ရွှေလရောင် ဘလော့မှ နွေးထွေးစွာ ကြိုဆိုပါ၏..လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။.

Tuesday, December 21, 2010

ကြမ်းတမ်းခြင်းမှကြင်နာခြင်း..ဇာတ်သိမ်း

မြောင်းသွယ်သူ(တောင်သူဦးကြီး)တို့သည်ရေကို(မိမိလိုရာလယ်မြေသို့)
ဆောင်ယူကြကုန်၏၊ မြှားသမားတို့သည် မြှားကို ဖြောင့်ကြကုန်၏၊
သစ်ရွေသမားတို့သည် သစ်ကိုဖြောင့်အောင်ရွေကြကုန်၏၊
ပညာရှိတို့သည် မိမိကိုယ်ကို(မိမိစိတ်ကို) ဆုံးမကြကုန်၏။
ရေသည် စိတ်မရှိ၊ သို့သော် မိမိလိုရာသို့(မြောင်းဖေါက် ပိုက်သွယ်ကာ)
ဆောင်ယူ၍ရနိုင်၏၊၀ါးသည်သက်မဲ့ဖြစ်၏၊သို့သော်မိမိစိတ်တိုင်းကြ
ဖြောင့်၍မျှားအဖြစ် အသုံးပြုနိုင်၏၊ သစ်သားသည် ၀ိညာဉ်မဲ့ဖြစ်၏၊ သို့သော်လိုရာပုံစံပြုကာ(လှည်းဘီး ရထားဘီးပရိဘောဂအဖြစ်)
အသုံးပြုနိုင်၏၊ထို့အတူပညာရှိအစစ်သည်စိတ်ရှိသောမိမိကိုယ်ကို
(သမထ၀ိပဿနာဖြင့်)ယဉ်ကျေးအောင်(အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်ထိ မျက်မှောက်ပြုနိုင်အောင်)ဆုံးမ၏။

အချို့သူတို့သည်လှံတံဖြင့်လည်းကောင်းချွန်းကောက်ဖြင့်လည်းကောင်း
ကြိမ်လုံးဖြင့်လည်းကောင်း(ယဉ်ပါးအောင်ယဉ်ကျေးအောင်)
ဆုံးမကြကုန်၏။တာဒိဂုဏ်နှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရားသည် တုတ်လှံတံ မရှိပဲလက်နက်မရှိပဲငါ့ကို ယဉ်ကျေးအောင် ဆုံးမတော်မူပြီ။
ကေသိအမည်ရှိ ထင်းရှားသောမြင်းဆရာကြီးသည် ဘုရားရှင်ကို
လျှောက်ထားဘူးသောစကားရှိ၏၊သူသည် မြင်းများကိုယဉ်ကျေးအောင်
ယဉ်ပါးအောင်ဆုံးမရာ၌တုတ်လှံတံမသုံးပဲလက်ဝါးဖြင့်ပွတ်သပ်၍
“အနုနည်း”ချော့မော့ကာဆုံးမရသည်လည်းရှိ၏၊တုတ်လှံတံဖြင့်
ခပ်ကြမ်းကြမ်းရိုက်၍“အကြမ်းနည်း”ဆုံးမရသည်လည်း ရှိ၏၊
အချို့မြင်းများကို“အနုနည်းအကြမ်းနည်း”ရောသုံး၍ဆုံးမရသည်လည်း
ရှိ၏၊အကယ်၍ ယင်းသုံးနည်းဖြင့်မှ ဆုံးမ၍ မရသော“ဗီဇညံ့”သော
မြင်းများကိုတော့သတ်ပစ်၏- တဲ့။

လူနတ်ဗြဟ္မာသတ္တ၀ါတို့ကိုယဉ်ကျေးအောင်ဆုံးမရာ၌ အတုမဲ့ ဖြစ်တော်မူသောရှင်တော်မြတ်ဘုရားသည်လည်းနည်းသုံးနည်းကိုပင်
ကျင့်သုံးတော်မူ၏။ကုသိုလ်- ကုသိုလ်၏အကျိုး-လူ နတ် ဗြဟ္မာ(နိဗ္ဗာန်)
ကောင်းကျိုးများကိုလည်း ဟောပြော၍ဆုံးမရ၏၊ ယင်းကို အနုနည်း
ဟုခေါ်ရ၏၊အကုသိုလ်- အကုသိုလ်၏အကျိုး-ငရဲ တိရစ္ဆာန် ပြိတ္တာ
အသူရကယ်ဆိုးကျိုးများကိုဟောပြ၍လည်းဆုံးမရ၏၊ယင်းကို အကြမ်းနည်းဟုခေါ်၏၊ယင်းနည်းနှစ်မျိုးလုံးကိုရော၍လည်း ဆုံးမတော်မူရ၏၊ယင်းကို အနုနည်း အကြမ်းနည်းဟု ခေါ်ဆိုရ၏၊
ယင်းသုံးနည်းဖြင့် ယဉ်ကျေးအောင်ဆုံးမ၍ဟောပြ၍ မရသူ
(ဗီဇညံ့သူ)ကိုသတ်ပစ်တော်မူ၏။


ဘုရားရှင်တို့မည်သည် သူတပါးအသက်ကိုသတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်တော်မူသည်မဟုတ်ပါလားဟု စဉ်းစားစရာရှိ၏၊ ဤနေရာ၌ ဘုရားရှင်တို့သတ်ခြင်း မည်သည်“အဆုံးအမ မပေးတော့ခြင်း”ဖြစ်၏၊ ယခုခေတ်၌လည်း ဆရာသမားများသည်ပြောမရသည့်တပည့်ကို ဘာမှမပြောတော့၊ယင်းသို့မပြောခြင်းသည်တပည့်ကိုသတ်သည်မည်၏၊ မိဘတို့သည်လည်း ပြောမရသည့်သားသမီးကိုဘာမှမပြောတော့၊ ယင်းသို့ မပြောတော့ခြင်းသည် သားသမီးကိုသတ်သည်မည်၏၊
အဆုံးအမ မခံရသော တပည့်သားသမီးသည် အဘယ်မှာငြိမ်းချမ်းမှု
တိုးတက်ကြီးပွါးမှု ကိုယ်နှုတ်ယဉ်ကျေးမှုရနိုင်ပါအံ့နည်း။

ငါသည်ရှေးအခါကညှဉ်းဆဲတတ်သူဖြစ်လျှက်“အဟိံသက”အမည်ရခဲ့၏။
ငါသည်ယနေ့မှစ၍တစ်စုံတစ်ယောက်ကိုမျှမညှင်းဆဲတတ်သောကြောင့်
မှန်ကန်သောအမည်ရခဲ့ပြီ၊ ငါသည် ရှေးအခါက အင်္ဂုလိမာလ ဟူ၍
ထင်ရှားကျော်စောသော ခိုးသူကြီး ဖြစ်ခဲ့၏၊ကြီးစွာသောသံသရာသြဃ၌
နစ်မြောသည်ဖြစ်၍မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊
အရှင်မြတ်၏လူ့ဘ၀နာမည်မှာ“အဟိံသက”ဖြစ်၏၊မြန်မာလို“
မညှဉ်းဆဲသူ(ခ)ကြင်နာသူဖြစ်၏၊သို့သော်လူကိုသတ်၍လက်ကို
ဖြတ်ခဲ့သောကြောင့်နာမည်နှင့်လူနှင့်မကိုက်ဖြစ်နေ၏၊ယခုသမဏအဖြစ်
ခံယူသောအချိန်မှစ၍မည်သူ့ကိုမျှမည်သည့်အကြောင်းကြောင်းမျှ
မညှဉ်းဆဲတော့၊ထို့ကြောင့် ယခုမှသာ“အဟိံသက-မညှဉ်းဆဲသူ ကြင်နာသူ”ဟူသောနာမည်နှင့်လိုက်ဖက်လေတော့၏၊

လူ့ဘ၀က အဟိံသကနာမည်အပြင် ပြည်သူကပေးသောထင်ရှားသော
အခြားနာမည်တစ်မျိုးလည်း ရှိသေး၏၊ လက်ညိုးပန်းဆင်သောကြာင့်
“အင်္ဂုလိမာလ”ဟူသောနာမည်ဆိုးနာမည်ပျက်ဖြစ်၏၊ယခုယင်းနာမည်
ကိုအစားထိုး၍သဘာဝကျကျပြင်ပေးရလျှင်“၀ိမုတ္တိသုခ”ကိုခံစား
ပန်ဆင်နိုင်ပြီးဖြစ်သောကြောင့်“၀ိမုတ္တိမာလ”ဟုမှည့်ခေါ်ကလည်း
ဂုဏ်နှင့်ဒြဗ်လိုက်ဖက်သည်သာဖြစ်ပါ၏၊ဘုရားရှင်၏
ကျေးဇူးတော်ကြောင့်“သြဃလေးဖြာ”သံသရာမှလွတ်မြောက်ခွင့်
ရရှိခဲ့ပါ၏။ထို့ကြောင့်ဘုရားရှင်ကို ကိုးကွယ်ဆည်းပါ၏။ 

ငါသည်ရှေးအခါကအင်္ဂုလိမာလဟူ၍ထင်ရှားကျော်စောသော
သွေးစွန်းသောလက်ရှိသောသူသတ်ယောက်ျား ဖြစ်ခဲ့၏၊
ကိုးကွယ်ရာ နိဗ္ဗာန်ကိုမြင်သည်ဖြစ်၍ဘ၀နှောင်ကြိုးနှင့်တူသော
တဏှာကိုနှုတ်ပယ်ခဲ့ပြီ၊
ငါသည် ရှေးအခါက ဆရာမှားကို ဆည်းကပ်မှိ၍ သန်လျှက်ဖြင့်
လူကိုသတ်ခဲ့ဘူး၏၊သွေးစွန်းလက်ဟုအများက ခေါ်ဝေါကြ၏။
ယခုမူဆရာမှန်ကိုဆည်းကပ်မှိ၍အရဟတ္တမဂ်ဖြင့်ကိလေသာမှန်သမျှကို
ပယ်သတ်နိုင်သောကြောင့်“အရဟန္တ”ဟုသာသနာ့သမိုင်း၌
မှတ်တမ်းတင်ခြင်းခံရ၏၊ဘ၀မှလွတ်ထွက်မသွားအောင်
ချည်နှောင်တတ်သောကြိုးနှင့်တူသောကြောင့်“တဏှာ”ကို ဘ၀နှောင်ကြိုးဟုခေါ်၏၊ယင်းနှောင်ကြိုးကိုလည်းအစအန
တစ်စွန်းတစ်စမှမကျန်ရအောင်ပယ်နှုတ်ပြီးဖြစ်ပါ၏၊
နိဗ္ဗာန်ကိုမြင်၍ ဘ၀စင်သူ ဖြစ်၏။

အကြိမ်များစွာ အပါယ်ရွာကိုလားစေတတ်သော ထိုသို့သဘောရှိသော အကုသိုလ်ကံကိုပြုခဲ့သော်လည်း ယင်းကံကို ရှို့မြှိုက်တတ်သည့်
(မဂ်စေတနာ)တွေ့ထိအပ်သောကြောင့်မကောင်းကျိုး ကြွေးမြီကင်းသည်ဖြစ်၍ ဘောဇဉ်ကိုငါသုံးဆောင်ရပေပြီ။
လူ့ဘ၀က ပြုမှားခဲ့သော သူ့သက်သတ်မှု အကုသိုလ်ကံသည် အပါယ်ငရဲသို့ နှစ်ရာပေါင်း ထောင်ပေါင်းများစွာ ကျရောက်နိုင်၏၊
သို့သော် ဘုရားရှင်၏ကျေးဇူးဓမ္မ၏အစွမ်းသတ္တိကြောင့်အပါယ်ငရဲမှ
(ဘ၀သံသရာမှ)လွတ်မြောက်ခွင့်ရခဲ့ပေပြီ၊ ကိလေသာကင်းသော
ရဟန္တာအဖြစ်ဖြင့်ဆွမ်းဘောဇဉ်(ပစ္စည်း လေးပါး)တို့ကို ပိုင်ရှင်အဖြစ်ဖြင့်သုံးဆောင်ရသောကြောင့်ကြွေးလည်းမတင်တော့ပေ၊
(ပုထုဇဉ်ရဟန်း သာမဏေများ ပစ္စဝေက္ခဏာလည်းမဆင်ခြင်၊
မေတ္တာလည်းမပို့၊ ရှုမှတ်မှုသတိလည်းမရှိပဲ ဆွမ်းဘောဇဉ် ပစ္စည်းလေးပါးကိုသုံးဆောင်လျှင် ဣဏပရိဘောဂ- ကြွေးတင်၏၊)


