့၏ လက်ရှိအခြေအနေကို တင်ပြကြ၏၊အကြောင်းမှန် ဖြစ်ရပ်စုံကို သိရသောအခါ ကောသလမင်းကြီးသည် မူးမတ်များနှင့် တိုင်ပင်ဆွေးနွေးကာ ပြည့်သူ့ဘ၀ လုံခြုံမှုရှိဘို့အရေး သူကိုယ်တိုင်ပင်ဦးစီးကာ“အင်္ဂုလိမာလ”ကို နှိမ်နင်းမည်ဖြစ်ကြောင်း ပြည်သူလူထုကို အသိပေးခိုင်းလိုက်လေတော့သည်။ပြည်သူ အားကိုးထိုက်သောမင်းပေတကား(ဆက်ရန်)                     
                                                            ကောင်းသစ်

No comments: