“ကံ”အကျိုးပေးတတ်သောအကြောင်းတရားဖြစ်၏၊ယင်းကံသည်
“ကုသိုလ်ကံ-အကုသိုလ်ကံ”ဟူ၍ နှစ်မျိုးရှိနေပြန်၏။အပြစ်ကင်း၍ ကောင်းကျိုးပေးသောကံကို ကုသိုလ်ကံဟုသတ်မှတ်၍၊ အပြစ်ရှိ၍ မကောင်းကျိုးပေးသောကံကို အကုသိုလ်ကံဟုသတ်မှတ်ထား၏။
ပုထုဇဉ်မှန်သမျှသည် သံသရာကို အလျားလိုက်
ကူးခပ်နေကြသူများဖြစ်၍သံသရာထဲမှမလွတ်ပဲ
တ၀ဲလယ်လယ်ကျင်လည်နေခဲ့သည်မှာ နှစ်. ဘ၀ကမ္ဘာများပင် ရေတွက်၍မရနိုင်တော့။အရိယာမှန်သမျှသည်လည်း ပုထုဇဉ်ဘ၀မှ
ဖြတ်သန်းလာကြသူများသာ ဖြစ်ပေ၏၊ ထို့ကြောင့် အတိတ်က အကုသိုလ်ကံမကင်းခဲ့ကြချေ၊ အကုသိုလ်ကံဟူသည်မှာလည်း မျက်နှာကြီးငယ် ဘက်မလိုက်၊ ပုထုဇဉ်အရိယာ ဘက်မလိုက်၊
ပြုခဲ့သူမှန်သမျှ ပြန်ခံရမည်သာဖြစ်၏၊
ထို့ကြောင့် အရှင်အင်္ဂုလိမာလသည် ဤဘ၀မှာပင်ပြုခဲ့သည်
“သူ့သက်သတ်မှု”မကောင်းမှုအကုသိုလ်ကံ၏ဆိုးကျိုးကို“ပြန်ခံ”
နေရခြင်းဖြစ်ပါ၏။ကုသိုလ်ဖြစ်ဖြစ် အကုသိုလ်ဖြစ်ဖြစ်
“ကံ”ကို ပြုရာ၌ စေတနာဇောသုံးချက်၏ အကျိုးပေးမှု- ၃-မျိုးကို သဘောပေါက်ထားသင့်၏။ ကံပြုတိုင်းပင် စေတနာဇော-၇ -ကြိမ်ဖြစ်၏။ပထမဇောစေတနာသည်“ဒိဋ္ဌဓမ္မဝေဒနိယကံ”မည်၏။
ယင်းကံသည် နောက်ဘ၀ထိမစောင့်၊ ဤဘ၀မှာပင်အကျိုးပေး၏၊၊
သတ္တမဇောစေတနာသည်“ဥပပဇ္ဇဝေဒနိယကံ”မည်၏၊ အခြားမဲ့ဖြစ်သောဒုတိယဘ၀၌ အကျိုးပေး၏၊အလယ်ဖြစ်သော စေတနာဇောငါးချက်သည်“အပရာပရိယဝေဒနိယကံ”မည်၏။
ယင်းကံသည်ကား တတိယဘ၀မှစ၍နိဗ္ဗာန်တိုင်အောင် အကျိုးပေး၏၊
အရှင်အင်္ဂုလိမာလမထေရ်မြတ်သည် ၊ အရဟတ္တမဂ်ဖြင့် တဏှာကို
အကြွင်းမဲ့ပယ်သတ်ပြီးဖြစ်၏။ ထို့ကြောင့် တဏှာကုန်ပြီးဖြစ်၏၊
တဏှာကုန်လျှင် ကံလည်း ကုန်သွားလေတော့၏၊ ကံကုန်သွားသောကြောင့် နောက်ဘ၀မရှိတော့၊
ခီဏာ ဇာတိ- ပဋိသန္ဓေနေရမှု(ဘ၀ဖြစ်မှု)ကုန်ပြီဟု မိန့်ကြားခဲ့ပြီးမဟုတ်ပါလား။နောက်ဘ၀ဖြစ်ခွင့်မရှိတော့သည်မို့ ဒုတိယနှင့်တတိယမှ နိဗ္ဗာန်တိုင်အောင် အကျိုးပေးခွင့်ရှိသော
“ဥပပဇ္ဇဝေဒနိယကံနှင့် အပရာပရိယဝေဒနိယကံ”တို့သည်လည်း အကျိုးပေးခွင့်မသာတော့၊ သို့သော်ဒိဋ္ဌဓမ္မဝေဒနိယကံသည် ဤ၀ဘမှာ အကျိုးပေးခွင့်သာသေး၏၊ယင်းကိုအရဟတ္တမဂ်လည်းမပါယ်သတ်နိုင်ချေ
ထို့ကြောင့် အရှင်မြတ်အင်္ဂုလိမာလမထေရ်သည် ဒိဋ္ဌဓမ္မဝေဒနိယကံ၏ အကျိုးပေးမှုကြောင့် ယခုကဲ့သို့ဒုက္ခခံနေရခြင်းဖြစ်ပေ၏၊သို့သော် အရှင်မြတ်သည် လောကဓံကြောင့် တုန်လှုပ်ခြင်းမရှိသော
“ရဟန္တာ”အဆင့်ရောက်နေပေပြီ၊ ကိုယ်နာသော်လည်း စိတ်မနာတော့ချေ၊ ကိုယ်ပမ်းသော်လည်း စိတ်မနွမ်းတော့ပေ၊ အရဟတ္တဖိုလ်ချမ်းသာဖြင့် ယင်းဒုက္ခတို့ကိုကျော်လွှားနိုင်ပေပြီ။
ထို့နောက်တော့ အရှင်မြတ်သည် မိမိ၏ဖြစ်နေမှုနှင့် လောကအားဖြစ်စေလိုမှုကိုအခြေခံသော ဥဒါန်းစကားများ ကျူးရင့်တော်မူတော်မူခဲ့၏။(ဥဒါန်းဆိုသည်မှာ အမှန်အားဖြင့် ရင်တွင်းမှဖြစ်ပေါ်လာသောရင်တွင်းဖြစ်စကားများသာဖြစ်ပါ၏)
ယင်းဥဒါန်းစကားများမှာ အောက်ပါအတိုင်းဖြစ်ပါ၏။
ရှေးအခါကသာလျှင်မေ့လျှော့၍ နောက်အခါ၌မမေ့မလျော့သူသည် တိမ်တိုက်မှလွတ်သော“စန္ဒာလမင်း”ကဲ့သို့ ဤသတ္တလောကကို
တောက်ပထွန်းလင်းစေ၏၊ ပြုပြီးသောမကောင်းမှုကို ကုသိုလ်တရားဖြင့် ပိတ်ပင်တားဆီးသူသည် တိမ်တိုက်မှလွတ်သော“စန္ဒာလမင်း”
ကဲ့သို့ ဤသတ္တလောကကို တောက်ပ ထွန်းလင်းစေ၏၊
(အကုသိုလ်ဒုစရိုက်လွန်ကျူးနေသူ၊ ကုသိုလ်ကောင်းမှု မပြုသူကို
မေ့လျော့သူဟုဆိုရ၏၊၊ ဆီး နှင်း မြူတိမ် သူရိန် မီးခိုး ညစ်မျိုးငါးဝမှကင်းသော လစန္ဒာသည် ပကတိလောကကို ထွန်းလင်းတောက်ပစေသကဲ့သို့ကိလေသာတိမ်တိုက်မှ
လွတ်မြောက်သောရဟန္တာအရှင်မြတ်သည်လည်း ခန္ဓာအာယတန
ဓါတ်ဟူသောလောကကို ထွန်းလင်းတောက်ပစေ၏)
ငါ၏ ရန်သူတို့သည် တရားနှင့်စပ်သောစကားကို ကြားနာနိုင်ကြပါစေ
ကုန်သတည်း၊ငါ၏ရန်သူတို့သည် မြတ်စွာဘုရားသာသနာတော်၌
(အမြတ်တရား)အားထုတ်နိုင်ကြပါစေကုန်သတည်း။
ငါ၏ရန်သူဖြစ်ကုန်သောသူတို့သည်သူတစ်ပါးအားတရားကို
ဆောက်တည်စေကြသည့်သူတော်ကောင်းတို့ထံ
သို့ချဉ်းကပ်နိုင်ကြပါစေကုန်သတည်း၊(မိမိသည် ဆရာပေါင်းမှား၍ အကြောင်းမလှဖြစ်ခဲ့ရ၏၊ မိမိကဲ့သို့ အခြားသူများမဖြစ်စေလို၊ထို့ကြောင့်
ဆရာပီသသော သတ္ထာဒေ၀မနုဿာနဂုဏ်ရှင် ရှင်တော်မြတ်ဘုရားထံ
ချဉ်းကပ်၍ သူကဲ့သို့ တရားရစေလိုမှု ဆန္ဒမွန်ပြုခြင်း ဖြစ်၏၊နဖူးပွန်းနှင့် ဒူးပွန်းခံကာ ကိုးကွယ်ပါလည်း ဆရာလွဲက ငရဲပါယ်ရွာ ကျမည်သာတည်း၊ သတိပြုနိုင်ကြပါစေ)
ငါ၏ ရန်သူတို့သည်သည်းခံခြင်းကိုဆိုလေ့ရှိကုန်သောမဆန့်ကျင်မှု
မေတ္တာကို ချီးကျူးလေ့ရှိကုန်သောသူတို့၏တရားကိုနာကြားနိုင်ကြပါစေ
ကုန်သတည်း၊ထိုတရားကိုလည်း အစဉ်လိုက်နာကျင့်ကြံနိုင်ကြပါစေ
ကုန်သတည်း။(ခန္တီတရားနှင့်မေတ္တာတရား လက်ကိုင်ထားနိုင်ဖို့ ဆုတောင်းထားခြင်းဖြစ်၏၊ခန္တီဟူသည် မိမိပေါ်ပြုမှား ပြောမှားများကို
“သိခံခြင်း”ဖြစ်၍၊မေတ္တာသည် လောကအတွက် အကျိုးပြုခြင်း အကျိုးဆောင်ခြင်းဖြစ်၏ခန္တီနှင့်မေတ္တာတရား လက်ကိုင်ထားသူသည် ဘယ်သွားသွား ဘယ်ရောက်ရောက်ဘေးရန်မရှိ၊ ထို့အပြင် မိမိအကျိုး သူတစ်ပါးအကျိုး သည်ပိုးဆောင်ရွက်ရာ၌လည်းအောင်မြင်နိုင်၏)
ငါ၏ ရန်သူတို့သည် စင်စစ် ငါ့ကိုမညှဉ်းဆဲပါစေသတည်း။ ငါမှတစ်ပါးအခြားသူကိုလည်း မညှဉ်းဆဲပါစေသတည်း၊ မွန်မြတ်သောနိဗ္ဗာန်သို့ရောက်၍ အမြဲတပ်မက်သော“တဏှာ”ကို
စောင့်ရှောက်နိုင်ပါစေသတည်း။အရှင်မြတ်သည်လောကဓံရှစ်ပါးကြောင့်
“တုန်လှုပ်ခြင်းကင်းသော”ရဟန္တာအရှင်မြတ်တစ်ပါးဖြစ်သွားပြီမို့ ကောင်းသောအာရုံကို“မက်ခြင်း”မကောင်းသောအာရုံကို
“မျက်ခြင်း”မရှိတော့၊အရာရာကို“ခံနိုင်ရည်”ရှိသွားပေပြီ။
သို့သော် ဟိုတစ်ချိန် လူသားဘ၀ဖြစ်စဉ်က ဆရာမှား အတွေးမှား၍ ပညာရေးအတွက်ဟုအကြောင်းပြမှားကို လူများစွာကို- မြေခစေခဲ့ဘူး၏- သူတို့၏ ကျန်ရစ်သော မိဘ ညီအကို မောင်နှမ ဆွေမျိုးများက အရှင်မြတ်ကိုရန်သူအဖြစ် သတ်မှတ်သူများ ရှိကောင်းရှိနေနိုင်သေး၏၊
(အရှင်မြတ်အနေဖြင့် မည်သူကိုမျှ ရန်သူဟုမသတ်မှတ်တော့)
ထိုသူတို့က အရှင်မြတ်ကိုပြစ်မှားလျှင် ကံကြီးထိုက်၍ ငရဲသို့ဆိုက်ရောက်နိုင်၏၊ ထို့ကြောင့် ပြစ်မှားမိသူများကို သနားသောအားဖြင့် ရန်သူတို့သည်ငါ့ကို စင်စစ်မညှင်းဆဲပါစေသတည်း
ဟု တောင့်တမှုပြုခြင်းဖြစ်၏။ထို့ပြင် မိမိကိုသာမက တစ်ပါးသူများကို ပြစ်မှားပြန်လျှင်လည်း မကောင်းမှုများမကောင်းကျိုးများ ဖြစ်ပွါးနိုင်စရာရှိနေပြန်၏၊ ထို့ကြောင့် မိမိမှတစ်ပါး အခြားသူများကိုလည်း မညှဉ်းဆဲစေရန် ဆန္ဒမွန်ပြုခြင်းဖြစ်ပေ၏၊ဒုက္ခမှန်သမျှ ဘ၀ရှိနေ၍ဖြစ်၏၊
ဘ၀မရှိလျှင် ဒုက္ခလည်းမရှိတော့၊ ဒုက္ခမခံရအောင် ဘ၀မရှိမှဖြစ်မည်၊ ဘ၀ ဘာကြောင့်ဖြစ်သနည်း၊ တပ်မက်မှု တဏှာကြောင့်ဖြစ်၏၊ တဏှာကို“အရဟတ္တမဂ်”ဖြင့်ပယ်သတ်နိုင်၏။ ပယ်သတ်ရမည်၊ တဏှာမရှိလျှင် ဘ၀မဖြစ်တော့၊ ဘ၀မဖြစ်လျှင် ဒုက္ခမရှိတော့၊ ဒုက္ခမရှိလျှင်“ငြိမ်းချမ်းမှု- ငြိမ်းအေးမှု”သန္တိသုခကိုခံစားနိုင်ပေပြီ။
ယင်းကိုပင်နိဗ္ဗာန်မျက်မှောက်ပြုသည်ဟု ဆိုခြင်းဖြစ်ပါ၏။
(ဆက်ရန်)
ကောင်းသစ်
No comments:
Post a Comment