 ပညာမဲ့ငြား လူမိုက်များတို့သည် မေ့လျော့ခြင်းကို အားထုတ်ကြကုန်၏၊
ပညာရှိငြားလူလိမ္မာများတို့သည်မမေ့လျော့ခြင်းကိုမြတ်သောဥစ္စာကဲ့သို့ 
စောင့်ရှောက်ကြကုန်၏၊
ပညာမဲ့သူ လူမိုက်တို့သည် မကောင်းမှု ဒုစရိုက်၌မွေ့လျှော်ကြ အားထုတ်ကြကုန်၏၊အာရုံငါးပါးကာမဂုဏ်တရားဖြင့်သာ
အချိန်ကုန်နေကြ၏၊“အကုသိုလ်ဖြင့်”အချိန်ဖြုန်းနေသူကို“ပမာဒ- မေ့လျှော့ခြင်းကို”အားထုတ်သူဟုဆိုရ၏၊အမြင်မှန်ရှိကြသော လူလိမ္မာတို့သည်ကုသိုလ်ကောင်းမှုတို့၌ပျော်မွေ့နေကြသူများဖြစ်ကြ၍
“အပ္ပမာဒ- မမေ့လျှော့သူ”ဟုဆိုကြ၏၊ သူတို့သည်ဒါနသီလ
ဘာဝနာဟုဆိုအပ်သောကုသိုလ်ကောင်းမှု၌“အပ္ပမာဒ မမေ့မှုကို”
မြတ်သော တန်ဘိုးမြင့်ဥစ္စာကဲ့သို့ထိမ်းသိမ်းစောင့်ရှောက်ကြ၏။

မေ့လျှော့ခြင်းကိုအားမထုတ်ကြကုန်လင့်၊ကာမဂုဏ်တို့၌မွေ့လျှော်
ပေါင်းဖေါ်မှုကိုအားမထုတ်ကြကုန်လင့်၊မမေ့မလျှော့ဘဲရှုဆင်ခြင်သူ
သည်သာပြန့်ပြောသောနိဗ္ဗာန်ချမ်းသာသို့ ပေါက်ရောက်နိုင်၏၊
မေ့လျှော့ခြင်းတဲ့၊ မေ့လျှင် လျှော့တတ်၏၊ပစ္စည်းမေ့လျှင် ပစ္စည်းလျှော့မည်၊ကုသိုလ်မေ့လျှင် ကောင်းကျိုးလျှော့မည်ဖြစ်၏၊
မေ့လျှော့သူကို ရှင်တော်မြတ်ဘုရားက“သူသေ- သေလူ”ဟု မိန့်ဆိုထားပေ၏၊သေနေသောလူသည်လောကဘက်မှကြည့်လျှင်
“ပစ္စည်း ပညာ ပါဝါ”ဘာတစ်ခုမှ ရအောင်မလုပ်ဆောင်နိုင်တော့၊
ဓမ္မဘက်က ကြည့်ပြန်လျှင်လည်း“ဒါန သီလ ဘာဝနာ”ဘာကုသိုလ်မှ မဆည်းပူးမပြုလုပ်နိုင်တော့ချေ၊ပကတိအားဖြင့် အသက်ရှုနေသူဟု ဆိုရသော်လည်း စင်စစ်အားခြင့် အသက်မရှင်သူသာဖြစ်ပါ၏၊ ထို့ကြောင့်အသက်ရှုလျှက် အသက်မရှင်သူများမဖြစ်ကြစေရန်
အရှင်မြတ်က မေ့လျှော့ခြင်းကို အားမထုတ်ဘို့ ရခဲသောလူ့ဘ၀ ကြုံခဲသော သာသာနာနှင့်ကြုံတွေ့ရခိုက်“သဒ္ဓါ ပညာ”ညီစွာထားလျှက် ကုသိုလ်ပါရမီများ ကြိုးစားဖြည့်ကြဖို့တိုက်တွန်းထားခြင်းဖြစ်၏၊ ကုသိုလ်ရှိမှသာ အမြင့်ဆုံးပန်းတိုင် အမြတ်ဆုံးချမ်းသာဖြစ်သော
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်မည်ဖြစ်ပါ၏၊

ထိုငါ၏ သာသနာ့ဘောင်သို့ ရောက်လာခြင်းသည် ကောင်းသော
ရောက်လာခြင်းပေတည်း၊ငါ၏ ရဟန်းပြုအံ့ဟု ပြောဆိုခြင်းသည်
မကောင်းသောပြောဆိုခြင်း မဟုတ်၊ကောင်းစွာဝေဘန်ဟောကြားသော
တရားတို့တွင်အမြတ်ဆုံးနိဗ္ဗာန်သို့ရောက်ပြီ။ဝိဇ္ဇာသုံးပါးတို့သို့အစဉ်
အားဖြင့်ရောက်ခဲ့ပြီ၊ မြတ်စွာဘုရား၏ အဆုံးအမတော်ကိုပြုအပ်ပေပြီ။
ယခင်လူ့ဘ၀နှင့်ယခုရဟန်းသမဏဘ၀ကိုအရှင်မြတ်နှိုင်းယှဉ်ကြည့်မှိ၏၊
ပကတိအမြင်အားဖြင့်သူသည်လူ့ဘ၀ကလူများစွာကိုအနိုင်ယူနိုင်သော
ကြောင့်မုဆိုးဟုထင်ရသော်လည်းစင်စစ်အားဖြင့်မာရ်နတ်၏သားကောင်
ဖြစ်ခဲ့ရ၏၊ယခုတော့မာရ်နတ်၏“ဘ၀သံသရာ”ကြော့ကွင်းမှ
လွတ်ကင်းခဲ့ပေပြီကြော့ကွင်းမဲ့ နှောင်ကြိုးမဲ့နယ်မြေဖြစ်သော
နိဗ္ဗာန်နယ်ပယ်သို့အရှင်မြတ်ခြေချနိုင်ခဲ့ပြီ၊


ဘေးမရှိတော့ ရန်မရှိတော့ မည်သည့်အန္တရယ်မှလည်း မရှိတော့ပေ၊
ယခု အရှင်မြတ်သည်“ပုဗ္ဗေနိဝါသနုဿတိဥာဏ်- ဒိဗ္ဗစက္ခုဥာဏ်- အာသ၀က္ခယဥာဏ်”ဟူသော ၀ိဇ္ဇာသုံးပါးကို ပိုင်ဆိုင်သူ ဖြစ်နေပေပြီ၊ ယင်းသုံးပါးကိုအကျဉ်းချုပ်အားဖြင့်“ပု- ဒိ- အာ”ဟုလည်း သုံးနှုံးကြပါ၏၊
ထို့ပြင် မြတ်စွာဘုရားရှင်၏အဆုံးအမသည်အမြင့်ဆုံးအားဖြင့်
“နိဗ္ဗာန်”ဖြစ်၏အရှင်မြတ်သည်မဂ်လေးပါးဖိုလ်လေးပါးနိဗ္ဗာန်အားဖြင့် လောကုတ္တရာတရားကိုးပါးလုံးပြည်စုံနေပြီဖြစ်သောကြောင့်
“မြတ်စွာဘုရား၏အဆုံးအမတော်ကိုပြုအပ်ပေပြီ”ဟုနောက်ဆုံး
အနေနှင့်ရင်တွင်းဖြစ်ဥဒါန်းစကား မိန့်ကြားတော်မူခဲ့ပါ၏၊
အရှင်အင်္ဂုလိမာလသည်ဘုရားရှင်၏တရားဓမ္မကို
နာကြားခွင့်ရလိုက်သောကြောင့်“ကြမ်းတမ်းသောဘ၀မှသည်
အကြင်နာတရားနှင့်ပြည့်စုံသောဘ၀.....သို့”
တက်လှမ်းကာနိဗ္ဗာန်မျက်မှောက်ပြုသွားပေပြီတကား၊


မိမိရဲ့ဘ၀ကို ပျက်စေ
လောကရဲ့အလှကို ဖျက်ချေ
ကြမ်းတမ်းမှုဆိုတဲ့ အမျက်တွေ …
ဒို့တတွေ ဖယ်ရှားကြပါစို့


ဒုက္ခမိုးစွေ
သောကအခိုးဝေနေ သူတွေရဲ့
နားခိုရာ အဖြစ်
အကြင်နာဆိုတဲ့“အိမ်သစ်”လေး
ဒို့ တည်ဆောက်ပေးကြစို့။


ကြင်နာမှုကို အခြေပြု
လောကရဲ့ကောင်းကျိုးတွေပြုရင်း
အချင်းချင်း လက်ချင်းယှက်
နိဗ္ဗာန်အထိ ခရီးဆက်ကြစို့။


အားပေးသူ အားလုံးကို
လေးစားလျှက် - ကောင်းသစ်
21-12- 2010

No comments: